ကမ္ဘာတစ်ဝန်း Omicron ကူးစက်မှုဆက်လက်မြင့်တက်နေသည့်သတင်းကြောင့် ကမ္ဘာ့ရွှေဈေးနှုန်း မှာတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁,၈၂၀)အထက်သို့ရောက်ရှိခဲ့မှု

ကမ္ဘာတစ်ဝန်း Omicron ကူးစက်မှုဆက်လက်မြင့်တက်နေသည့်သတင်းကြောင့် ကမ္ဘာ့ရွှေဈေးနှုန်း မှာတစ်အောင်စလျှင်
အမေရိကန်ဒေါ်လာ(၁,၈၂၀)အထက်သို့ရောက်ရှိခဲ့မှု

ကမ္ဘာတစ်ဝန်း၌  ကိုဗစ်-၁၉ ကူးစက်ရောဂါမျိုးကွဲသစ် Omicron ပျံ့နှံ့မှုကြောင့် ကိုဗစ်-၁၉ ကူးစက်ခံရသူ အရေအတွက်မှာ မြင့်တက်လျက်ရှိကြောင်း၊ ရိုက်တာသတင်းဌာန၏ စာရင်းအချက် အလက်များအရ ခရစ္စမတ်နှင့်နှစ်သစ်ကူးပွဲတော်အားလပ်ရက်များဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်မှဒီဇင်ဘာလ(၃၁)ရက်အထိကာလအတွင်းကမ္ဘာတစ်ဝန်း၌နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ခံရသူ လူနာသစ် အရေအတွက်မှာ ပျှမ်းမျှအားဖြင့် လူဦးရေ(၁)သန်းခန့် ပုံမှန်ဖြစ်ပေါ်နေသည်ဟု သိရှိ ရကြောင်း၊ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ဥရောပတိုက်တို့တွင် Omicron ပျံ့နှံ့မှုမှာ များပြားလျက်ရှိပြီး အမေရိကန်သမ္မတ၏ ထိပ်တန်းကျန်းမာရေးအကြံပေးပုဂ္ဂိုလ် အန်တိုနီယိုဖာစီက အမေရိကန်ပြည်ထောင်စုတွင် Omicron ပျံ့နှံ့မှုမှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်း၌ အမြင့်ဆုံး အနေအထားသို့ ရောက်ရှိလာလိမ့်မည်ဟု ယခုရက်ပိုင်းအတွင်း သတိပေးခဲ့ကြောင်း၊ ခရစ္စမတ်နှင့် နှစ်သစ် ကူးပွဲတော်အကြိုကာလဖြစ်သည့် ဒီဇင်ဘာလ(၁၅)ရက်မှ ဒီဇင်ဘာလ(၂၉)ရက်အထိ ကာလ အတွင်း၌ အမေရိကန်ပြည်ထောင်စုတွင် နေ့စဉ်ကိုဗစ်-၁၉ ကူးစက်ခံရသူလူနာသစ်ဦးရေမှာ(၅,၀၀၀) ဝန်းကျင်ခန့်ရှိခဲ့သော်လည်း ခရစ္စမတ်ပွဲတော်အပြီး ဒီဇင်ဘာလ(၃၀)ရက်နေ့၌မူ တစ်ရက်အတွင်း လူနာသစ်ဦးရေမှာ(၄၈၆,၀၀၀)ဦးအထိရောက်ရှိသွားခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စုရှိပြည်နယ် စုစုပေါင်း(၅၀)ခုတွင် ဖလော်ရီဒါ၊ဂျော်ဂျီယာ၊ဟာဝိုင်အီ၊နယူးယောက်၊ဝါရှင်တန်ဒီစီ၊မက်ဆာချူးဆက်၊ ပင်ဆယ်ဗေးနီးယားအပါအဝင်ပြည်နယ်(၁၅)ခုတို့၌ ကိုဗစ်-၁၉ပျံ့နှံ့မှုမြင့်တက်လျက်ရှိပြီးအမေရိကန် ပြည်ထောင်စုတွင် ဒီဇင်ဘာလ (၂၄)ရက်မှ ဒီဇင်ဘာလ(၃၁)ရက်အထိကာလအတွင်း ခရီးသည်တင် လေကြောင်းခရီးစဉ်(၁၃,၇၀၀)ကျော်ဖျက်သိမ်းခဲ့ရကြောင်း၊အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူများအနက် ၇၃% မှာ Omicron ကူးစက်ခံထားရသူများ ဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်ဗဟိုဘဏ်သည်ငွေကြေးဖောင်းပွမှုပြဿနာကိုဖြေရှင်းနိုင်ရန်အတွက် ၂၀၂၂ ခုနှစ် အတွင်း၌ ဘဏ်တိုးနှုန်းကို(၃)ကြိမ်တိုးမြှင့်ရန်စီစဉ်ထားသော်လည်း ယခုအခါ ကိုဗစ်-၁၉ ကူးစက် ရောဂါပြန်လည်ပျံ့နှံ့လာမှုကြောင့်ဘဏ်တိုးနှုန်းတိုးမြှင့်မည့်အစီအစဉ်ကိုရွှေ့ဆိုင်းရမည့်အနေအထား ဖြစ်ပေါ်နေကြောင်း၊ ထို့ကြောင့် အမေရိကန်ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်း တိုးမြှင့်ခြင်းအပါအဝင် ငွေကြေးမူဝါဒတင်းကျပ်မည့် အစီအစဉ်များ ရွှေ့ဆိုင်းဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များကြောင့် ဈေးကွက်အတွင်း ရွှေကိုဝယ်ယူစုဆောင်းမှုများပြားလာကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ မြင့်တက်လာ ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၀.၄% မြင့်တက်ပြီး တစ်အောင် စလျှင် အမေရိကန်ဒေါ်လာ(၁၈၂၉.၁၁)ဖြင့်ဈေးပိတ်ခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် နိုဝင်ဘာလ (၂၂)ရက်နေ့နောက်ပိုင်းတစ်လကျော်ကာလအတွင်းအမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။