Omicron အပေါ်စိုးရမ်ပူပန်မှုများနှင့် ယူကရိန်းပြဿနာတို့ကြောင့် ခရစ္စမတ်ကာလဈေးကွက်မပိတ်မီ
ကမ္ဘာ့ရွှေ ဈေးနှုန်းမှာမြင့်တက်လာခဲ့

ကမ္ဘာတစ်ဝန်း၌ ကိုဗစ်-၁၉ မျိုးကွဲသစ် Omicron ပျံ့နှံ့မှုမှာ ယခုအခါနိုင်ငံပေါင်း (၁၀၀)ကျော် အထိရှိလာခဲ့ပြီး ကမ္ဘာတစ်ဝန်း ခရစ္စမတ် အားလပ်ရက်အကြို လေကြောင်းခရီး သွားလာမှုများအနက် ခရီးစဉ် စုစုပေါင်း(၂,၁၁၈)ခုမှာ အပြီးတိုင် ဖျက်သိမ်းခဲ့ရကာ ခရီးစဉ်(၅,၇၀၀)မှာ အချိန် ရွှေ့ဆိုင်းခဲ့ရကြောင်း၊ ဥရောပတိုက်တွင် အင်္ဂလန်နိုင်ငံ၌ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်သူ အရေအတွက်မှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်မှစတင်၍ တစ်နေ့လျှင် လူနာအသစ်ဦးရေ (၁၀၀,၀၀၀)ကျော်အထိ ရှိလာခဲ့ပြီး Omicron ကူးစက်ခံထားရသူ အများအပြားကို တွေ့ရှိနေကြောင်း၊ အခြားဥရောပနိုင်ငံများ၌လည်း Omicron ကြောင့် နေ့စဉ်ရောဂါကူးစက်မှုနှုန်းမှာ မြင့်တက်လျက်ရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုတွင်လည်း ယခုရက်သတ္တပတ်အတွင်းမှစ၍ နေ့စဉ်လူနာအသစ်ဦးရေ (၃၀,၀၀၀) ဝန်းကျင်ရှိသည့်အနက် (၇၃%) မှာ Omicron ကူးစက်ခံထားရသူများဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်း Omicron ပျံ့နှံ့မှုများကြောင့် နိုင်ငံ များတွင် ရောဂါကန့်သတ်ထိန်းချုပ်မှုများ တိုးမြှင့်ပြုလုပ်လာဖွယ်ရှိပြီး ကမ္ဘာ့စီးပွားရေး ပြန်လည် ထူထောင်မှုအပေါ် ထိခိုက်လာနိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည့် အတွက် ခရစ္စမတ် ကာလ ဈေးကွက် မပိတ်မီ ကာလအတွင်း ရွှေကိုဝယ်ယူ စုဆောင်းမှု များပြားလာကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် ယူကရိန်းနိုင်ငံ ပြဿနာကိုအကြောင်းပြု၍ ရုရှားနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံများအကြား စစ်ရေး တင်းမာမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ကမ္ဘာ့စီးပွား‌ရေး အပေါ် စိုးရိမ်ပူပန်နေသည့် ရင်းနှီးမြှုပ်နှံသူများ၏ ခရစ္စမတ်ကာလ ဈေးကွက် မပိတ်မီအချိန် အတွင်း ရွှေကိုဝယ်ယူစုဆောင်းမှု များပြားလာခြင်းသည်လည်း ကမ္ဘာ့ရွှေဈေးနှုန်းကို မြင့်တက်စေသည့် အခြား အချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ(၀.၁%) မြင့်တက်ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၈၁၁.၂၉)ဖြင့် ဈေးပိတ်ခဲ့ကြောင်း၊ ကမ္ဘာ့ရွှေဈေးကွက် လေ့လာသူများ၏ ခန့်မှန်းချက်အရ ယူကရိန်းပြဿနာနှင့် Omicron ပြဿနာတို့သည် လာမည့် ရက်ပိုင်းအတွင်း၌  ကမ္ဘာ့ရွှေဈေးနှုန်းကို တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁,၈၁၅)နှင့် (၁,၈၂၆)အကြား၌ ဆက်လက် ဖြစ်ပေါ်စေရန် တွန်းအားပေးနိုင်သည်ဟု သိရှိရကြောင်း www.cnbc.com အင်တာနက် website  တွင် ဖော်ပြပါရှိပါသည်။