အိုပက်အဖွဲ့၏ ရေနံထုတ်လုပ်လျော့နည်းကျဆင်းခဲ့သည်ဟူသောအစီရင်ခံစာထွက်ပေါ်ပြီးနောက် ကမ္ဘာ့ဈေးကွက်အတွင်းရေနံဈေးနှုန်းများမှာ ၁%ကျော် ပြန်လည်မြင့်တက်လာခဲ့မှု
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂) ရက်(အင်္ဂါနေ့) တွင် အိုပက်အဖွဲ့ကထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း အိုပက်အဖွဲ့သည် နေ့စဉ်ရေနံထုတ်လုပ်မှုလျှော့ချရေး သဘောတူညီချက်အတိုင်းအဖွဲ့၏နေ့စဉ်ရေနံထုတ်လုပ်မှုပမာဏကို စည်ပေါင်း(၈) သိန်းနီးပါး လျှော့ချကာတစ်နေ့လျှင် စည်ပေါင်း (၃၀.၈၁) သန်းခန့်သာထုတ်လုပ်ခဲ့ကြောင်း၊ အိုပက်အဖွဲ့၏ ရေနံထုတ်လုပ်မှုလျှော့ချခြင်းနှင့်အတူ လွန်ခဲ့သည့်ဇန်နဝါရီလအတွင်း ကမ္ဘာတစ်ဝန်းရေနံကုန်သွယ်မှုပမာဏမှာလည်းတစ်နေ့လျှင် စည်ပေါင်း(၁.၀၃) သန်းလျော့ကျခဲ့သည်ဟုဖော်ပြထားကြောင်း၊ အိုပက်အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ဝင်မဟုတ်သောနိုင်ငံများအကြားရယူခဲ့ကြသည့် နေ့စဉ်ရေနံထုတ်လုပ်မှုလျှော့ချရေးသဘောတူညီချက်အတိုင်း အိုပက်အဖွဲ့၏ နေ့စဉ်ရေနံထုတ်လုပ်မှုလျော့ကျခဲ့ပြီးကမ္ဘာတစ်ဝန်းရေနံကုန်သွယ်မှုပမာဏမှာလည်းလျော့ကျလျက်ရှိခြင်းနှင့်အတူဈေးကွက်အတွင်းရေနံလိုအပ်ချက်များဖြစ်ပေါ်လာနိုင်သည်ဟူသောခန့်မှန်းချက်များထွက်ပေါ်လာပြီးကမ္ဘာ့ဈေးကွက်အတွင်းရေနံဈေးနှုန်းများ ၁% ကျော် ပြန်လည်မြင့်တက်လာခဲ့ကြောင်း၊ ထို့ပြင် အမေရိကန်အစိုးရသည် အီရန်နိုင်ငံ၏ ရေနံကဏ္ဍအပေါ် အရေးယူပိတ်ဆို့မှုများချမှတ်ခဲ့ပြီးနောက် အီရန်ရေနံများဝယ်ယူတင်သွင်းနေသည့်အချို့သောနိုင်ငံများအားရက်ပေါင်း (၁၈၀) ယာယီကင်းလွတ်ခွင့်ပေးထားရာလာမည့်မေလလဆန်းပိုင်းတွင် အဆိုပါယာယီကင်းလွတ်ခွင့်ရက်သတ်မှတ်ချက် ပြည့်မြောက်ပြီးပါကမည်သည့်နိုင်ငံကိုမျှ ထပ်မံကင်းလွတ်ခွင့်ပေးတော့မည်မဟုတ်ဟု အီရန်နိုင်ငံဆိုင်ရာအမေရိကန်အထူးကိုယ်စားလှယ် ဘရိုင်ယန်ဟူ့ခ်က လွန်ခဲ့သည့်ရက်ပိုင်းအတွင်းပြောကြားခဲ့ခြင်းနှင့် ဗင်နီဇွဲလားနိုင်ငံပိုင်ရေနံလုပ်ငန်းအား အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုများချမှတ်ထားခြင်းတို့သည်လည်း ရေနံဈေးနှုန်းများကို မြင့်တက်စေသည့်အခြားသောအချက်များဖြစ်ကြောင်း၊၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်(ဗုဒ္ဓဟူးနေ့) တွင် နယူးယောက်ဈေးကွက်၌ မတ်လအတွက် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၁.၁%မြင့်တက်ခဲ့ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၅၃.၇၀)သို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာလည်း ၁.၁% မြင့်တက်ခဲ့ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၃.၁၁) သို့ရောက်ရှိခဲ့ကြောင်းreutersသတင်းဌာနမှ ဖော်ပြပါရှိပါသည်။