ကက်ရှ်မီးယားဒေသအားအိန္ဒိယအစိုးရက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်မှ ပြန်လည် ရုတ်သိမ်းသည့်အပေါ် အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က စိုးရိမ်ပူပန်လျက်ရှိ

          အိန္ဒိယအစိုးရသည် မွတ်ဆလင်အများစုနေထိုင်သည့် ကက်ရှ်မီးယား‌ဒေသအား နှစ်ပေါင်း (၇၀) ခန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားခြင်းကို ပြန်လည်ရုတ်သိမ်းခဲ့ပြီးဗဟိုအစိုးရ၏ ထိန်းချုပ်မှုအောက်ရှိ ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ခဲ့ရာ ယင်းကိစ္စနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ပူပန်မိသည်ဟု အစ္စလာမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါသည်။

          OIC သည် ကက်ရှ်မီးယားကိစ္စနှင့်ပတ်သက်၍ ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျီဒက်မြို့ရှိ OIC အဖွဲ့ချုပ်၌ အရေးပေါ်အစည်းအဝေးကို ယခုရက်ပိုင်းအတွင်း ကျင်းပခဲ့ပြီး ကက်ရှ်မီးယားပြည်သူများ၏ ဥပဒေကြောင်းအရ ရသင့်ရထိုက်သော ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ တည်ထောင်ရေးအတွက် ကြိုးပမ်းနေမှုများကို OIC အဖွဲ့ကအပြည့်အဝထောက်ခံသွားမည်ဟု ကြေညာခဲ့ကြောင်းသိရှိရပါသည်။

          OIC သည် ဂျမူးနှင့် ကက်ရှ်မီးယားအရေး ထိတွေ့ဆောင်ရွက်မှုဆိုင်ရာအဖွဲ့ကို ၁၉၉၄ ခုနှစ် တွင် ဖွဲ့စည်းခဲ့ပြီး အဆိုပါ အဖွဲ့တွင် ပါကစ္စတန်၊ ဆော်ဒီအာရေဗျ၊ တူရကီ၊ အဇာဘိုင်ဂျန် နှင့် နိုင်ဂျာနိုင်ငံများပါဝင်ကြောင်း၊ ယင်းအဖွဲ့သည် ပဋိပက္ခမကြာခဏဖြစ်ပွားနေသော ဂျမူးနှင့် ကက်ရှ်မီးယားဒေသအရေးကိစ္စအတွက် အဓိကရည်ရွယ်ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်ကြောင်း၊ ယင်းအဖွဲ့တွင် ပါဝင်သည့် ပါကစ္စတန်နိုင်ငံက အိန္ဒိယနိုင်ငံ၏ လုပ်ရပ်မှာတရားမဝင်ကြောင်းနှင့် ယင်းပြဿနာကို နိုင်ငံတကာမှ ဝင်ရောက်ဖြေရှင်းပေးနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုယခုရက်ပိုင်းအတွင်း ကြေညာခဲ့ကြောင်း သိရှိရပါသည်။

          ဂျမူးနှင့် ကက်ရှ်မီးယားဒေသသည် ၁၉၄၇ ခုနှစ်၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ တပြိုင်နက် လွတ်လပ်ရေးရရှိခဲ့သည့် အချိန်မှစ၍ ရန်ဘက်နှစ်နိုင်ငံအကြား ကြားခံနယ်မြေတစ်ခုအဖြစ် ရပ်တည်ခဲ့ကြောင်း၊ အိန္ဒိယနှင့် ပါကစ္စတန်သည် စစ်ပွဲသုံးကြိမ် (၁၉၄၈ ခုနှစ်၊ ၁၉၆၅ ခုနှစ်၊ ၁၉၇၁ ခုနှစ်) ဖြစ်ပွားခဲ့ရာ နှစ်ကြိမ်မှာ ကက်ရှ်မီးယားဒေသနှင့်ပတ်သက်၍  ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ၁၉၈၉ ခုနှစ်တွင် ကက်ရှ်မီးယားဒေသတွင်းနေထိုင်သည့် လူအများစု မွတ်ဆလင်များက အိန္ဒိယအစိုးရကို ဆန့်ကျင်တော်လှန်သည့် လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ကက်ရှ်မီးယားတွင် နေထိုင်သော လူနည်းစုဟိန္ဒူဘာသာဝင် (၄) သိန်းခန့်မှာ ကက်ရှ်မီးယားကိုစွန့်ခွာ၍ အိန္ဒိယနိုင်ငံတစ်ဝန်းရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်ခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် နေရပ်ပြန် ဟိန္ဒူဘာသာဝင်များကို လုံခြုံရေးကို အပြည့်အဝကာကွယ်ပေးပြီး နေအိမ်ဝယ်ယူခွင့်၊ အလုပ်အကိုင်နှင့် ပညာသင်ကြားရေးတို့အတွက် တားဆီးဖြစ်နေသည့်အရာများအားလုံးကို ဖယ်ရှားပေးမည်ဟု ကတိပြုခဲ့သောကြောင့် ကက်ရှ်မီးယားဒေသမှ စွန့်ခွာခဲ့သည့် ဟိန္ဒူဘာသာဝင်များမှာ နေရပ်သို့ပြန်ရန် စီစဉ်လျက်ရှိကြောင်း www.dhakatribune.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။