ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်း မြန်မာနိုင်ငံသို့ ချေးငွေဘတ်()ဘီလီယံ ခွင့်ပြုခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်းသက်ဆင်အား ထိုင်းတရားရုံးချုပ်က ထောင်ဒဏ် ()နှစ်ပြစ်ဒဏ်ချမှတ်ခဲ့မှု

ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း မြန်မာနိုင်ငံသို့ ချေးငွေဘတ်(၄)ဘီလီယံ ခွင့်ပြုခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်းသက်ဆင်အား ထိုင်းတရားရုံးချုပ်က ၂၀၁၉ခုနှစ်၊ ဧပြီလ (၂၃)ရက်(အင်္ဂါနေ့)တွင် ထောင်ဒဏ်(၃)နှစ်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် ၎င်းအာဏာရရှိခဲ့သည့်ကာလအတွင်း ၂၀၀၄ခုနှစ်၌ မြန်မာအစိုးရထံသို့ ဘတ်ငွေ(၄)ဘီလီယံခန့်အား သတ်မှတ်ထားသည့် ဘဏ်တိုးနှုန်းအောက်လျှော့ချ၍ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေထုတ်ပေးရန် ထိုင်းနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ်(Exim Bank)သို့ အမိန့်ပေးခဲ့ပြီး အဆိုပါချေးငွေများဖြင့် သက်ဆင်မိသားစုပိုင်ဆိုင်သည့် Shin Satellite Plc မှ ဆက်သွယ်ရေးပစ္စည်းများကို ဝယ်ယူရန် မြန်မာအစိုးရထံကမ်းလှမ်းခဲ့သဖြင့် မြန်မာအစိုးရက ဘတ်ငွေ သန်း(၄၀၀)ဖိုးခန့်တန်ဖိုးရှိ ဆက်သွယ်ရေး ပစ္စည်းများကို ဝယ်ယူခဲ့ရသည်ဟု သိရှိရပါသည်။

၂၀၀၆ ခုနှစ်တွင် ဝန်ကြီးချုပ်သက်ဆင်ထံမှ ဗိုလ်ချုပ်ကြီး ဆွန်သီ ဦးဆောင်သည့် တပ်မတော်အစိုးရက အာဏာသိမ်းယူခဲ့ပြီးနောက် ၂၀၀၈ခုနှစ်တွင် ထိုင်းအာဏာပိုင်များသည် ချေးငွေဘတ်ငွေ (၄)ဘီလီယံကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးချုပ်ဟောင်းသက်ဆင်အား တရားစွဲဆိုခဲ့ကြောင်း၊ အဆိုပါ အမှုကို ထိုင်းနိုင်ငံရှိ ပိုင်ဆိုင်မှုများ စိစစ်ရေးကော်မတီ(ASC)က စတင်စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ရှေ့နေချုပ်ရုံးနှင့် အဂတိလိုက်စားမှုကော်မရှင်တို့ထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ စစ်ဆေးချက်များအရ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ထိုင်းနိုင်ငံ၏ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ(၁၅၂)ပါ ပြဌာန်းချက်ဖြစ်သည့် အစိုးရပိုင်ပစ္စည်းများအား မိမိ၏ကိုယ်ကျိုး စီးပွားအတွက် အလွဲသုံးစားပြုလုပ်ခဲ့သည်ဟူ၍ စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း၊ အဆိုပါပြစ်မှုအတွက် ပြစ်ဒဏ် ပြဌာန်းချက်မှာ ထောင်ဒဏ်(၁)နှစ်မှ (၁၀)နှစ်အထိ ကျခံရမည့်အပြင် ငွေဒဏ်အဖြစ် ဘတ်ငွေ(၂)သောင်းမှ (၂)သိန်းအထိ ပေးဆောင်ရမည်ဖြစ်သော်လည်း ထိုင်းတရားရုံးချုပ်သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ(၂၃)ရက်နေ့တွင် သက်ဆင်၏ ပြစ်မှုနှင့်ပတ်သက်၍ ပြစ်ဒဏ်ချမှတ်ရာ၌ ထောင်ဒဏ်(၃)နှစ်သာချမှတ်ခဲ့ကြောင်း၊ တရားရုံးအမိန့် ချမှတ်သည့်နေရာသို့ ဝန်ကြီးချုပ်ဟောင်းသက်ဆင် လာရောက်ခြင်းမရှိသောကြောင့်မျက်ကွယ် ပြစ်ဒဏ်သာ ချမှတ်ခဲ့ရသည်ဟု www.bangkokpost.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။