အထွေထွေ

၁၆။ စုံစမ်းစစ်ဆေးခြင်းခံရသူသည် စုံစမ်းစစ်ဆေးခြင်းခံရသည့်ပစ္စည်းကို မည်သို့ရရှိကြောင်း၊ မည်သည့်ဝင်ငွေဖြင့်ရရှိကြောင်းကို ခိုင်လုံသော အထောက်အထားများဖြင့် တင်ပြဖြေရှင်းရန်တာဝန် ရှိသည်။
၁၇။ စုံစမ်းစစ်ဆေးခြင်းခံရသူအားအဖွဲ့က စုံစမ်းစစ်ဆေးနေသည့်ကာလအတွင်းဝင်ငွေခွန်ဥပဒေအရ ဖြစ်စေ၊ အမြတ်ခွန်ဥပဒေအရဖြစ်စေ၊ အကောက်ခွန်ဆိုင်ရာဥပဒေအရဖြစ်စေ၊ အခြားဥပဒေ တစ်ရပ်ရပ် အရဖြစ်စေ၊ ယင်းပစ္စည်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဌာနများက အရေးယူဆောင်ရွက်နေခြင်းကို ဆိုင်းငံ့ထားရမည်။ ဝန်ကြီး အဖွဲ့က အပြီးအပြတ်အမိန့်ချမှတ်ပြီးသည့်အခါ သက်ဆိုင်ရာ ဌာနများသည် လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်။
၁၈။ ပစ္စည်းရယူရန်အသုံးပြုခဲ့သည့်ငွေကို ဝင်ငွေခွန်ဥပဒေအရဖြစ်စေ၊ အမြတ်ခွန်ဥပဒေအရ ဖြစ်စေ၊ ဝင်ငွေရလမ်း မဖော်ပြနိုင်သည့်ဝင်ငွေအဖြစ် စည်းကြပ်ပြီးဖြစ်ပါက ထိုပစ္စည်းသည် ဤဥပဒေနှင့် အကျုံးဝင်ခြင်း မရှိစေရ။ သို့ရာတွင် ထိုသို့စည်းကြပ်ရာ၌ လျော့နည်းစည်းကြပ်ထား ကြောင်း အဖွဲ့က စုံစမ်းစစ်ဆေးတွေ့ရှိလျှင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက် ရမည်။
၁၉။ ဤဥပဒေအရဆောင်ရွက်သောကိစ္စတစ်ရပ်ရပ်အတွက် မည်သူ့ကိုမျှတရားမကြောင်းအရ ဖြစ် စေ၊ ပြစ်မှုကြောင်းအရဖြစ်စေ တရားစွဲဆိုခြင်းမပြုရ။
၂၀။ ဤဥပဒေပါပြဌာန်းချက်များကိုဆောင်ရွက်နိုင်ရန် ဝန်ကြီးအဖွဲ့သည် လိုအပ်သော လုပ်ထုံး လုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တို့ကို ထုတ်ပြန်နိုင်သည်။