လာမည့်ရက်ပိုင်းအတွင်းကျင်းပတော့မည့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေးမတိုင်မီတွင် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ (၇) လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်(အင်္ဂါနေ့)နှင့် (၃၀)ရက်(ဗုဒ္ဓဟူးနေ့)တို့တွင် အမေရိကန် ဗဟိုဘဏ်အစည်းအဝေး ကျင်းပမည်ဖြစ်ပြီး ယင်းကာလမတိုင်မီတွင် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းကာကမ္ဘာ့ ရွှေဈေးနှုန်းမှာ(၇)လတာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်ဗဟိုဘဏ်အနေဖြင့် ဘဏ်တိုးနှုန်းတိုးမြှင့်ရန် ကြိုတင်သတ်မှတ်ထားခြင်းမျိုး မရှိသကဲ့သို့ ဗဟိုဘဏ်ကော်မတီဝင်များအနေဖြင့် ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းအား အလျင်စလိုပြုလုပ်လိုခြင်း မရှိဘဲ အမေရိကန်ပြည်ထောင်စုနှင့် ကမ္ဘာ့စီးပွားရေးအခြေအနေအပေါ် စောင့်ကြည့်ဆန်းစစ်သွားမည် ဖြစ်ပြီး လိုအပ်ပါကဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းကိုရပ်တန့်ထားမည်ဟု ယခုဇန်နဝါရီလ လဆန်းပိုင်းတွင် အမေရိကန်ဗဟိုဘဏ်ကကြေညာခဲ့ခြင်း၊ အမေရိကန်ပြည်ထောင်စု၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံ့စီးပွားဆန်းစစ်ရေးဌာန (Bureau of Economic Analysis-BEA) သည် စံချိန်တင်ဖြစ်ပေါ်ခဲ့သော government shutdown အတွင်း လုပ်ငန်းရပ်နားထားခဲ့ရသောကြောင့် စီးပွားရေးအခြေအနေဖြစ်ပေါ်မှုများကို ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိသည်ဖြစ်ရာ အမေရိကန်ဗဟိုဘဏ် အတွက် လိုအပ်သောစီးပွားရေးဆိုင်ရာစာရင်းအချက်အလက်များကို မသိရှိရသည့်အတွက် နိုင်ငံ၏ စီးပွားရေးအခြေအနေကို ကောင်းစွာတွက်ချက်ခန့်မှန်းနိုင်ခြင်း မရှိသည့်အပြင် ဘဏ်တိုးနှုန်းတိုးမြှင့် ခြင်းဆိုင်ရာမူဝါဒချမှတ်မှုများကို ခက်ခဲရှုပ်ထွေးစေသည်ဟု အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌဂျရွန် မီပေါင်ဝယ်လ် ကပြောကြားခဲ့ခြင်းစသည့်အချက်များကို ထောက်ဆ၍ မကြာမီရက်ပိုင်းအတွင်း ကျင်းပပြုလုပ်မည့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေးတွင်လည်း ဘဏ်တိုးနှုန်းအား တိုးမြှင့်ခြင်း မပြုဘဲရပ်ဆိုင်းထားဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်လျက်ရှိကြောင်း၊ အမေရိကန် ဗဟိုဘဏ်က ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းကို ရပ်ဆိုင်းထားဖွယ်ရှိခြင်းကြောင့် အမေရိကန်ဒေါ်လာ တန်ဖိုးမှာ မြင့်တက်လာဖွယ်မရှိဟူသော ခန့်မှန်းချက်များနှင့်အတူ ရင်းနှီးမြှုပ်နှံသူများသည် ရွှေကိုပိုမို ဝယ်ယူစုဆောင်းကြသောကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထို့ပြင် နှစ်တစ်နှစ်၏ အောက်တိုဘာလမှ ဒီဇင်ဘာလအထိကာလနှင့် ဇန်နဝါရီလလယ်ပိုင်းမှ မတ်လ ကုန်အထိကာလများသည် အိန္ဒိယနိုင်ငံ၏လက်ထပ်ထိမ်းမြားရာသီကာလများဖြစ်သောကြောင့် အိန္ဒိယရွှေထည်လုပ်ငန်းရှင်များသည် ယင်းကာလအတွင်းဖြစ်ပေါ်လာမည့် ဝယ်လိုအားကို ပြည့်မီအောင် ရောင်းချနိုင်ရန်အတွက် ရွှေဝယ်ယူမှုများပြုလုပ်လာကြခြင်းသည်လည်း ကမ္ဘာ့ရွှေဈေးနှုန်းကို မြင့်တက် စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း  သိရှိရပါသည်။

၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ(၂၆)ရက်(စနေနေ့)တွင် နယူးယောက်ဈေးကွက်၌ ဖေဖော်ဝါရီလ အတွက်ရွှေ တစ်အောင်စ၏ ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ (၁၈.၃၀) ဒေါ်လာ (၁.၄၃%)မြင့်တက်ခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁၂၉၈.၁၀) ဖြင့် ဈေးပိတ် သွားခဲ့ကြောင်း၊ ရွှေလက်ငင်းရောင်းဝယ်မှု ဈေးနှုန်းမှာလည်း တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၀၀.၃၀) ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ ဈေးနှုန်းသည် ၂၀၁၈ခုနှစ်၊ ဇွန်လနောက်ပိုင်း (၇) လတာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း၊ အမေရိ ကန်ဒေါ်လာတန်ဖိုးမှာမူ ၀.၈၄% ကျဆင်းခဲ့ကြောင်းကို reuters သတင်းဌာနက ထုတ်လွှင့်ခဲ့ကြောင်းသိရှိ ရပါသည်။