ဟောင်ကောင် ဆန္ဒပြပွဲ ဂယက်ကြောင့် ဂျပန်ယန်းငွေတန်ဖိုးမှာ (၇) လအတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာခဲ့

          ဟောင်ကောင်၌ ဆန္ဒပြပွဲများ၏ အခြေအနေမှာ ပိုမိုဆိုးရွားလာပြီး စီးပွားရေးလုပ်ငန်းများသာမက နိုင်ငံတကာခရီးသည်တင် လေကြောင်းလိုင်းများ ပျံသန်းမှု၌ပါ အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ တရုတ်အာဏာပိုင်များသည် ဟောင်ကောင်ဆန္ဒပြပွဲများကို မကြာမီကာလအတွင်း ဖြိုခွင်းတော့မည့်အနေအထားရှိပြီး ဟောင်ကောင်နယ်စပ်တွင် တရုတ်သံချပ်ကာကားများ နေရာယူထားသည့် ရုပ်သံမှတ်တမ်းများကို တရုတ်နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ပြသလျက်ရှိကြောင်း၊  အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်အပါအဝင် အနောက်နိုင်ငံများသည် တရုတ် အစိုးရအနေဖြင့် ဟောင်ကောင်ဆန္ဒပြပွဲများအပေါ် အင်အားသုံးနှိမ်နင်းခြင်းမပြုရန် သတိပေးလျက်ရှိကြောင်း၊ အာရှစီးပွားရေး၌ အချက်အချာကျသော ဟောင်ကောင်၌ နိုင်ငံရေးအခြေအနေဆိုးရွားလာခြင်းကို အကြောင်းပြု၍ ရင်းနှှီးမြှပ်နှံသူများသည် ယခုအခါကုန်သွယ်ရေးစစ်ပွဲပြဿနာများ၊ နိုင်ငံရေးပြဿနာများနှင့် ကင်းရှင်းနေသည့် ဂျပန်ငွေကြေးစေျးကွက်အတွင်းသို့ ရင်းနှီးမြှပ်နှံမှုများ ပြောင်းလဲပြုလုပ်လျက်ရှိသောကြောင့် ဂျပန်ယန်းငွေတန်ဖိုးမှာ (၇) လတာကာလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။

          ထို့အပြင် တောင်အမေရိကတိုက်၏ အဓိကနိုင်ငံကြီးတစ်ခုဖြစ်သော အာဂျင်တီးနားနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ ပထမအကျော့ယှဉ်ပြိုင်မှု၌ လက်ရှိ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေသူ သမ္မတမော်ရီစီယိုမက်ခရီမှာ ရှုံးနိမ့်ခဲ့သောကြောင့် လာမည့်အောက်တိုဘာလ၌ ကျင်းပမည့် ရွေးကောက်ပွဲဒုတိယအကျော့ယှဉ်ပြိုင်မှုတွင် လက်ရှိသမ္မတထပ်မံရှုံးနိမ့်ပါက ပြုလုပ်ဆဲစီးပွားရေးပြောင်းလဲမှုများ အားလုံးရပ်ဆိုင်းကာ အာဂျင်တီးနားနိုင်ငံ၏ စီးပွားရေး ထပ်မံကျဆင်းလာမည့် အနေအထားရှိကြောင်း၊ အာဂျင်တီးနား နိုင်ငံသုံးငွေပီဆိုတန်ဖိုးသည် နိုင်ငံရေးမတည်ငြိမ်မှုကို အကြောင်းပြု၍ ရွေးကောက်ပွဲပထမအကျော့ရလဒ်ထုတ်ပြန်အပြီး ဩဂုတ်လ (၁၂) ရက်နေ့၌ ၁၅% အထိ ကျဆင်းခဲ့ကြောင်း၊ ထို့ကြောင့် လက်တင်အမေရိကရှိ ရင်းနှီးမြှပ်နှံသူများသည် လတ်တလောတန်ဖိုးကျဆင်းနေသည့် အာဂျင်တီးနားနိုင်ငံသုံးငွေပီဆိုနှင့် အားပျော့နေသည့်  အမေရိကန်ဒေါ်လာတို့အစား ကမ္ဘာ့ငွေကြေးစေျးကွက်အတွင်း၌ အဓိကသုံးစွဲနေသော ငွေကြေးတစ်မျိုးဖြစ်သည့် ဂျပန်ယန်းငွေကို ပြောင်းလဲစုဆောင်းမှုများပြုလုပ်လာခြင်းသည်လည်း ယန်းငွေတန်ဖိုးကို မြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၁၉ခုနှစ်၊ ဩဂုတ် (၁၃) ရက် (အင်္ဂါနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ငွေကြေးစေျးကွက်အတွင်း၌ ဂျပန်ယန်းငွေတန်ဖိုးမှာ ၀.၃% မြင့်တက်ပြီးအမေရိကန်တစ်ဒေါ်လာလျှင် (၁၀၅.၀၅) ယန်းလဲလှယ်မှုနှုန်းသို့ ရောက်ရှိခဲ့ရာ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့နောက်ပိုင်း (၇) လတာကာလအတွင်း အမြင့်ဆုံးဖြစ်ကြောင်း www.cnbc.com အင်တာနက်website တွင်ဖော်ပြပါရှိပါသည်။