ထိုင်းနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကျင်းပရန်သတ်မှတ်ရက်ကြန့်ကြာလျက်ရှိသောကြောင့် ထိုင်းဘုရင် သည် ရွေးကောက်ပွဲကော်မရှင်အား(၅)ရက်တာကာလအတွင်း ရွေးကောက်ပွဲကျင်းပ ရက်သတ်မှတ်ပေးရန် အမိန့်ထုတ်ပြန်ခဲ့မှု

ထိုင်းနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကျင်းပရန်သတ်မှတ်ရက်ကြန့်ကြာလျက်ရှိသောကြောင့် ထိုင်းဘုရင် သည် ရွေးကောက်ပွဲကော်မရှင်အား(၅)ရက်တာကာလအတွင်း ရွေးကောက်ပွဲကျင်းပ ရက်သတ်မှတ်ပေးရန် အမိန့်ထုတ်ပြန်ခဲ့မှု

ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစ၍ ထိုင်းတပ်မတော်မှအာဏာသိမ်းယူခဲ့ပြီးနောက် ထိုင်း နိုင်ငံ၏ ပထမဆုံးအကြိမ် အထွေထွေရွေးကောက်ပွဲကျင်းပရန်ကာလသတ်မှတ်ရေးနှင့်ပတ်သက်၍ နှောင့်နှေးကြန့်ကြာ လျက်ရှိပြီး နိုင်ငံအတွင်းဆန္ဒပြမှုများဖြစ်ပေါ်လျက်ရှိသောကြောင့် ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့်(၅) ရက်တာကာလအတွင်း ရွေးကောက်ပွဲကျင်းပမည့် ရက်အတိအကျအားသတ်မှတ်ပေးရန် ထိုင်း ဘုရင်မဟာဗာဂျီရာလောင်ကွန်က လက်မှတ်ရေးထိုးကာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက်(ဗုဒ္ဓဟူးနေ့)တွင် တော်ဝင်အမိန့်ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့သည်ဟု သိရှိရပါသည်။

ယခုကျင်းပမည့်ထိုင်းနိုင်ငံ၏အထွေထွေရွေးကောက်ပွဲသည် ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် (၅)နှစ် နီးပါးခန့်မှစ၍ ယင်လပ်ခ်ရှင်နာဝပ်အစိုးရအားဖြုတ်ချကာ ထိုင်းတပ်မတော်မှ အာဏာသိမ်းယူခဲ့ပြီးနောက် ပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြန်ပြောင်းရေးဆွဲကာ အစိုးရအဖွဲ့အတွင်း တပ်မတော်မှ အရေးပါသောအရာရှိကြီးများ အားခန့်အပ်ခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကြီးပင်ဖြစ်ကြောင်း၊ ထိုင်းတပ်မတော်အစိုးရအနေဖြင့် အထွေထွေရွေးကောက်ပွဲအား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထက်နောက် မကျစေဘဲကျင်းပပေးမည်ဟု ပြောကြားလျက်ရှိသော်လည်း မသေချာမရေရာမှုများဖြစ်ပေါ်ကာ အချိန်ကာလ ကြန့်ကြာမှုများဖြစ်ပေါ်နေခြင်းကြောင့် ယခုကဲ့သို့ထိုင်းဘုရင်အနေဖြင့် လက်မှတ်ရေးထိုးကာအမိန့်ထုတ်ပြန် ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ထိုင်းဘုရင်၏တော်ဝင်အမိန့်ထုတ်ပြန်ကြေညာခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ အတွင်းရှိ အချို့သောတပ်မတော်သားများပါဝင်သည့် နိုင်ငံရေးပါတီအခင်းအကျင်းအသစ်များအပါအဝင် အင်အား ကြီး ရှင်နာဝပ်မျိုးဆက်ပါတီတို့အနေဖြင့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုများကို တရားဝင်စတင် ပြုလုပ်လာနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါရွေးကောက်ပွဲအတွင်း ဝန်ကြီးချုပ်ပရာရွတ်ချန်အိုချာ အနေဖြင့် တပ်မတော်ကိုယ်စားပြုပါတီတစ်ရပ်ဖြင့် ဝင်ရောက်ရွေးကောက်ခံမည်ဖြစ်ကာ ရွေးကောက်ပွဲပြီးပါက အရပ်သား အစိုးရခေါင်းဆောင်အဖြစ် ဆက်လက်လုပ်ဆောင်သွားဖွယ်ရှိကြောင်း၊ ထိုင်းတပ်မတော်သားများနှင့် အစိုးရ အဖွဲ့ဝင်အများစုပါဝင်သည့် ဖယ်လန်းပရာချာရက်ပါတီအနေဖြင့် ယင်လပ်ခ်နှင့်သက်ဆင်တို့ အစဉ်အဆက် အခြေစိုက်ရာ သြဇာသက်ရောက်သည့်ဒေသများတွင် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ကိုဦးစားပေးလုပ် ဆောင်သွားဖွယ်ရှိသည်ဟု နိုင်ငံရေးလေ့လာသူ များကသုံးသပ်လျက်ရှိကြောင်း၊ ယခုအခါ ယင်လတ်ခ်နှင့် သက်ဆင်တို့နှစ်ဦးသည် ပြည်ပနိုင်ငံများတွင် နေထိုင်ရလျက်ရှိသောကြောင့် ၎င်းတို့မောင်နှမ(၂)ဦး၏ သြဇာ အာဏာသက်ရောက်ရာ ထိုင်းနိုင်ငံမြောက်ပိုင်းနှင့်အရှေ့မြောက်ပိုင်းကျေးလက်ဒေသများတွင် ရှင်နာဝပ် မိသားစု၏ အဓိကပါတီကြီးဖြစ်သော ပွေထိုင်းပါတီအနေဖြင့်  ၎င်းတို့မောင်နှမ(၂)ဦးမပါဝင်ဘဲ မဲဆွယ်စည်း ရုံးရန် အခက်အခဲများနှင့်ရင်ဆိုင်​တွေ့နိုင်ပြီး ထောက်ခံမဲရရှိနိုင်ခြေအလွန်နည်းပါးလျက်ရှိသည်ဟု သိရှိရ ပါသည်။

