ဆားဘီးယားနိုင်ငံသားအဖြစ် ခံယူသွားသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ခ်အား ပြန်လည်လွှဲပြောင်းပေးရေးအတွက် ဆားဘီးယားအစိုးရနှင့်ဆက်သွယ်ရန် ထိုင်းအစိုးရက စီစဉ်နေ

          ထိုင်းနိုင်ငံ၌ တာဝန်ဝတ္တရားပေါ့လျော့မှုဖြင့် မျက်ကွယ်ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် (၅) နှစ်စီရင်ခြင်းခံထားရသော ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ခ်အား ဆားဘီးယားအစိုးရက ၂၀၁၉ခုနှစ်၊ ဇွန်လအတွင်း၌ ဆားဘီးယားနိုင်ငံသားအဖြစ် လက်ခံအသိအမှတ်ပြုခဲ့ပြီး ဆားဘီးယားနိုင်ငံကူးလက်မှတ်ကိုပါ ကိုင်ဆောင်ခွင့်ပြုခဲ့ကြောင်း၊ ယင်လတ်ခ်သည် ဆားဘီးယားနိုင်ငံကူးလက်မှတ်ဖြင့် ဥရောပသမဂ္ဂ နိုင်ငံအများစုအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀) ကျော်ခန့်အား ပြည်ဝင်ခွင့်ဗီဇာမလိုဘဲ လွတ်လပ်စွာ သွားရောက်နိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။

          ထိုင်းအာဏာပိုင်များသည် ဝန်ကြီးချုပ်ယင်လတ်ခ်အား ဖမ်းဆီးနိုင်ရေးအတွက် ဆားဘီးယား အစိုးရတာဝန်ရှိသူများနှင့် ဆက်သွယ်ရန်စီစဉ်နေကြောင်း၊ ထိုင်းနိုင်ငံရှေ့နေချုပ်ရုံး၏ နိုင်ငံတကာရေးရာဌာနညွှန်ကြားရေးမှူးချုပ် ချက်ခွန်အာကာရင်းက ၂၀၁၉ ခုနှစ်၊ဩဂုတ်လ (၉) ရက်(သောကြာနေ့) တွင် ပြောကြားရာ၌ ထိုင်းနှင့် ဆားဘီးယားနိုင်ငံတို့အကြားတွင် တရားခံလွှဲပြောင်းရေးဆိုင်ရာ သဘောတူညီချက် စာချုပ်ချုပ်ဆိုထားခြင်းမရှိကြောင်း၊ သို့သော် ထိုင်းအစိုးရအနေဖြင့် နောင်ကာလများတွင် ဆားဘီးယားအစိုးရက ဝရမ်းထုတ်ထားသော တရားခံများ ထိုင်းနိုင်ငံသို့ ရောက်ရှိလာပါက ဖမ်းဆီးလွှဲပြောင်းပေးမည်ဟူသော ကြိုတင်ကတိပေးမှုဖြင့် ယင်လတ်ခ်အား အလွှဲအပြောင်းပြုလုပ်ပေးရန်အတွက် ညှိနှိုင်းရမည်ဖြစ်ကြောင်း၊ထိုင်းရှေ့နေချုပ်ရုံးသည် ယင်လတ်ခ်အားဖမ်းဆီးနိုင်ရေးအတွက် အချို့နိုင်ငံများနှင့်ညှိနှိုင်းခဲ့သော်လည်း အဆိုပါ နိုင်ငံများက ငြင်းဆန်ခဲ့ကြကြောင်း၊ လက်ရှိအချိန်၌ ယင်လတ်ခ်ရောက်ရှိနေသည့်နေရာကို တိကျစွာသိရှိနိုင်ပါက သူမအား ဖမ်းဆီးနိုင်ရေးအစီအစဉ်များကို လုပ်ဆောင်နိုင်လိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ထိုင်းနိုင်ငံတွင် ယင်လတ်ခ် ထွက်ပြေးတိမ်ရှောင်းသွားသည့်ကိစ္စနှင့်ပတ်သက်၍  တပ်မတော် ခေါင်းဆောင်များအပေါ် ပြည်သူအများစုက သံသယဝင်လျက်ရှိကြောင်း၊ ယင်လတ်ခ်သည် ၂၀၁၇ခုနှစ်အတွင်း တရားရုံးက စီရင်ချက်မချမီရက်ပိုင်းအလိုထိ အနာဂတ်အတွက် ပြင်ဆင်ထားပြီးဖြစ်ကြောင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်းကို ခံယူမည်ဟု ကြေညာထားခဲ့သူဖြစ်ကြောင်း၊ သို့သော်ယင်လတ်ခ်အနေဖြင့် ထိုင်းနိုင်ငံအတွင်းဆက်လက်နေထိုင်၍ ထောင်ဒဏ်ကျခံမည်ဆိုပါက ထိုင်းပြည်သူအများစုကြားတွင် နိုင်ငံရေးသူရဲကောင်းအဖြစ် ရောက်ရှိသွားမည်ဖြစ်ပြီး ယင်လတ်ခ်အား ထောင်ဒဏ်ချမှတ်ခြင်းကိုအကြောင်းပြု၍ ထိုင်းနိုင်ငံ၌ ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာမည့် အနေအထားရှိသောကြောင့် တပ်မတော်ခေါင်းဆောင်များအနေဖြင့် ယင်လတ်ခ်အား ထိုင်းနိုင်ငံအတွင်း၌မရှိစေရန်အတွက်ယင်လတ်ခ်ထွက်ပြေးတိမ်းရှောင်မည့်ကိစ္စကို မတားဆီးခဲ့ခြင်းဖြစ်သည်ဟု ပြည်သူများက ယူဆထားကြကြောင်း www.bangkokpost.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။