အိန္ဒိယနှင့် ပါကစ္စတန် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ပဋိပက္ခများဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် အိန္ဒိယစတော့ရှယ်ယာတန်ဖိုးနှင့် ရူပီးငွေတန်ဖိုးများကျဆင်းခဲ့မှု

 

အိန္ဒိယနှင့် ပါကစ္စတန် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ပဋိပက္ခများဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် အိန္ဒိယစတော့ရှယ်ယာတန်ဖိုးနှင့် ရူပီးငွေတန်ဖိုးများကျဆင်းခဲ့မှု

အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငံအကြား ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ပဋိပက္ခများ ဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် အိန္ဒိယစတော့ရှယ်ယာတန်ဖိုးနှင့် ရူပီးငွေတန်ဖိုး များမှာ ကျဆင်းခဲ့သည်ဟု သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ အကြီးဆုံးရဲတပ်ရင်းဖြစ်သည့် Central Reserve Police Force (CRPF)မှ မော်တော်ယာဉ်(၇၈)စီးဖြင့် အင်အား(၂,၅၀၀)ခန့်လိုက်ပါလာသော အမှတ်(၇၆)ရဲတပ်ရင်းယာဉ်တန်းသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် အိန္ဒိယအစိုးရမှထိန်းချုပ်ထားသော ကတ်ရှ်မီးယားဒေသ၊ ဂျမူးမြို့ရှိ ကြားစခန်းတစ်ခုမှ သရီနာဂါမြို့သို့သွားရောက်ရာ ပူလ်ဝါမာအရပ်၌ အသေခံကားဗုံးခွဲ တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်(၄၁)ဦးသေဆုံးခဲ့ကြောင်း၊ ကနဦးစုံစမ်းစစ်ဆေးမှုများအရ အသေခံ ဗုံးခွဲတိုက်ခိုက်သူမှာ အဒေးလ်အာမက်ဒါဆိုသူဖြစ်ပြီး ၎င်းသည် အိန္ဒိယမှ ကတ်ရှ်မီးယားခွဲထွက်ရေး အကြမ်းဖက်အဖွဲ့ဖြစ်သော ဂျိုက်ရှ်အီမိုဟာမက်(jaish-e-Mohammed)အဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်းနှင့်၎င်းအဖွဲ့သည် ပါကစ္စတန်အခြေစိုက်ခွဲထွက်ရေးအကြမ်းဖက်အဖွဲ့အစည်းတစ်ခု ဖြစ်သည်ဟုသိရှိရကြောင်း၊ ရဲတပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့ရခြင်းကို လက်တုံ့ပြန်သည့်အနေဖြင့် အိန္ဒိယအစိုးရသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်(အင်္ဂါနေ့) နံနက်အစောပိုင်းတွင် ပါကစ္စတန် လေပိုင်နက်သို့ဝင်ရောက်ကာ jaish-e-Mohammed အဖွဲ့၏အကြမ်းဖက်လေ့ကျင့်ရေးစခန်းများအား လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း၊ အဆိုပါလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ပါကစ္စတန်နိုင်ငံအနေဖြင့်လည်း လက်တုံ့ပြန်မှုများပြုလုပ်သွားမည်ဟူ၍ သတင်းများထွက်ပေါ်လာခဲ့ရာ နျူကလီးယားလက်နက်ပိုင်ဆိုင်သော အိန္ဒိနှင့်ပါကစ္စတန်နှစ်နိုင်ငံ ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ပဋိပက္ခများဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများကြောင့် ရူပီးငွေတန်ဖိုးနှင့် အိန္ဒိယစတော့ရှယ်ယာ တန်ဖိုးများမှာ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်(အင်္ဂါနေ့)တွင် အိန္ဒိယနိုင်ငံ၏ BSE Sensex စတော့ ရှယ်ယာတန်ဖိုးများမှာ ၁.၅%ကျဆင်းခဲ့ပြီး ရူပီးငွေတန်ဖိုးမှာလည်း ၀.၅%ကျဆင်းကာ အမေရိကန် တစ်ဒေါ်လာလျှင် ရူပီးငွေ(၇၁.၀၇)ရူပီးလဲလှယ်မှုနှုန်းထား၌ဖြစ်ပေါ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ(၂၇)ရက် (ဗုဒ္ဓဟူးနေ့)တွင် အိန္ဒိယရူပီးငွေတန်ဖိုးမှာ(၀.၄၀)ရူပီးထပ်မံကျဆင်းပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၇၁.၄၇)ရူပီးလဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့သည်ဟုသိရှိရကြောင်းဖြင့် www.bloomberg.com ဖော်ပြပါရှိပါသည်။

မှတ်ချက်။      ။နောက်ဆက်တွဲရရှိသောသတင်းများအရ အိန္ဒိယနှင့်ပါကစ္စတန်နိုင်ငံတို့သည် ကက်ရှ်မီးယား ဒေသတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပေါ်နေပြီး ကတ်ရှ်မီးယား ဒေသရှိ နှစ်နိုင်ငံအချို့သောလေဆိပ်များကို ပိတ်ထားခဲ့သည်ဟုသိရှိရကြောင်း၊ ထို့ပြင် ပါကစ္စတန် တိုက်လေယာဉ်များသည် ဖေဖော်ဝါရီလ(၂၇)ရက်နေ့တွင် အိန္ဒိယလေပိုင်နက်သို့ ဖြတ်သန်းဝင်ရောက်ကာ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ပါကစ္စတန်လေပိုင်နက်သို့ ဝင်ရောက်လာသော အိန္ဒိယ တိုက်လေယာဉ်(၂)စင်းအားပစ်ချခဲ့ကြောင်းနှင့် လေယာဉ်မှူးတစ်ဦးအား ဖမ်းဆီးထားသည်ဟူ၍ ပါကစ္စတန်ဘက်မှ သတင်းထုတ်ပြန်ခဲ့သော်လည်း အိန္ဒိယအစိုးရကမူ အဆိုပါအခြေအနေများနှင့် စပ်လျဉ်း၍ အတည်ပြုတုံ့ပြန်ပြောကြားခြင်းမရှိသေးဟု သိရှိရကြောင်း။

ရည်ညွှန်း www.bloomberg.com

ကမ္ဘာ့ရေနံဈေးနှုန်းများမြင့်တက်လာခြင်းနှင့်ပတ်သက်၍ အိုပက်အဖွဲ့အား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးပြောကြားခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၃% ကျော်ကျဆင်းခဲ့မှု  

