ကုန်သွယ်ရေးပြဿနာကြောင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးပမာဏမှာ ကျဆင်းသွားခဲ့

          အမေရိကန်ပြည်ထောင်စုနှင့် ဖြစ်ပွားနေသည့် ကုန်သွယ်ရေးပြဿနာကြောင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးပမာဏမှာ ကျဆင်းသွားခဲ့ကြောင်း၊ တရုတ်ဗဟိုဘဏ်က ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ ဇူလိုင်လအတွင်း တရုတ်ဗဟိုဘဏ်၏ နိုင်ငံခြားအရန်ငွေကြေးစုဆောင်းမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၅.၅၄) ဘီလီယံခန့် လျော့နည်းသွားပြီး စုစုပေါင်းနိုင်ငံခြားအရန်ငွေကြေးပမာဏ အမေရိကန်ဒေါ်လာ (၃.၁၀၄) ထရီလီယံသာ ကျန်ရှိတော့သည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

          သို့သော် တရုတ်ဗဟိုဘဏ်၏ စုဆောင်းထားသော အရန်ရွှေပမာဏမှာမူ မြင့်တက်လာခဲ့ကြောင်း၊ ဗဟိုဘဏ်သည် ဇူလိုင်လအတွင်း၌ ရွှေတန်ချိန် (၉.၀၇) တန်ခန့် ဝယ်ယူစုဆောင်းခဲ့သည့်အတွက် ဗဟိုဘဏ်၏ အရန်ရွှေစုစုပေါင်းပမာဏမှာ တန်ချိန် (၁၇၆၅.၀၄) တန်ခန့်သို့ရောက်ရှိခဲ့ကြောင်း၊ တန်ဖိုးပမာဏာအရ အမေရိကန်ဒေါ်လာ (၈၈.၈၇၆) ဘီလီယံသို့မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

          တရုတ်ဗဟိုဘဏ်များအနေဖြင့် ၂၀၁၅ခုနှစ်မှ လက်ရှိအချိန်ထိကာလအတွင်း စီးပွားကျဆင်းခဲ့မှုနှင့်  ကုန်သွယ်ရေးပြဿနာများကို ဖြေရှင်းရန်အတွက် (၄) နှစ်တာကာလအတွင်း  နိုင်ငံခြားအရန်ငွေကြေး အမေရိကန်ဒေါ်လာ (၁) ထရီလီယံခန့်ကို အသားတင်ထုတ်နုတ်သုံးစွဲကာ ယွမ်ငွေတန်ဖိုးကို လိုအပ်သလို အတင်အချပြုလုပ်ခဲ့ပြီး ယခုအခါယွမ်ငွေတန်ဖိုးကို အမေရိကန်တစ်ဒေါ်လာလျှင်(၇) ယွမ်အထက် လဲလှယ်မှုနှုန်းသာရှိစေရန် တန်ဖိုးလျှော့ချထားသည်ဟု ငွေကြေးစေျးကွက်လေ့လာသူများ၏ သုံးသပ်ချက်အရ သိရှိရကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။