ယခု ၂၀၁၉ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပမှ ဆန်တင်သွင်းမှုမှာ ၂၁% ခန့် မြင့်တက် လာဖွယ်ရှိသည်ဟု အမေရိကန်ပြည်ထောင်စုစိုက်ပျိုးရေးဌာန(USDA)မှ ခန့်မှန်းထားမှု

ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပမှ ဆန်တင်သွင်းမှု ပမာဏမှာ ၂၀၁၈ခုနှစ်နှင့် နှိုင်းယှဉ်ပါက ယခု ၂၀၁၉ခုနှစ်အတွင်း ၂၁% ခန့်မြင့်တက်လာဖွယ်ရှိသည်ဟု အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေး ဝန်ကြီးဌာန၊ နိုင်ငံရပ်ခြားစိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုဌာန(USDA)က ခန့်မှန်းထားသည်ဟု သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဝန်ကြီးဌာန၊ နိုင်ငံရပ်ခြားစိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုဌာန(USDA)မှ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သည့် အစီရင်ခံစာ၌ ယခု၂၀၁၉ ခုနှစ် အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပမှ ဆန်တင်သွင်းမှုပမာဏမှာ လွန်ခဲ့သည့် ၂၀၁၈ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန်တင်သွင်းမှုပမာဏတန်ချိန်(၁.၉)သန်းနှင့် နှိုင်းယှဉ်ပါက ၂၁% ပိုမိုကာ စုစုပေါင်း ဆန်တန်ချိန်(၂.၃)သန်းခန့် တင်သွင်းရဖွယ်ရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် လတ်တလောကာလများအတွင်း ပြည်ပမှ ဆန်အများအပြား တင်သွင်းရလျက်ရှိပြီး ပြည်ပ ဆန်တင်သွင်းမှုများအပေါ် ချမှတ်ထားသည့် ကန့်သတ်ချက်များကို ဖိလစ်ပိုင်အစိုးရက ရုတ်သိမ်းပေးခဲ့ခြင်း၊ ပြည်တွင်းဆန် စျေးကွက်အတွင်းသို့ ဆန်လုံလောက်စွာရရှိစေနိုင်ရန် ဖြန့်ဖြူးပေးနိုင်မှုမရှိခြင်းနှင့် ပြည်တွင်း၌ ဆန်အရောင်းအဝယ် နည်းပါးခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာခဲ့သည့်အတွက် ပြည်တွင်း၌ ဆန်လိုအပ်ချက်ဖူလုံမှုရှိစေရန် လုပ်ဆောင်သည့် အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ ပြည်ပမှ ဆန်တင်သွင်းမှုမှာ မြင့်တက် လာနိုင်ဖွယ်ရှိခြင်းဖြစ်သည်ဟု သိရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ စားသောက်ကုန်ဆိုင်ရာ လုံခြုံရေးအာဏာပိုင်(NFS)က ထုတ်ပြန်သည့် အစီရင်ခံစာအရ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလအတွင်း ပြည်ပမှ ဆန်တင်သွင်းနိုင်ရေးအတွက် အစိုးရထံမှ ခွင့်ပြုချက်ရရှိရန် တောင်းခံလာသည့် ပုဂ္ဂလိက သွင်းကုန်လုပ်ငန်းများမှာ (၁၈၀)ခန့် ရှိကြောင်း၊ အဆိုပါ ဖိလစ်ပိုင် ပုဂ္ဂလိက သွင်းကုန်လုပ်ငန်း(၁၈၀)တို့သည် ဆန်တန်ချိန် (၁,၁၈၅,၇၆၄)သန်းခန့်ကို ဗီယက်နမ်၊ ထိုင်း၊ ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာနှင့် တရုတ် နိုင်ငံတို့ထံမှ တင်သွင်းသွားမည်ဖြစ်သည်ဟု သိရှိရပါသည်။

၂၀၁၈ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ဆန်ထုတ်လုပ်မှုမှာ တန်ချိန်(၁၂.၂၃)သန်းခန့် ရှိခဲ့ပြီး ယခု ၂၀၁၉ခုနှစ်တွင်မူ တန်ချိန်(၁၂.၁၅)သန်းခန့်သာရှိနိုင်ပြီး ပြည်တွင်းစားသုံးမှု ပမာဏမှာ (၁၃.၆၅)သန်းတန်ခန့်ရှိသည်ဟု သိရှိရပါသည်။

ရည်ညွှန်း www.philstar.com