ကမ္ဘာ့ရေနံဈေးနှုန်းများမြင့်တက်လာခြင်းနှင့်ပတ်သက်၍ အိုပက်အဖွဲ့အား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးပြောကြားခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၃% ကျော်ကျဆင်းခဲ့မှု

ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်းနှင့် ၂၀၁၉ခုနှစ်အတွင်း အမြင့်ဆုံးအနေအထားသို့ရောက်ရှိခဲ့ရာ ထိုသို့ရေနံဈေးနှုန်းများမြင့်တက်လာခြင်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အိုပက်အဖွဲ့အား သတိပေးပြောကြားမှုများ ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများမှာ ၃% ကျော်ကျဆင်းခဲ့သည်ဟု သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စုသည် ပြည်ပမှရေနံအများအပြား တင်သွင်းနေသည့်နိုင်ငံဖြစ်ပြီး သမ္မတဒေါ်နယ်ထရန့်သည် ရေနံဈေးနှုန်းကြီးမြင့်လာခြင်းမှာ ကောင်းမွန်သည့်အချက်မဟုတ်ကြောင်း၊ ထိုသို့ ဈေးနှုန်းများမြင့်တက်လာခြင်းကို လက်ခံမည်မဟုတ်ကြောင်းကို အိုပက်အဖွဲ့အား၂၀၁၈ခုနှစ်၊ ဧပြီလတွင် ပြစ်တင်ဝေဖန်ပြောကြားမှုများ ပြုလုပ်ခဲ့ပြီး၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း အိုပက် အဖွဲ့အနေဖြင့် နေ့စဉ်ရေနံထုတ်လုပ်မှုကို လျှော့ချခြင်းမပြုလုပ်ဘဲ တိုးမြှင့်ထုတ်လုပ်ရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ဖူးကြောင်း၊ အလားတူလွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း၌ ကမ္ဘာ့ ရေနံဈေးနှုန်းများမှာ (၃) လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ရာ တန်ဖိုးများစွာ ကြီးမြင့် လာသည့် ကမ္ဘာ့ရေနံဈေးနှုန်းများကို အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာ့နိုင်ငံများက လက်ခံ ခွင့်ပြုနိုင်မည်မဟုတ်ကြောင်း၊ အိုပက်အဖွဲ့အနေဖြင့် ရေနံလျှော့ချထုတ်လုပ်မှုကို အလျင်စလို လုပ်ဆောင်ခြင်းမပြုကြရန်နှင့် ရေနံဈေးနှုန်းများအား တည်ငြိမ်အောင်လုပ်ဆောင်ကြရန် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက် (တနင်္လာနေ့)တွင် သမ္မတဒေါ်နယ်ထရန့်က သတိပေး ပြောကြားခဲ့ကြောင်း၊ ၎င်းပြောကြားချက်ထွက်ပေါ်ပြီးနောက် ကမ္ဘာ့ဈေးကွက်အတွင်း WTI နှင့် ဘရန့်ရေနံ ဈေးနှုန်းများမှာ  ၃.၁% နှင့် ၃.၅% စီ အသီးသီးကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်(အင်္ဂါနေ့)နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ ဧပြီလအတွက် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၅% ကျဆင်းပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၅၅.၁၉)ဒေါ်လာသို့လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ဘရန့်ရေနံစိမ်း တစ်စည်၏ ဈေးနှုန်းမှာ ၀.၂%ကျဆင်းပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၆၄.၃၂) ဒေါ်လာသို့ လည်းကောင်း အသီးသီးကျဆင်းခဲ့သည်ဟု www.reuters.com တွင် ဖော်ပြပါရှိပါသည်။

တရုတ်ကုန်ပစ္စည်းများ သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံခြင်းအား နောက်ဆုတ်ရွှေ့ဆိုင်းပေးမည်ဟု သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပြီးနောက် တရုတ်ယွမ်ငွေတန်ဖိုးမှာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့မှု

တရုတ်ကုန်ပစ္စည်းများ သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံခြင်းအား နောက်ဆုတ်ရွှေ့ဆိုင်းပေးမည်ဟု သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့ပြီးနောက် တရုတ်ယွမ်ငွေတန်ဖိုးမှာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့မှု

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ပင်တို့သည် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလဆန်းရက်တွင် နှစ်နိုင်ငံအကြား သွင်းကုန်ခွန်အပြန်အလှန်တိုးမြှင့်ကောက်ခံခြင်းကို ၂၀၁၉ခုနှစ်၊ မတ်လ(၁)ရက် နေ့အထိ ယာယီရပ်ဆိုင်းထားရန်သဘောတူညီမှု ရယူခဲ့ပြီးနောက် နှစ်နိုင်ငံ ကုန်သွယ်ရေးတာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြရာ ယခုအခါတွေ့ဆုံဆွေးနွေးမှု များမှာ (၇)ကြိမ်မြောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါဆွေးနွေးမှုများနှင့်ပတ်သက်၍ အလားအလာ ကောင်းသော တိုးတက်မှုများရရှိနေပြီဟု သမ္မတဒေါ်နယ်ထရန့်က ဖေဖော်ဝါရီလ(၂၂)ရက်တွင် ပြောကြားခဲ့ကြောင်း၊ ထို့ပြင် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆွေးနွေးမှုရလဒ်ကောင်းများရရှိနေပြီ ဖြစ်ပြီး ထပ်မံ၍လည်းရလဒ်ကောင်းများရရှိနိုင်ဖွယ်ရှိသည့်အတွက် သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံမည့် နောက်ဆုံးရက်သတ်မှတ်ချက်အား နောက်ဆုတ်ရွှေ့ဆိုင်းပေးမည်ဟု ဖေဖော်ဝါရီလ(၂၄)ရက်တွင် သမ္မတဒေါ်နယ်ထရန့်က ၎င်း၏တွစ်တာစာမျက်နှာတွင်ရေးသားဖော်ပြခဲ့ရာ ၎င်း၏ပြောကြားချက်ကို အကြောင်းပြု၍ တရုတ်ယွမ်ငွေတန်ဖိုးမှာ(၇)လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့သည်ဟု သိရှိရပါသည်။

