မလေးရှားနိုင်ငံ၏ပြည်ပသို့စားအုန်းဆီတင်ပို့မှု မြင့်တက်လာမှုနှင့်ပဲပိစပ်ဆီဈေးနှုန်းများမြင့်တက်လာမှု တို့ကြောင့် မလေးရှားစားအုန်းဆီဈေးနှုန်းမှာ (၄)လတာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့မှု

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်မှ (၂၀)ရက်အထိကာလအတွင်း မလေးရှားနိုင်ငံ၏ ပြည်ပသို့ စားအုန်းဆီတင်ပို့မှု ပမာဏမှာတန်ချိန်(၉၁၂,၀၆၁) တန်ရှိခဲ့ရာ လွန်ခဲ့သည့် ဒီဇင်ဘာလ အလားတူကာလအတွင်း ဖြစ်ပေါ်ခဲ့သည့်တန်ချိန်ပမာဏ (၈၀၈,၀၆၁) တန်နှင့် နှိုင်းယှဉ်ပါက ၁၂.၉% မြင့်တက်ခဲ့သည်ဟု ဗြိတိန်နိုင်ငံ၊ လန်ဒန်အခြေစိုက် Intertek Testing Services ကုမ္ပဏီက ယခုရက်ပိုင်းအတွင်း ကောက်ယူထုတ်ပြန်သည့် စစ်တမ်းအရဖော်ပြခဲ့ရာ ပြည်ပသို့တင်ပို့မှု မြင့်တက်လာသောကြောင့် မလေးရှားစားအုန်းဆီအား ပြည်ပနိုင်ငံ များ၏ဝယ်လိုအား ဆက်လက်မြင့်တက်လာဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များနှင့်အတူ မလေးရှားစား အုန်းဆီဈေးနှုန်းမှာ ၂% နီးပါး မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် ကမ္ဘာပေါ်၌စားအုန်းဆီအများဆုံးထုတ်လုပ်လျက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီထုတ် လုပ်မှုပမာဏမှာ တန်ချိန်(၁.၂)သန်း မှ တန်ချိန်(၂)သန်းခန့်အထိ လျော့ကျသွားဖွယ်ရှိခြင်း၊ စိုက်ပျိုးရေး သဘောသဘာဝအရလက်ရှိအချိန်အခါတွင် စားအုန်းဆီထုတ်လုပ်မှုကျဆင်းလေ့ရှိခြင်း နှင့်စားသောက်ကုန် လုပ်ငန်းနှင့် စွမ်းအင်လုပ်ငန်းများ၏ သုံးစွဲမှုမြင့်တက်လာဖွယ်ရှိခြင်းတို့ကြောင့် အင်ဒိုနီးရှားစားအုန်းဆီ ဈေးနှုန်းမှာ ယခု ၂၀၁၉ ခုနှစ်အတွင်း၌ တစ်တန်လျှင်အမေရိကန်ဒေါ်လာ (၆၀၀)ခန့်အထိသို့ မြင့်တက် လာနိုင်သည်ဟု ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့၌ လွန်ခဲ့သော ရက်ပိုင်းအတွင်းပြုလုပ်ခဲ့သည့် ပါကစ္စတန် စားသုံးဆီညီလာခံ၌ ဂျာမနီအခြေစိုက်ဆီနှင့် ဆီထွက်သီးနှံဈေးကွက် လေ့လာဆန်းစစ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Oil World ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် သွန်မ်မက်စ်မီလ်ကီက ပြောကြားချက်များ ထွက်ပေါ်ခဲ့ခြင်းသည်လည်း မလေးရှား စားအုန်းဆီဈေးနှုန်းကို မြင့်တက်စေခဲ့ကြောင်း၊ အလားတူ အမေရိကန် – တရုတ် ကုန်သွယ်ရေးဆွေးနွေးမှုများမှ ရလဒ်ကောင်းများထွက်ပေါ်လာဖွယ်ရှိခြင်းနှင့်အတူ တရုတ်နိုင်ငံ၏ အမေရိကန် ပဲပိစပ်ဝယ်ယူမှုမှာ ပိုမိုများပြားလာဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်လျက်ရှိပြီး အမေရိကန်ချီကာဂိုဈေးကွက်နှင့် တရုတ်ဒါလျန်းဈေးကွက်တို့၌ ပဲပိစပ်ဆီကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၅% နှင့် ၀.၈% စီအသီးသီးမြင့်တက်ခဲ့ခြင်းသည်လည်း မလေးရှားစားအုန်းဆီဈေးနှုန်းကို မြင့်တက်စေသည့် အခြားသောအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၃)ရက် (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် မလေးရှားစားအုန်းဆီ ဈေးကွက်၌ ဧပြီလအတွက် စားအုန်းဆီကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၁.၉% မြင့်တက်ခဲ့ပြီး တစ်တန်လျှင် မလေးရှားငွေ ၂၂၆၉ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၅၄၉.၃၉ ဒေါ်လာ) ၌ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလနောက်ပိုင်း(၄)လတာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း သိရှိရပါသည်။

ရည်ညွှန်း www.thestar.com.my