ကမ္ဘာ့ရေနံဈေးနှုန်းများမြင့်တက်လာခြင်းနှင့်ပတ်သက်၍ အိုပက်အဖွဲ့အား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးပြောကြားခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၃% ကျော်ကျဆင်းခဲ့မှု

ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်းနှင့် ၂၀၁၉ခုနှစ်အတွင်း အမြင့်ဆုံးအနေအထားသို့ရောက်ရှိခဲ့ရာ ထိုသို့ရေနံဈေးနှုန်းများမြင့်တက်လာခြင်းနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အိုပက်အဖွဲ့အား သတိပေးပြောကြားမှုများ ပြုလုပ်ခဲ့ပြီးနောက် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများမှာ ၃% ကျော်ကျဆင်းခဲ့သည်ဟု သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စုသည် ပြည်ပမှရေနံအများအပြား တင်သွင်းနေသည့်နိုင်ငံဖြစ်ပြီး သမ္မတဒေါ်နယ်ထရန့်သည် ရေနံဈေးနှုန်းကြီးမြင့်လာခြင်းမှာ ကောင်းမွန်သည့်အချက်မဟုတ်ကြောင်း၊ ထိုသို့ ဈေးနှုန်းများမြင့်တက်လာခြင်းကို လက်ခံမည်မဟုတ်ကြောင်းကို အိုပက်အဖွဲ့အား၂၀၁၈ခုနှစ်၊ ဧပြီလတွင် ပြစ်တင်ဝေဖန်ပြောကြားမှုများ ပြုလုပ်ခဲ့ပြီး၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း အိုပက် အဖွဲ့အနေဖြင့် နေ့စဉ်ရေနံထုတ်လုပ်မှုကို လျှော့ချခြင်းမပြုလုပ်ဘဲ တိုးမြှင့်ထုတ်လုပ်ရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ဖူးကြောင်း၊ အလားတူလွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း၌ ကမ္ဘာ့ ရေနံဈေးနှုန်းများမှာ (၃) လတာကာလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ရာ တန်ဖိုးများစွာ ကြီးမြင့် လာသည့် ကမ္ဘာ့ရေနံဈေးနှုန်းများကို အမေရိကန်ပြည်ထောင်စုအပါအဝင် ကမ္ဘာ့နိုင်ငံများက လက်ခံ ခွင့်ပြုနိုင်မည်မဟုတ်ကြောင်း၊ အိုပက်အဖွဲ့အနေဖြင့် ရေနံလျှော့ချထုတ်လုပ်မှုကို အလျင်စလို လုပ်ဆောင်ခြင်းမပြုကြရန်နှင့် ရေနံဈေးနှုန်းများအား တည်ငြိမ်အောင်လုပ်ဆောင်ကြရန် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက် (တနင်္လာနေ့)တွင် သမ္မတဒေါ်နယ်ထရန့်က သတိပေး ပြောကြားခဲ့ကြောင်း၊ ၎င်းပြောကြားချက်ထွက်ပေါ်ပြီးနောက် ကမ္ဘာ့ဈေးကွက်အတွင်း WTI နှင့် ဘရန့်ရေနံ ဈေးနှုန်းများမှာ  ၃.၁% နှင့် ၃.၅% စီ အသီးသီးကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၆)ရက်(အင်္ဂါနေ့)နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ ဧပြီလအတွက် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၅% ကျဆင်းပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၅၅.၁၉)ဒေါ်လာသို့လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ဘရန့်ရေနံစိမ်း တစ်စည်၏ ဈေးနှုန်းမှာ ၀.၂%ကျဆင်းပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၆၄.၃၂) ဒေါ်လာသို့ လည်းကောင်း အသီးသီးကျဆင်းခဲ့သည်ဟု www.reuters.com တွင် ဖော်ပြပါရှိပါသည်။