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်(တနင်္လာနေ့)တွင် တရုတ်ဗဟိုဘဏ်သည် ရည်ညွှန်း ငွေလဲလှယ်မှုနှုန်းထားအား အမေရိကန်တစ်ဒေါ်လာလျှင် (၆.၇၁၃၁)ယွမ်လဲလှယ်မှုနှုန်း သတ်မှတ် ခဲ့ကြောင်း၊ တရုတ်ပြည်တွင်း ငွေကြေးဈေးကွက်တွင်မူ တရုတ်ယွမ်ငွေတန်ဖိုးမှာ ၀.၆% မြင့်တက် ခဲ့ပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၆.၆၇၃၀)ယွမ်လဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ နှုန်းထားသည် ၂၀၁၈ခုနှစ်၊ ဇူလိုင်လ နောက်ပိုင်း (၇)လတာကာလအတွင်း တရုတ်ယွမ်ငွေတန်ဖိုး အမြင့်ဆုံးနှုန်းထားပင်ဖြစ်သည်ဟု သိရှိရပါသည်။

အမေရိကန်နှင့် တရုတ်ကုန်သွယ်ရေးတာဝန်ရှိသူများအကြား တွေ့ဆုံဆွေးနွေးရာတွင် ဉာဏပစ္စည်းကဏ္ဍ၊ နည်းပညာကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍနှင့် ငွေကြေး အပါအဝင်အခြားသော လုပ်ငန်းကဏ္ဍများနှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေးခဲ့ကြရာ ရလဒ်ကောင်းများ ရရှိထားခြင်းဖြစ်သည်ဟုသိရှိရကြောင်း၊ ထို့ပြင် နောက်ဆုံးသတ်မှတ်ရက်မတိုင်မီတွင် နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ရလဒ်ကောင်းများထပ်မံထွက်ပေါ် လာပါက အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတရှီကျင့်ပင်တို့သည် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ရှိ မာအာလာဂိုအပန်းဖြေစခန်း၌ ထပ်သီးဆွေးနွေးပွဲပြုလုပ်ကာ နှစ်နိုင်ငံ အကြားကုန်သွယ်ရေးသဘောတူညီမှုကို အပြီးသတ်ရယူသွားဖွယ်ရှိသည်ဟု www.reuters.com ဖော်ပြပါရှိပါသည်။

ယခု ၂၀၁၉ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပမှ ဆန်တင်သွင်းမှုမှာ ၂၁% ခန့် မြင့်တက် လာဖွယ်ရှိသည်ဟု အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဌာန(USDA)မှ ခန့်မှန်းထားမှု

ယခု ၂၀၁၉ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပမှ ဆန်တင်သွင်းမှုမှာ ၂၁% ခန့် မြင့်တက် လာဖွယ်ရှိသည်ဟု အမေရိကန်ပြည်ထောင်စုစိုက်ပျိုးရေးဌာန(USDA)မှ ခန့်မှန်းထားမှု

ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပမှ ဆန်တင်သွင်းမှု ပမာဏမှာ ၂၀၁၈ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယခု ၂၀၁၉ခုနှစ်အတွင်း ၂၁% ခန့်မြင့်တက်လာဖွယ်ရှိသည်ဟု အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေး ဝန်ကြီးဌာန၊ နိုင်ငံရပ်ခြားစိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုဌာန(USDA)က ခန့်မှန်းထားသည်ဟု သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဝန်ကြီးဌာန၊ နိုင်ငံရပ်ခြားစိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုဌာန(USDA)မှ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သည့် အစီရင်ခံစာ၌ ယခု၂၀၁၉ ခုနှစ် အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပမှ ဆန်တင်သွင်းမှုပမာဏမှာ လွန်ခဲ့သည့် ၂၀၁၈ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန်တင်သွင်းမှုပမာဏတန်ချိန်(၁.၉)သန်းနှင့် နှိုင်းယှဉ်ပါက ၂၁% ပိုမိုကာ စုစုပေါင်း ဆန်တန်ချိန်(၂.၃)သန်းခန့် တင်သွင်းရဖွယ်ရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် လတ်တလောကာလများအတွင်း ပြည်ပမှ ဆန်အများအပြား တင်သွင်းရလျက်ရှိပြီး ပြည်ပ ဆန်တင်သွင်းမှုများအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များကို ဖိလစ်ပိုင်အစိုးရက ရုတ်သိမ်းပေးခဲ့ခြင်း၊ ပြည်တွင်းဆန် စျေးကွက်အတွင်းသို့ ဆန်လုံလောက်စွာရရှိစေနိုင်ရန် ဖြန့်ဖြူးပေးနိုင်မှုမရှိခြင်းနှင့် ပြည်တွင်း၌ ဆန်အရောင်းအဝယ် နည်းပါးခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာခဲ့သည့်အတွက် ပြည်တွင်း၌ ဆန်လိုအပ်ချက်ဖူလုံမှုရှိစေရန် လုပ်ဆောင်သည့် အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပမှ ဆန်တင်သွင်းမှုမှာ မြင့်တက် လာနိုင်ဖွယ်ရှိခြင်းဖြစ်သည်ဟု သိရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ စားသောက်ကုန်ဆိုင်ရာ လုံခြုံရေးအာဏာပိုင်(NFS)က ထုတ်ပြန်သည့် အစီရင်ခံစာအရ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြည်ပမှ ဆန်တင်သွင်းနိုင်ရေးအတွက် အစိုးရထံမှ ခွင့်ပြုချက်ရရှိရန် တောင်းခံလာသည့် ပုဂ္ဂလိက သွင်းကုန်လုပ်ငန်းများမှာ (၁၈၀)ခန့် ရှိကြောင်း၊ အဆိုပါ ဖိလစ်ပိုင် ပုဂ္ဂလိက သွင်းကုန်လုပ်ငန်း(၁၈၀)တို့သည် ဆန်တန်ချိန် (၁,၁၈၅,၇၆၄)သန်းခန့်ကို ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာနှင့် တရုတ် နိုင်ငံတို့ထံမှ တင်သွင်းသွားမည်ဖြစ်သည်ဟု သိရှိရပါသည်။

၂၀၁၈ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ဆန်ထုတ်လုပ်မှုမှာ တန်ချိန်(၁၂.၂၃)သန်းခန့် ရှိခဲ့ပြီး ယခု ၂၀၁၉ခုနှစ်တွင်မူ တန်ချိန်(၁၂.၁၅)သန်းခန့်သာရှိနိုင်ပြီး ပြည်တွင်းစားသုံးမှု ပမာဏမှာ (၁၃.၆၅)သန်းတန်ခန့်ရှိသည်ဟု သိရှိရပါသည်။

