အမေရိကန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့၏ နိုင်ငံရေးတင်းမာမှုများကိုအကြောင်းပြု၍ ကမ္ဘာ့ရေနံဈေးနှုန်းများ ၁% ခန့်မြင့်တက်ခဲ့မှု

ဗင်နီဇွဲလားသမ္မတနီကိုလပ်စ်မာဒူရို၏ အတိုက်အခံခေါင်းဆောင် ဂျူအန်ကွိုက်ဒိုအား ဗင်နီဇွဲလားနိုင်ငံ၏ ကြားဖြတ်သမ္မတအဖြစ်အသိအမှတ်ပြုကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် အစိုးရက လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အမေရိကန်နှင့်ဗင်နီဇွဲလား နိုင်ငံတို့အကြား နိုင်ငံရေးတင်းမာ မှုများဖြစ်ပေါ်လာခြင်းကိုအကြောင်းပြု၍ ကမ္ဘာ့ရေနံဈေးနှုန်းများ ၁% ခန့်မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

သမ္မတဒေါ်နယ်ထရန့်အစိုးရက ဂျူအန်ကွိုက်ဒိုအား ဗင်နီဇွဲလားနိုင်ငံ၏ကြားဖြတ်သမ္မတအဖြစ် တရားဝင်အသိအမှတ်ပြုကြောင်းကြေညာခဲ့ပြီးနောက် ဗင်နီဇွဲလားသမ္မတမာဒူရိုကလည်း အမေရိကန် ပြည်ထောင်စုနှင့် သံတမန်ဆက်ဆံရေးဖြတ်တောက်ပစ်မည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ အမေရိကန်သံတမန် များသည်လည်း(၇၂) နာရီအတွင်း နိုင်ငံအတွင်းမှထွက်ခွာသွားရန်နှင့် အမေရိကန်နိုင်ငံရှိ ဗင်နီဇွဲလားသံရုံးအားပိတ်သိမ်းကာ သံတမန်ဝန်ထမ်းများအနေဖြင့် ဗင်နီဇွဲလားနိုင်ငံသို့ပြန်လည် လာရောက်ရမည်ဟုကြေညာခဲ့ကြောင်း၊ အလားတူဗင်နီဇွဲလားနိုင်ငံရှိ အမေရိကန်သံတမန် ဝန်ထမ်းများအနေဖြင့် ဗင်နီဇွဲလားနိုင်ငံမှထွက်ခွာလာကြရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်မှုများပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် ဗင်နီဇွဲလားနိုင်ငံ၏ ရေနံ၊ ရွှေနှင့်အခြားသောကဏ္ဍများအပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်သွားရန် အသင့်အနေအထားရှိ သည်ဟု အမေရိကန်အစိုးရအဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း၊ အမေရိကန်အစိုးရသည် အီရန်ရေနံများအပေါ်တွင်လည်း အရေးယူပိတ်ဆို့မှုများ ချမှတ်ထားပြီးဖြစ်သကဲ့သို့ ယခုအခါ ဗင်နီဇွဲလားနိုင်ငံ၏ ရေနံကဏ္ဍအပေါ်အရေးယူပိတ်ဆို့မှုများ ထပ်မံပြုလုပ်သွားမည်ဆိုပါက ဈေးကွက်အတွင်းရေနံလိုအပ်ချက်များ ဖြစ်ပေါ်လာနိုင်သည်ဟူသော ခန့်မှန်းချက်များထွက်ပေါ်လာခြင်းနှင့်အတူ ကမ္ဘာ့ရေနံဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် အိုပက်အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ဝင်မဟုတ်သောနိုင်ငံများအနေဖြင့် ဈေးကွက်အတွင်း ရောင်းလိုအားနှင့်ဝယ်လိုအားပမာဏကို ထိန်းညှိနိုင်ရန် အလေးထားလုပ်ဆောင်သွားမည်ဖြစ်ရာ ဈေးကွက်အတွင်း ရေနံပိုလျှံမှုများ ကြာရှည်ဖြစ်ပေါ်နေပါက တစ်နေ့လျှင်ရေနံစည်ပေါင်း (၁.၂) သန်း လျှော့ချထုတ်လုပ်မည်ဟူ၍ လက်ရှိသဘောတူထားသည့်ပမာထက်ပို၍ လျှော့ချထုတ်လုပ်သွားမည့် အစီအစဉ်ကို လုပ်ဆောင်သွားမည်ဟု အိုပက်အဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် မိုဟာမက်ဘာကင်ဒိုက ရိုက်တာသတင်းဌာနသို့ ယခုရက်ပိုင်းအတွင်း ပြောကြားခဲ့ခြင်းသည်လည်း ရေနံဈေးနှုန်းများကို မြင့်တက်စေသည့်အခြားသောအချက်တစ်ခုဖြစ်ကြောင်းသိရှိ ရပါသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်(စနေနေ့) တွင် နယူးယောက်ဈေးကွက်၌ မတ်လအတွင်း WTI ရေနံစိမ်းတစစည်၏ ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၁.၀၅% မြင့်တက်ကာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၃.၆၉)ဒေါ်လာဖြင့်လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၉%မြင့်တက်ခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၁.၆၄)ဒေါ်လာ   ဖြင့်လည်းကောင်း အသီးသီးဈေးပိတ်သွားခဲ့ကြောင်း သိရှိရပါသည်။

မှတ်ချက်။   ။ ဗင်နီဇွဲလားနိုင်ငံ၏ နေ့စဉ်ရေနံထုတ်လုပ်မှုပမာဏမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နေ့လျှင် စည်ပေါင်း (၁.၅၁၁) သန်းခန့်ရှိခဲ့ကြောင်း၊ အမေရိကန်အစိုးရက ဗင်နီဇွဲလားရေနံများအပေါ် အရေးယူပိတ်ဆို့မှုများပြုလုပ်သွားမည်ဆိုပါက ယခု ၂၀၁၉ ခုနှစ်အတွင်း ဗင်နီဇွဲလားနိုင်ငံ နေ့စဉ်ရေနံထုတ်လုပ်မှုပမာဏမှာ တစ်နေ့လျှင် စည်ပေါင်း (၃) သိန်းမှ (၅) သိန်းဝန်းကျင်ခန့်ကျဆင်း သွားနိုင်သည်ဟု ဈေးကွက်လေ့လာသူများက ခန့်မှန်းထားကြကြောင်းကို reuters သတင်းဌာနက ထုတ်လွှင့်ခဲ့ကြောင်းသိရှိရပါသည်။