မလေးရှားနိုင်ငံ၏ စားအုန်းဆီပြည်ပသို့တင်ပို့မှုမြင့်တက်ခဲ့ခြင်းနှင့် အထွက်နှုန်းလျော့ကျဖွယ်ရှိခြင်းတို့ကြောင့် စားအုန်းဆီဈေးနှုန်းမြင့်တက်ခဲ့မှု

ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် အရည်အသွေးစစ်ဆေးခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းစသည့်ဝန်ဆောင်မှုလုပ်ငန်းများလုပ်ဆောင်လျက်ရှိသည့် Intertek Testing Services ကုမ္ပဏီမှ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက် (သောကြာနေ့) တွင် ထုတ်ပြန်သည့်အစီရင်ခံစာ၌  ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှ (၁၅) ရက်အထိကာလအတွင်း မလေးရှားနိုင်ငံ၏ ပြည်ပသို့ စားအုန်းဆီတင်ပို့မှုပမာဏမှာ တန်ချိန် (၆၈၆,၆၅၇) တန်ခန့်ရှိခဲ့ရာလွန်ခဲ့သည့် ဇန်နဝါရီလ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၁.၆% မြင့်တက်ခဲ့သည်ဟု ဖော်ပြထားကြောင်း၊ အဆိုပါအစီရင်ခံစာ ထွက်ပေါ်ပြီးနောက်တွင်မလေးရှားစားအုန်းဆီများကို ပြည်ပမှဝယ်ယူမှုပြန်လည်မြင့်တက်လျက်ရှိ သည်ဟူသော ခန့်မှန်းချက်များနှင့်အတူ မလေးရှားစားအုန်းဆီဈေးနှုန်းမှာမြင့်တက်လာခဲ့သည်ဟု သိရှိရပါသည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း မလေးရှားစားအုန်းဆီဘုတ်အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း မလေးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှုပမာဏမှာ တန်ချိန် (၁.၇၄) သန်းခန့်သာရှိခဲ့ရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလနှင့်နှိုင်းယှဉ်ပါက ၃.၉% ခန့်ကျဆင်းခဲ့ကြောင်း၊ လက်ရှိအချိန်အခါသည် စားအုန်းဆီထုတ်လုပ်မှုပုံမှန်ကျဆင်းလေ့ရှိသည့်ရာသီအချိန်အခါဖြစ်သည့် အပြင် လက်ရှိဖေဖော်ဝါရီလသည် ရက်ပေါင်း (၃၀) မရှိသည့်အတွက် အလုပ်လုပ်ရက်နည်းပါးခြင်း၊ မလေးရှားနိုင်ငံ၌ တရုတ်နှစ်သစ်ကူးအားလပ်ရက်များ ရှိခဲ့ခြင်းတို့ကြောင့် ယခုဖေဖော်ဝါရီလတွင် လည်း မလေးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှုမှာ ဆက်လက်ကျဆင်းဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များ ထွက်ပေါ်နေခြင်းသည်လည်း မလေးရှားစားအုန်းဆီဈေးနှုန်းကိုမြင့်တက်စေသည့်အခြားသော အချက်တစ်ခုဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅) ရက်​ (သောကြာနေ့) နံနက်ပိုင်းတွင် မလေးရှားစားအုန်းဆီဈေးကွက်၌ ဧပြီလအတွက် စားအုန်းဆီကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းမှာ ၁% မြင့်တက်ခဲ့ပြီး တစ်တန်လျှင် မလေးရှားငွေ ၂၂၇၂ ရင်းဂစ် ( အမေရိကန်ဒေါ်လာ ၅၅၇.၆၈)  ဒေါ်လာသို့ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

ရည်ညွှန်း www.thestar.com.my