ရည်ညွှန်း www.philstar.com

ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ပသို့ ဆန်ပိုမိုတိုးမြှင့်တင်ပို့နိုင်မည့် နည်းလမ်းများအား ရှာဖွေ လုပ်ဆောင်သွားမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောကြားခဲ့မှု

ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ပသို့ ဆန်ပိုမိုတိုးမြှင့်တင်ပို့နိုင်မည့် နည်းလမ်းများအား ရှာဖွေ လုပ်ဆောင်သွားမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောကြားခဲ့မှု

ကမ္ဘောဒီးယားနိုင်ငံ၏ ပြည်ပသို့ဆန်တင်ပို့မှုများ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် နိုင်ငံ အတွင်း ထုတ်လုပ်မှုကုန်ကျစရိတ်လျော့ကျစေရန်နှင့် စျေးကွက်အတွင်းပိုမိုယှဉ်ပြိုင်နိုင်စွမ်း ရှိစေရန် အစရှိသည့် နည်းလမ်းများကို ရှာဖွေလုပ်ဆောင်သွားမည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ကမ္ဘောဒီးယားနိုင်ငံ ကန်ဒန်ပြည်နယ်၌ ယခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည့် အထည်ချုပ် စက်ရုံလုပ်သားများနှင့်တွေ့ဆုံပွဲတွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားရာ၌ ယခင်ကာလများအတွင်း ပြည်တွင်း၌ ဆန်လိုအပ်ချက်များရှိခဲ့သည့်ကမ္ဘောဒီးယားနိုင်ငံသည် ယခုအခါ ပြည်ပသို့တင်ပို့နိုင်သည်အထိ ဆန်စိုက်ပျိုးထုတ်လုပ်မှုများကို တိုးမြှင့်ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ သို့သော် ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့သည် ဆန်စပါးစိုက်ပျိုးရိတ်သိမ်းရာတွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စိုက်ပျိုးထိန်းသိမ်းနိုင်စွမ်းရှိပြီး အခြောက်ခံခြင်း၊ သိုလှောင်ခြင်း တို့အတွက် နေရာဖန်တီးနိုင်စွမ်းရှိသည့်အပြင် ထုတ်လုပ်မှုကုန်ကျစရိတ်များမှာလည်း ကမ္ဘောဒီးယား နိုင်ငံထက် လျော့နည်းသက်သာလျက်ရှိသည်ဖြစ်ရာ ကမ္ဘာ့ဆန်စျေးကွက်အတွင်း ထိုင်းဆန်နှင့် ဗီယက်နမ်ဆန်များအနေဖြင့် ကောင်းစွာထိုးဖောက်ယှဉ်ပြိုင်နိုင်သည့် အနေအထားတွင်ရှိကြောင်း၊ ထို့ကြောင့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့်လည်း ပြည်ပသို့ တစ်နှစ်လျှင် ဆန်တန်ချိန်(၁)သန်း တင်ပို့မည်ဟူသော နှစ်စဉ်လျာထားချက်အား ပြည်မီအောင် တင်ပို့နိုင်ရန် ခက်ခဲလျက်ရှိရာ ဆန်ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာစေရန်အတွက် လောင်စာဆီသုံး စက်များနေရာ၌ လျှပ်စစ်ဓါတ်အားသုံးစက်များဖြင့် အစားထိုးသွားမည်ဖြစ်ပြီး ဆန်စပါးစိုက်ပျိုးရာ ဒေသများသို့ လျှပ်စစ်ဓါတ်အား ရောက်ရှိစေရေးနှင့် ရေပေးဝေနိုင်ရေးတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်းရှိ ဓါတ်မြေသြဇာထုတ်လုပ်သူများအနေဖြင့်လည်း ကုန်ကျစရိတ်နည်းပါးသည့် ဓါတ်မြေသြဇာများ ထုတ်လုပ်နိုင်မည့် နည်းလမ်းများကို စူးစမ်း ရှာဖွေကြစေလိုကြောင်း၊ ကမ္ဘောဒီးယားဆန်မှာ အရည်အသွေးမြင့်မားပြီး ကမ္ဘာ့အသိအမှတ်ပြု ဆန်ဖြစ်သည့် အားလျော်စွာ ပြည်ပသို့ ကုန်စည်တင်ပို့ခြင်းနှင့်သက်ဆိုင်သည့် ပြည်တွင်းဝန်ကြီးဌာန ဝန်ကြီးများအနေဖြင့်လည်း ပြည်ပသို့ ဆန်တိုးမြှင့်တင်ပို့နိုင်ရန် စျေးကွက်ရှာဖွေခြင်း၊ ချဲ့ထွင်ခြင်းများကို လုပ်ဆောင်သွားရန် လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ကမ္ဘောဒီးယားနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဌ ဗုန်ဘွန်းဟန်ကလည်း ဝန်ကြီးချုပ် ဟွန်ဆန်၏ ပြောကြားချက်များကို ကြိုဆိုကြောင်းနှင့် ထုတ်လုပ်ကုန်ကျစရိတ် လျှော့ချရေးလုပ်ဆောင်ချက်ကို ကောင်းစွာအကောင်အထည် ဖော်နိုင်ပါက ကမ္ဘောဒီးယားနိုင်ငံ အနေဖြင့် နှစ်စဉ်လျာထားချက် ဆန်တန်ချိန် (၁)သန်းကို ပြည့်မီအောင် တင်ပို့နိုင်မည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရည်ညွှန်း www.phnompenpost.com

ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းအား ရပ်ဆိုင်းခဲ့ခြင်းကြောင့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးဆိုင်ရာ ရလဒ်ကောင်းများဖြစ်ပေါ်စေခဲ့သည်ဟူသော အမေရိကန်ဗဟိုဘဏ်အစည်းအဝေးမှတ်တမ်းထွက်ပေါ် ခဲ့ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုးမှာမြင့်တက်ခဲ့မှု

ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းအား ရပ်ဆိုင်းခဲ့ခြင်းကြောင့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးဆိုင်ရာ ရလဒ်ကောင်းများဖြစ်ပေါ်စေခဲ့သည်ဟူသော အမေရိကန်ဗဟိုဘဏ်အစည်းအဝေးမှတ်တမ်းထွက်ပေါ် ခဲ့ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုးမှာမြင့်တက်ခဲ့မှု

ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းအား ရပ်ဆိုင်းထားခဲ့ခြင်းကြောင့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးနှင့်ပတ်သက်၍ ရလဒ်ကောင်းများဖြစ်ပေါ်စေခဲ့သည်ဟူသော ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ အတွင်းကျင်းပခဲ့သည့် အမေရိကန်ဗဟိုဘဏ်အစည်းအဝေးမှတ်တမ်းထွက်ပေါ်ခဲ့ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်ဗဟိုဘဏ်သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နှင့် (၃၀) ရက်တို့တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးမှတ်တမ်းကို ဖေဖော်ဝါရီလ (၂၀) ရက်တွင် အများပြည်သူသိရှိစေရန် ထုတ်ပြန်ခဲ့ရာ အဆိုပါအစည်းအဝေးမှတ်တမ်း၌ လွန်ခဲ့သည့်ဇန်နဝါရီလအတွင်း ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းအား ရပ်ဆိုင်းထားခဲ့သည့်အတွက် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးအပေါ် ဆိုးကျိုးအနည်းငယ်သာ ဖြစ်ပေါ်စေခဲ့ပြီး ကောင်းကျိုးအများအပြားဖြစ်ပေါ်စေခဲ့ကြောင်း၊ ထိုသို့ဘဏ်တိုးနှုန်းအား ရပ်ဆိုင်းထားခဲ့ခြင်းကြောင့် ဗဟိုဘဏ်ကော်မတီအဖွဲ့ဝင်များအတွက် ၂၀၁၈ ခုနှစ်အတွင်း ဘဏ်တိုးနှုန်းတိုးမြှင့်ခဲ့မှုများကြောင့် တန်ပြန်ဖြစ်ပေါ်လာသည့် အကျိုးရလဒ်များကို အကဲဖြတ်တွက်ဆရန် အချိန်ပိုမိုရရှိစေခဲ့ကြောင်း၊ ထို့ပြင်အမေရိကန်ပြည်ထောင်စု၌ အလုပ်အကိုင်ရရှိမှုများ မြင့်တက်နေသည့်နည်းတူ နိုင်ငံ၏စီးပွားရေးအခြေအနေမှာလည်း ကောင်းမွန်သည့် အခြေအနေတွင်ရှိကြောင်း၊ ထို့ကြောင့် အမေရိကန်ဗဟိုဘဏ်အနေဖြင့် ဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းကို အသေအချာတွက်ချက်ဂရုပြုလုပ်ဆောင်သွားမည်ဖြစ်ပြီး ယခုနှစ်အတွင်းဘဏ်တိုးနှုန်းတိုးမြှင့်ခြင်းအား အနည်းဆုံးတစ်ကြိမ်ခန့် တိုးမြှင့်ကောင်းတိုးမြှင့်သွားရန် အမေရိကန်ဗဟိုဘဏ်ကော်မတီဝင်အများစုက သဘောတူလက်ခံခဲ့သည်ဟု ဖော်ပြထားကြောင်း၊ အဆိုပါဗဟိုဘဏ်၏ အစည်းအဝေးမှတ်တမ်းထွက်ပေါ်ခဲ့ပြီးနောက်တွင် ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်း တိုးမြှင့်နိုင်မည့် အလားအလာကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုများ ဖြစ်ပေါ်လာဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များနှင့်အတူ ရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဒေါ်လာဝယ်ယူမှုများ ပြုလုပ်လာကြသောကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ဗဟိုဘဏ်အစည်းအဝေးမှတ်တမ်းထွက်ပေါ်ခဲ့သည့်နေ့တွင်ပင်  ၀.၂၅%  ခန့်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက် (ကြာသပတေးနေ့) နံနက်ပိုင်းတွင် နယူးယောက်​ဈေးကွက်၌ အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၀.၁% မြင့်တက်ခဲ့ပြီး စတာလင်တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ (၁.၁၃၀၃၁)​ ဒေါ်လာလဲလှယ်မှုနှုန်းသို့လည်းကောင်း၊ တစ်ယူရိုလျှင် အမေရိကန်ဒေါ်လာ (၁.၁၃၃၇) ဒေါ်လာလဲလှယ်မှုနှုန်းသို့လည်းကောင်း၊ အမေရိကန်တစ်ဒေါ်လာလျှင် ဂျပန်ယန်းငွေ (၁၁၀.၇၅) ယန်း လဲလှယ်မှုနှုန်းသို့လည်းကောင်း၊ အမေရိကန်တစ်ဒေါ်လာလျှင် တရုတ်ယွမ်ငွေ (၆.၇၂၂၀) ယွမ် လဲလှယ်မှုနှုန်းသို့လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့ကြောင်းဖြင့် reuters သတင်းဌာနမှထုတ်လွှင့်ခဲ့ပါသည်။

ကမ္ဘာတစ်ဝန်း ရွှေကုမ္ပဏီကြီးများ၏ ရွှေဝယ်ယူမှုမြင့်တက်ခဲ့ခြင်းကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ (၁၀)လတာ ကာလအတွင်းအမြင့်ဆုံးဖြစ်သည့် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁,၃၄၀) အထက်သို့ မြင့်တက်ရောက်ရှိခဲ့မှု

ကမ္ဘာတစ်ဝန်း ရွှေကုမ္ပဏီကြီးများ၏ ရွှေဝယ်ယူမှုမြင့်တက်ခဲ့ခြင်းကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ (၁၀) လတာကာလအတွင်းအမြင့်ဆုံးဖြစ်သည့် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁,၃၄၀) အထက်သို့ မြင့်တက်ရောက်ရှိခဲ့မှု

၂၀၁၉ ခုနှစ်၊ဇန်နဝါရီလအတွင်း ကမ္ဘာတစ်ဝန်းရွှေကုမ္ပဏီကြီးများ၏ရွှေဝယ်ယူမှုမြင့်တက် ခဲ့သည်ဟူသော ကမ္ဘာ့ရွှေကောင်စီ၏ အစီရင်ခံစာထွက်ပေါ်ပြီးနောက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ(၁၀)လတာ ကာလအတွင်း အမြင့်ဆုံးဖြစ်သည့် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁,၃၄၀)အထက်သို့ မြင့်တက်ရောက်ရှိခဲ့သည်ဟု သိရှိရပါသည်။

ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သည့် ကမ္ဘာ့ရွှေကောင်စီ၏ အစီရင်ခံစာ၌ ၂၀၁၈ ခုနှစ် အတွင်း ကမ္ဘာတစ်ဝန်းရွှေကုမ္ပဏီကြီးများ၏ရွှေဝယ်ယူစုဆောင်းမှုမှာတန်ချိန်(၆၉)တန်ခန့်ရှိခဲ့ပြီး ရွှေကုမ္ပဏီကြီးများ လက်ဝယ်တွင်ရှိသော ရွှေတန်ချိန်စုစုပေါင်းပမာဏမှာ (၂,၄၄၀) တန်ခန့်ရှိခဲ့ ကြောင်း၊ ထို့ပြင် ကမ္ဘာတစ်ဝန်းရွှေကုမ္ပဏီကြီးများသည် လတ်တလောကာလများအတွင်း ရွှေဝယ်ယူစုဆောင်းမှုများကို တိုးမြှင့်ပြုလုပ်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကမ္ဘာတစ်ဝန်း ရွှေကုမ္ပဏီကြီးများ၏ ရွှေဝယ်ယူမှုပမာဏမှာ တန်ချိန်(၇၂) တန်ခန့်ရှိခဲ့ပြီး လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်း ရွှေကုမ္ပဏီများလက်ဝယ်တွင်ရှိသော ရွှေတန်ချိန် စုစုပေါင်းပမာဏမှာ (၂,၅၁၃) တန်ခန့်သို့ မြင့်တက်ရောက်ရှိခဲ့ရာ ၂၀၁၃ ခုနှစ် နောက်ပိုင်း (၆) နှစ်တာကာလအတွင်း ရွှေကုမ္ပဏီကြီးများ၏ ရွှေဝယ်ယူမှုပမာဏအများဆုံးအနေအထားဖြစ်သည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

အဆိုပါအစီရင်ခံစာထွက်ပေါ်ပြီးနောက် ကမ္ဘာတစ်ဝန်းရှိ ရွှေကုမ္ပဏီကြီးများသည် ရွှေဝယ်ယူစုဆောင်းမှုများကို ပိုမိုတိုးမြှင့်ပြုလုပ်လာဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များနှင့်အတူ ကမ္ဘာ့ရွှေဈေးနှုန်းမှာ (၁၀) လတာကာလအတွင်းအမြင့်ဆုံးသို့ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု သိရှိရပါသည်။

ထို့ပြင်၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်(အင်္ဂါနေ့) ညနေပိုင်းတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO) က ထုတ်ပြန်သည့် အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ ပထမ(၃)လပတ်ကာလအတွင်း ကမ္ဘာတစ်ဝန်း ကုန်သွယ်ရေးအခြေအနေနှေးကွေးမှုများဖြစ်ပေါ်ကာ ၃.၇% ခန့်ကျဆင်းသွားဖွယ်ရှိသည် ဟုဖော်ပြထားခြင်းသည်လည်း ကမ္ဘာ့ရွှေဈေးနှုန်းကိုမြင့်တက်စေသည့်အခြားသောအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀) ရက်(ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ ဧပြီလအတွက် ရွှေကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၁.၅၄% မြင့်တက်ခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၄၂.၄၀) ဒေါ်လာသို့ရောက်ရှိခဲ့ရာ အဆိုပါဈေးနှုန်းသည်(၁၀) လတာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်သည်ဟု သိရှိရပါသည်။

ရည်ညွှန်းwww.mining.com

အမေရိကန်လွှတ်တော်အမတ်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲမသမာမှုပြုလုပ်ခဲ့မှုများနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးထံသို့ စာရေးသားပေးပို့တောင်းဆိုခဲ့မှု

အမေရိကန်လွှတ်တော်အမတ်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲမသမာမှုပြုလုပ်ခဲ့မှုများနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ပေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးထံသို့ စာရေးသားပေးပို့တောင်းဆိုခဲ့မှု

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းပြုလုပ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကာလအတွင်း ရွေးကောက်ပွဲ မသမာမှု ပြုလုပ်ခဲ့မှုများနှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုအနေဖြင့် အရေးယူဆောင်ရွက်ပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုထံသို့ အမေရိကန်လွှတ်တော်အမတ်များက ယခုရက်ပိုင်းအတွင်း စာရေးသားပေးပို့တောင်းဆိုခဲ့ကြသည်ဟု သိရှိရပါသည်။

အဆိုပါလွှတ်တော်အမတ်များရေးသားပေးပို့သည့် စာတွင်ဖော်ပြထားရာ၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေဖြင့် ဒီမိုကရေစီအရေး အနုတ်လက္ခဏာဆောင်မည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိသွားမည်ကို မိမိတို့လွှတ်တော်အမတ်များအနေဖြင့် အထူးစိုးရိမ်ပူပန်လျက်ရှိပြီး အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မည်သို့မည်ပုံကိုင်တွယ်ဖြေရှင်းသွားမည်ကို မိမိတို့ အနေဖြင့် အကြမ်းဖျင်းသိရှိနိုင်ရန်တောင်းဆိုပါကြောင်း၊ အထူးသဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ရလဒ်အပေါ်ယုံကြည်မှုမရှိကြဘဲ ရွေးကောက်ပွဲမသမာမှုများပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်အများအပြား ဖြစ်ပေါ်လျက်ရှိပြီး ရွေးကောက်ပွဲမသမာမှုများနှင့်ပတ်သက်၍ အစီရင်ခံစာအများအပြားလည်း ရရှိထားပြီးဖြစ်ကြောင်း၊ အိန္ဒိယ-ပစိဖိတ်ဒေသအတွင်း ဒီမိုကရေစီထောက်ခံရေး၊ တရားဥပဒေစိုးမိုးရေး နှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ ပေါ်ပေါက်ရေးသည် အမေရိကန်ပြည်ထောင်စု၏ အကျိုးစီးပွားနှင့်ပတ်သက်၍ အထူးအရေးကြီးသည့်နည်းတူ ယခု ၂၀၁၉ ခုနှစ် အတွင်း အာဖဂန်နစ္စတန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံအစရှိသည့် အာရှဒေသများတွင်လည်း ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ကြတော့မည်ဖြစ်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် တုံ့ပြန်အရေးယူမှုမှစတင်ကာ ဒီမိုကရေစီရေး အပေါ်လေးစားမှုနှင့် ကတိကဝတ်များအတိုင်း ဆက်လက်အကောင်အထည်ဖော်မှုအစရှိသည့် အမေရိကန်ပြည်ထောင်စု၏ရပ်တည်ချက်ကိုထင်ရှားစွာပြသရန် အလွန်အရေးကြီးသည်ဟုဖော်ပြထားကြောင်း သိရှိရပါသည်။