ထိုင်းနိုင်ငံဥပဒေအရ ရွေးကောက်ပွဲကျင်းပရန်ကာလသတ်မှတ်နိုင်ရေးအတွက် အခွင့်အာဏာသည် ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ထံ၌သာရှိသောကြောင့် လာမည့်(၅)ရက်တာကာလအတွင်း ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ရက်ထုတ်ပြန်နိုင်ရေးအတွက် ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင် ဥက္ကဌအနေဖြင့် လိုအပ်သည်များ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ထိုင်းဘုရင်၏အမိန့်ပေးချက်အား ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက ဖြည့်စွက်လက်မှတ်ရေးထိုးကာ  ဇန်နဝါရီလ(၂၃)ရက်(ဗုဒ္ဓဟူးနေ့)တွင်ပင်တော်ဝင် အမိန့်ပြန်တမ်းအဖြစ် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကျင်းပ ရန် သတ်မှတ်ရက်မသေချာမရေရာမှုများကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယခုလအတွင်းဆန္ဒပြပွဲ များဖြစ်ပေါ်လျက်ရှိပြီး ဆန္ဒပြသူများအားအကြမ်းဖက်ဖြိုခွင်းမှုများ အဆောတလျင်ပြုလုပ်လိမ့်မည်မဟုတ် ဟုနိုင်ငံရေးလေ့လာသူများကသုံးသပ်ထားကြကြောင်း၊ ထိုင်းနိုင်ငံ၏အထွေထွေရွေးကောက်ပွဲအား ထိုင်း ဘုရင်မဟာဗာဂျီရာလောင်ကွန်၏ ရာဇဘိသိတ်ခံပွဲမတိုင်မီလာမည့် ၂၀၁၉ ခုနှစ်၊ မေလ အစောပိုင်းကာလ တွင်ကျင်းပဖွယ်ရှိသည်ဟု သိရှိရပါသည်။

ရည်ညွှန်း www.channelnewsasia.com

မလေးရှားနိုင်ငံ၏ပြည်ပသို့စားအုန်းဆီတင်ပို့မှု မြင့်တက်လာမှုနှင့်ပဲပိစပ်ဆီဈေးနှုန်းများမြင့်တက်လာမှု တို့ကြောင့် မလေးရှားစားအုန်းဆီဈေးနှုန်းမှာ (၄)လတာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့မှု

မလေးရှားနိုင်ငံ၏ပြည်ပသို့စားအုန်းဆီတင်ပို့မှု မြင့်တက်လာမှုနှင့်ပဲပိစပ်ဆီဈေးနှုန်းများမြင့်တက်လာမှု တို့ကြောင့် မလေးရှားစားအုန်းဆီဈေးနှုန်းမှာ (၄)လတာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့မှု

