အမေရိကန် အောက်လွှတ်တော်၌ သမ္မတဒေါ်နယ်ထရမ့်အပေါ် ပြစ်တင်ရှုံ့ချသည့် အဆိုအား မဲခွဲအတည်ပြုပြီးနောက်တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ မြင့်တက်လာခဲ့
အမေရိကန်အောက်လွှတ်တော်၌ သမ္မတဒေါ်နယ်ထရမ့်အပေါ် စွဲချက် (၂) ခုဖြင့် ပြစ်တင်ရှုံ့ချသော အဆို မဲခွဲခြင်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက် (ဗုဒ္ဓဟူးနေ့) တွင်ပြုလုပ်ခဲ့ကြောင်း၊ ပထမစွဲချက်မှာ သမ္မတဒေါ်နယ်ထရမ့်အနေဖြင့် နိုင်ငံရေးပြိုင်ဘက် ဂျိုးဘိုင်ဒင်အပေါ်စုံစမ်းစစ်ဆေးရန် ယူကရိန်းနိုင်ငံသို့ တောင်းဆိုပြီး စုံစမ်းစစ်ဆေးမှုများ မပြုလုပ်ပါက အမေရိကန်အစိုးရကပေးအပ်မည့် အကူအညီများကို ရပ်ဆိုင်းမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းသည် သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုသည်ဟူသော စွဲချက်ဖြစ်ပြီး ဒုတိယစွဲချက်မှာမူ ယူကရိန်းကိစ္စနှင့်ပတ်သက်သည့် လွှတ်တော်၏ စုံစမ်းစစ်ဆေးမှုများကို သမ္မတဒေါ်နယ်ထရမ့်က နှောင့်ယှက်ခဲ့သည်ဟူသော စွဲချက်ဖြစ်ကြောင်း၊ မဲခွဲသည့်နေ့၌ လွှတ်တော်အစည်းအဝေးသို့ တက်ရောက်သူစုစုပေါင်း (၄၂၇) ဦးရှိသည့်အနက် ပထမစွဲချက်နှင့် ပတ်သက်၍ အောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ (၂၃၀) မဲ၊ ကန့်ကွက်မဲ (၁၉၇) မဲရရှိခဲ့ပြီး ဒုတိယစွဲချက်အား မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ (၂၂၉) မဲ၊ကန့်ကွက်မဲ (၁၉၈) မဲတို့အသီးသီးရရှိခဲ့သည့်အတွက် အောက်လွှတ်တော်အနေဖြင့် သမ္မတဒေါ်နယ်ထရမ့်အပေါ် ပြစ်တင်ရှုံ့ချသည့်အဆိုကို အတည်ပြုနိုင်ခဲ့ကြောင်း သိရှိရပါသည်။
သမ္မတဒေါ်နယ်ထရမ့်သည် အောက်လွှတ်တော်၌ ၎င်းအပေါ် ပြစ်တင်ရှုံ့ချကြောင်း အဆိုအားမဲခွဲဆုံးဖြတ်နေချိန်တွင် မီချီဂန်ပြည်နယ်သို့ရောက်ရှိလာခဲ့ရာ ဒေါ်နယ်ထရမ့်အား ထောက်ခံသည့် လူ(၁၀,၀၀၀) ဦးခန့်က သမ္မတဘက်မှ ရပ်တည်ကြောင်းပြသသည့် ထောက်ခံဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြောင်း၊ သမ္မတအိမ်ဖြူတော်၏ သတင်းထုတ်ပြန်ချက်၌လည်း ဒီမိုကရက်ပါတီလွှတ်တော်အမတ်များ၏ အဆိုတင်သွင်းမှုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ညီညွတ်မှုမရှိကြောင်း၊ အထက်လွှတ်တော်အနေဖြင့် အောက်လွှတ်တော်၏ လွဲမှားသောဆုံးဖြတ်ချက်များကိုပြန်လည်တည့်မတ်ပေးနိုင်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်သည့်အခါ ရီပတ်ဗလစ်ကန်ပါတီ အမတ်များအားလုံးသည် ဒေါ်နယ်ထရမ့်ဘက်မှ ရပ်တည်ခဲ့ကြကြောင်း၊ ထို့ကြောင့် လာမည့်ဇန်နဝါရီလအတွင်းရီပတ်ဗလစ်ကန်ပါတီ အမတ်အများစုလွှမ်းမိုးထားသော အထက်လွှတ်တော်၌ သမ္မတအပေါ် ပြစ်တင်ရှုံ့ချသည့်အဆိုအား မဲခွဲဆုံးဖြတ်သည့်အချိန်တွင် မူရီပတ်ဗလစ်ကန်ပါတီအထက်လွှတ်တော်အမတ်များသည် သမ္မတဒေါ်နယ်ထရမ့်ဘက်ကသာ ရပ်တည်ကြလိမ့်မည်ဟု ယူဆရကြောင်း သိရှိရပါသည်။
အမေရိကန်အောက်လွှတ်တော်၌ သမ္မတဒေါ်နယ်ထရမ့်အပေါ် ပြစ်တင်ရှုံ့ချကြောင်း အဆိုအတည်ပြုခဲ့ပြီးနောက်တွင် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေးအခြေအနေအပေါ် စိုးရိမ်ပူပန်မှုများကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေဝယ်ယူစုဆောင်းမှုများပြားလာသည့်အတွက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ မြင့်တက်လာခဲ့ကြောင်း၊ ကမ္ဘာပေါ်၌ ရွှေအရောင်းအဝယ်အများဆုံးပြုလုပ်နေသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သော SPDR Gold Trust သည် အမေရိကန်အောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်သည့် ဒီဇင်ဘာလ (၁၈) ရက် တစ်နေ့တာကာလအတွင်း၌ပင် ပြင်ပဈေးကွက်အတွင်းမှ ရွှေအများအပြားကိုဝယ်ယူခဲ့ပြီး အရန်ရွှေပမာဏကို ၀.၃% တိုးမြင့်ကာ စုစုပေါင်းရွှေတန်ချိန် (၈၈၃.၂၉) တန်သိုလှောင်ထားကြောင်း၊၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၁၉) ရက် (ကြာသပတေးနေ့) တွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေလက်ငင်းရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၁% မြင့်တက်ပြီးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၄၇၇.၁၅) သို့ရောက်ရှိခဲ့ကြောင်းwww.cnbc.com အင်တာနက်website တွင်ဖော်ပြပါရှိပါသည်။
မှတ်ချက်။ အမေရိကန်အောက်လွှတ်တော်တွင် စုစုပေါင်းအမတ်နေရာ (၄၃၅) နေရာရှိသည့်အနက် ဒီမိုကရက်ပါတီက (၂၃၃) နေရာ၊ ရီပတ်ဗလစ်ကန်ပါတီက (၁၉၇) နေရာ၊တစ်သီးပုဂ္ဂလတစ်နေရာနှင့် လစ်လပ်နေသော အမတ်နေရာ (၄) နေရာတို့အသီးသီးပါဝင်ပြီး အမေရိကန်အထက်လွှတ်တော်တွင် စုစုပေါင်း အမတ်နေရာ (၁၀၀) ရှိသည့်အနက် ဒီမိုကရက်ပါတီက (၄၅) နေရာ၊ ရီပတ်ဗလစ်ကန်ပါတီက (၅၃) နေရာနှင့် တစ်သီးပုဂ္ဂလ (၂) နေရာတို့ပါဝင်ကြောင်း၊ အထက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲသုံးပုံနှစ်ပုံရရှိရန် လိုအပ်ကြောင်း ဟုသိရှိရပါသည်။