အမေရိကန်အောက်လွှတ်တော်နိုင်ငံခြားရေးရာကော်မတီမှ လွှတ်တော်အမတ်များပါဝင်သောအဖွဲ့သည် အနည်းဆုံးလူ (၁၇) ဦးသေဆုံးကာ (၆၀) ဦးကျော်ဒဏ်ရာရရှိခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အထွေထွေရွေးကောက်ပွဲကာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းအစုလိုက်အပြုံလိုက် ဖမ်းဆီးနှိမ်နှင်းမှုများအပါအဝင် မဲဆွယ်စည်းရုံးမည့် ကိုယ်စားလှယ်များ၏ လွတ်လပ်စွာပြောဆို စည်းရုံးမှုများအပေါ် ဖြိုခွဲနှိမ်နှင်းမှုများနှင့် ဆန္ဒမဲပေးကြမည့်မဲဆန္ဒရှင်များ အားဖိနှိပ်ခဲ့မှုများပြုလုပ်ခဲ့ခြင်းအစရှိသည့် ရွေးကောက်ပွဲကာလအတွင်း အကြမ်းဖက်ခဲ့မှုများနှင့်ပတ်သက်၍ ရရှိထားသည့် အစီရင်ခံစာများအပေါ်အခြေခံကာ အမေရိကန်လွှတ်တော်အမတ်များက ယခုကဲ့သို့တောင်းဆိုခဲ့ကြ ခြင်းဖြစ်သည်ဟု သိရှိရပါသည်။

ရည်ညွှန်း www.thedailystar.net

မလေးရှားနိုင်ငံ၏ စားအုန်းဆီပြည်ပသို့တင်ပို့မှုမြင့်တက်ခဲ့ခြင်းနှင့် အထွက်နှုန်းလျော့ကျဖွယ် ရှိခြင်းတို့ကြောင့် စားအုန်းဆီဈေးနှုန်းမြင့်တက်ခဲ့မှု

မလေးရှားနိုင်ငံ၏ စားအုန်းဆီပြည်ပသို့တင်ပို့မှုမြင့်တက်ခဲ့ခြင်းနှင့် အထွက်နှုန်းလျော့ကျဖွယ်ရှိခြင်းတို့ကြောင့် စားအုန်းဆီဈေးနှုန်းမြင့်တက်ခဲ့မှု

ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် အရည်အသွေးစစ်ဆေးခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းစသည့်ဝန်ဆောင်မှုလုပ်ငန်းများလုပ်ဆောင်လျက်ရှိသည့် Intertek Testing Services ကုမ္ပဏီမှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက် (သောကြာနေ့) တွင် ထုတ်ပြန်သည့်အစီရင်ခံစာ၌  ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှ (၁၅) ရက်အထိကာလအတွင်း မလေးရှားနိုင်ငံ၏ ပြည်ပသို့ စားအုန်းဆီတင်ပို့မှုပမာဏမှာ တန်ချိန် (၆၈၆,၆၅၇) တန်ခန့်ရှိခဲ့ရာလွန်ခဲ့သည့် ဇန်နဝါရီလ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၁.၆% မြင့်တက်ခဲ့သည်ဟု ဖော်ပြထားကြောင်း၊ အဆိုပါအစီရင်ခံစာ ထွက်ပေါ်ပြီးနောက်တွင်မလေးရှားစားအုန်းဆီများကို ပြည်ပမှဝယ်ယူမှုပြန်လည်မြင့်တက်လျက်ရှိ သည်ဟူသော ခန့်မှန်းချက်များနှင့်အတူ မလေးရှားစားအုန်းဆီဈေးနှုန်းမှာမြင့်တက်လာခဲ့သည်ဟု သိရှိရပါသည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း မလေးရှားစားအုန်းဆီဘုတ်အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း မလေးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှုပမာဏမှာ တန်ချိန် (၁.၇၄) သန်းခန့်သာရှိခဲ့ရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလနှင့်နှိုင်းယှဉ်ပါက ၃.၉% ခန့်ကျဆင်းခဲ့ကြောင်း၊ လက်ရှိအချိန်အခါသည် စားအုန်းဆီထုတ်လုပ်မှုပုံမှန်ကျဆင်းလေ့ရှိသည့်ရာသီအချိန်အခါဖြစ်သည့် အပြင် လက်ရှိဖေဖော်ဝါရီလသည် ရက်ပေါင်း (၃၀) မရှိသည့်အတွက် အလုပ်လုပ်ရက်နည်းပါးခြင်း၊ မလေးရှားနိုင်ငံ၌ တရုတ်နှစ်သစ်ကူးအားလပ်ရက်များ ရှိခဲ့ခြင်းတို့ကြောင့် ယခုဖေဖော်ဝါရီလတွင် လည်း မလေးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှုမှာ ဆက်လက်ကျဆင်းဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များ ထွက်ပေါ်နေခြင်းသည်လည်း မလေးရှားစားအုန်းဆီဈေးနှုန်းကိုမြင့်တက်စေသည့်အခြားသော အချက်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅) ရက်​ (သောကြာနေ့) နံနက်ပိုင်းတွင် မလေးရှားစားအုန်းဆီဈေးကွက်၌ ဧပြီလအတွက် စားအုန်းဆီကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းမှာ ၁% မြင့်တက်ခဲ့ပြီး တစ်တန်လျှင် မလေးရှားငွေ ၂၂၇၂ ရင်းဂစ် ( အမေရိကန်ဒေါ်လာ ၅၅၇.၆၈)  ဒေါ်လာသို့ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

ရည်ညွှန်း www.thestar.com.my

ဘင်္ဂါလီဒုက္ခသည်များတောင်းဆိုလျက်ရှိသည့် နိုင်ငံသားဖြစ်ခွင့်ပေးရေးသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သည့်ကိစ္စဖြစ်သောကြောင့် အာဆီယံအဖွဲ့အနေဖြင့် ၎င်းတို့ နေရပ်ပြန်ရေးလုပ်ငန်းစဉ် စတင်မည့်ရက်သတ်မှတ်ပေးမည်မဟုတ်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ကပြောကြားခဲ့မှု