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်မှ (၂၀)ရက်အထိကာလအတွင်း မလေးရှားနိုင်ငံ၏ ပြည်ပသို့ စားအုန်းဆီတင်ပို့မှု ပမာဏမှာတန်ချိန်(၉၁၂,၀၆၁) တန်ရှိခဲ့ရာ လွန်ခဲ့သည့် ဒီဇင်ဘာလ အလားတူကာလအတွင်း ဖြစ်ပေါ်ခဲ့သည့်တန်ချိန်ပမာဏ (၈၀၈,၀၆၁) တန်နှင့် နှိုင်းယှဉ်ပါက ၁၂.၉% မြင့်တက်ခဲ့သည်ဟု ဗြိတိန်နိုင်ငံ၊ လန်ဒန်အခြေစိုက် Intertek Testing Services ကုမ္ပဏီက ယခုရက်ပိုင်းအတွင်း ကောက်ယူထုတ်ပြန်သည့် စစ်တမ်းအရဖော်ပြခဲ့ရာ ပြည်ပသို့တင်ပို့မှု မြင့်တက်လာသောကြောင့် မလေးရှားစားအုန်းဆီအား ပြည်ပနိုင်ငံ များ၏ဝယ်လိုအား ဆက်လက်မြင့်တက်လာဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များနှင့်အတူ မလေးရှားစား အုန်းဆီဈေးနှုန်းမှာ ၂% နီးပါး မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် ကမ္ဘာပေါ်၌စားအုန်းဆီအများဆုံးထုတ်လုပ်လျက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီထုတ် လုပ်မှုပမာဏမှာ တန်ချိန်(၁.၂)သန်း မှ တန်ချိန်(၂)သန်းခန့်အထိ လျော့ကျသွားဖွယ်ရှိခြင်း၊ စိုက်ပျိုးရေး သဘောသဘာဝအရလက်ရှိအချိန်အခါတွင် စားအုန်းဆီထုတ်လုပ်မှုကျဆင်းလေ့ရှိခြင်း နှင့်စားသောက်ကုန် လုပ်ငန်းနှင့် စွမ်းအင်လုပ်ငန်းများ၏ သုံးစွဲမှုမြင့်တက်လာဖွယ်ရှိခြင်းတို့ကြောင့် အင်ဒိုနီးရှားစားအုန်းဆီ ဈေးနှုန်းမှာ ယခု ၂၀၁၉ ခုနှစ်အတွင်း၌ တစ်တန်လျှင်အမေရိကန်ဒေါ်လာ (၆၀၀)ခန့်အထိသို့ မြင့်တက် လာနိုင်သည်ဟု ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့၌ လွန်ခဲ့သော ရက်ပိုင်းအတွင်းပြုလုပ်ခဲ့သည့် ပါကစ္စတန် စားသုံးဆီညီလာခံ၌ ဂျာမနီအခြေစိုက်ဆီနှင့် ဆီထွက်သီးနှံဈေးကွက် လေ့လာဆန်းစစ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Oil World ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် သွန်မ်မက်စ်မီလ်ကီက ပြောကြားချက်များ ထွက်ပေါ်ခဲ့ခြင်းသည်လည်း မလေးရှား စားအုန်းဆီဈေးနှုန်းကို မြင့်တက်စေခဲ့ကြောင်း၊ အလားတူ အမေရိကန် – တရုတ် ကုန်သွယ်ရေးဆွေးနွေးမှုများမှ ရလဒ်ကောင်းများထွက်ပေါ်လာဖွယ်ရှိခြင်းနှင့်အတူ တရုတ်နိုင်ငံ၏ အမေရိကန် ပဲပိစပ်ဝယ်ယူမှုမှာ ပိုမိုများပြားလာဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်လျက်ရှိပြီး အမေရိကန်ချီကာဂိုဈေးကွက်နှင့် တရုတ်ဒါလျန်းဈေးကွက်တို့၌ ပဲပိစပ်ဆီကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၅% နှင့် ၀.၈% စီအသီးသီးမြင့်တက်ခဲ့ခြင်းသည်လည်း မလေးရှားစားအုန်းဆီဈေးနှုန်းကို မြင့်တက်စေသည့် အခြားသောအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် မလေးရှားစားအုန်းဆီ ဈေးကွက်၌ ဧပြီလအတွက် စားအုန်းဆီကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၁.၉% မြင့်တက်ခဲ့ပြီး တစ်တန်လျှင် မလေးရှားငွေ ၂၂၆၉ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၄၉.၃၉ ဒေါ်လာ) ၌ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလနောက်ပိုင်း(၄)လတာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း သိရှိရပါသည်။

ရည်ညွှန်း www.thestar.com.my