ဘင်္ဂါလီဒုက္ခသည်များတောင်းဆိုလျက်ရှိသည့် နိုင်ငံသားဖြစ်ခွင့်ပေးရေးသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သည့်ကိစ္စဖြစ်သောကြောင့် အာဆီယံအဖွဲ့အနေဖြင့် ၎င်းတို့ နေရပ်ပြန်ရေးလုပ်ငန်းစဉ် စတင်မည့်ရက်သတ်မှတ်ပေးမည်မဟုတ်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ကပြောကြားခဲ့မှု

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်များတောင်းဆိုလျက်ရှိသည့် မြန်မာနိုင်ငံသား ဖြစ်ခွင့်ပေးရေးသည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့်သာ သက်ဆိုင်သည့်ကိစ္စဖြစ်သည့် အတွက် အာဆီယံအဖွဲ့အနေဖြင့် ၎င်းတို့နေရပ်ပြန်ရေးနှင့်ပတ်သက်၍ ရက်အတိအကျအား သတ်မှတ် ပေးနိုင်မည် မဟုတ်ဘဲ အဆိုပါဒုက္ခသည်များလိုအပ်သော အကူအညီအထောက်အပံ့များကိုသာ ကူညီပေးရန် အသင့်ရှိသည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာရစ်ရှ်နန်က ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်(ဗုဒ္ဓဟူးနေ့)တွင် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စင်ကာပူနိုင်ငံ၏ လွှတ်တော်အစည်းအဝေးအတွင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြားရာ၌ မြန်မာနိုင်ငံမှစွန့်ခွာထွက်ပြေးခဲ့သော ဘင်္ဂါလီဒုက္ခသည်များ နေရပ်ပြန်ရေးလုပ်ငန်းစဉ် မစတင်မီ ၎င်းတို့၏ နေရပ်ပြန်ရေးနှင့်ပတ်သက်၍ မိမိသဘောဆန္ဒအလျောက် လုံခြုံစိတ်ချပြီး ဂုဏ်သိက္ခာရှိစွာပြန်နိုင်ရေးအတွက် ယုံကြည်စိတ်ချရလောက်သော အခြေအနေများရှိရန်လိုအပ် ကြောင်း၊ သို့သော် အဆိုပါဘင်္ဂါလီဒုက္ခသည်များသည် ၎င်းတို့အားမြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသားအခွင့်အရေးများပေးအပ်ရန်နှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေးများ ပေးအပ်ရန်တောင်းဆိုလျက်ရှိသောကြောင့် ၎င်းတို့၏တောင်းဆိုချက်များသည် စင်ကာပူနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့အပေါ်များစွာ အခက်အခဲဖြစ်စေကြောင်း၊ ထို့ကြောင့် အဆိုပါ ဘင်္ဂါလီဒုက္ခသည်များ နေရပ်ပြန်ရေးလုပ်ငန်းစဉ်စတင်နိုင်မည့် ရက်အတိအကျသတ်မှတ်ပေးရန်မှာ ဖြစ်နိုင်မည်မဟုတ်ဘဲ အာဆီယံအဖွဲ့အနေဖြင့် ၎င်းတို့လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍနှင့် ပညာသင်ကြားရေးကဏ္ဍများအတွက် လိုအပ်သည့်အကူအညီများကို ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး ဘာသာပေါင်းစုံအတူယှဉ်တွဲနေထိုင်နိုင်ရေး တိုးတက်ဖြစ်ပေါ်စေရန် အထောက် အကူပြုပေးသွားမည်ဖြစ်ကြောင်း၊ ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့်ပေးရေးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးစိန်ခေါ်မှုတစ်ရပ်ဖြစ်သောကြောင့် အာဆီယံအဖွဲ့အနေဖြင့်ကြားဝင် ဆုံးဖြတ်ချက်ချမှတ် ပေး၍မရဘဲ မိမိတို့အနေဖြင့်လည်း မြန်မာနိုင်ငံအား အတိုက်အခံပြုလုပ်ကာ ကြားဝင်ညှိနှိုင်း​ဆွေးနွေးမှုများ ပြုလုပ်ပေး၍မရနိုင်ကြောင်း၊ ထို့ပြင် နိုင်ငံသားဖြစ်ခွင့်ပေးရေးသည် နိုင်ငံတစ်နိုင်ငံ ၏အခြေခံကျသောနိုင်ငံရေးဆိုင်ရာ လွတ်လပ်ခွင့်တစ်ရပ်ဖြစ်သည့်အပြင် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့်သက်ဆိုင်သည့် အသက်သွေးကြောလည်းဖြစ်ကာ ဘင်္ဂါလီများအား မြန်မာ နိုင်ငံသားဖြစ်ခွင့်ပေးရေးကိစ္စနှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့အတွင်း အလေးအနက်ထားဆွေးနွေး သွားမည် မဟုတ်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဘင်္ဂါလီဒုက္ခသည်များ နေရပ်ပြန်ရေးနှင့်ပတ်သက်၍ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ အတွင်း ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့အကြား သဘောတူညီမှုရရှိခဲ့သော်လည်း ကုလသမဂ္ဂအပါအဝင် အကူအညီပေးရေးအဖွဲ့များက လုံခြုံစိတ်ချမှုမရှိသောကြောင့် ကန့်ကွက်ခဲ့ ကြပြီး ဒုက္ခသည်စခန်းများအတွင်း ဆန္ဒပြကန့်ကွက်မှုများဖြစ်ပေါ်ကာ ရပ်ဆိုင်းထားခဲ့ရကြောင်း၊ ဒုက္ခသည်များ၏ ဘဝပြန်လည်ထူထောင်နိုင်ရေးသည် ၎င်းတို့နေရပ်ပြန်နိုင်ရေးအပေါ် မူတည် လျက်ရှိရာ အာဆီယံအဖွဲ့အနေဖြင့် ဘင်္ဂါလီဒုက္ခသည်များ သဘောဆန္ဒအလျောက် လုံခြုံစိတ်ချစွာ ဖြင့်နေရပ်ပြန်နိုင်ရေးအတွက် လိုအပ်သောကူညီထောက်ပံ့မှုများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ သို့သော် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိသည့် မြန်မာ့တပ်မတော်နှင့် ရခိုင်သောင်းကျန်းသူအဖွဲ့ (AA)တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေးလုပ်ငန်းများကိုရွှေ့ဆိုင်းထားရသည့်အတွက် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး အနေဖြင့် အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍လည်း အလေးပေးပြောကြားသွားမည်ဖြစ်သည်ဟုသိရှိရပါသည်။

ရည်ညွှန်း www.straitstimes.com