Facebook သည် Libra ဒီဂျစ်တယ်ငွေကြေးလုပ်ငန်းစဉ် အောင်မြင်စေရန်အတွက် စည်းရုံး လှုံ့ဆော်ပေးမည့်နာမည်ကြီး ပုဂ္ဂိုလ်နှစ်ဦးအား ငှားရမ်းခဲ့

          ကမ္ဘာကျော် လူမှုကွန်ရက်လုပ်ငန်းဖြစ်သော Facebook သည် ၎င်းတို့ထုတ်ဝေမည့် Libra ငွေကြေးအပေါ်နိုင်ငံတကာရှိ ဥပဒေပြုလွှတ်တော်အမတ်များနှင့် အာဏာပိုင်အဖွဲ့အစည်းများကကန့်ကွက်တားဆီးမှုများ မပြုလုပ်စေရန်အတွက် နာမည်ကြီးပုဂ္ဂိုလ်နှစ်ဦးအား ငှားရမ်း၍ စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း၊ Facebook က ဌားရမ်းခဲ့သော ပုဂ္ဂိုလ်နှစ်ဦးမှာ ဝီလျံဟိုလီယာနှင့် မိုက်ကယ်ဝီလျံတို့ဖြစ်ကြောင်း သိရှိရပါသည်။

          ဝီလျံဟိုလီယာသည် ကမ္ဘာပေါ်၌ စီးပွားရေးကိစ္စများ၊ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊နည်းပညာကဏ္ဍ နှင့် ကုန်သွယ်ရေးမူဝါဒရေးရာအပါအဝင် ကဏ္ဍမျိုးစုံတို့အတွက် အတိုင်ပင်ခံဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်နေသည့် Hollier Associates LLC ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်ကြောင်း၊ ၎င်းသည်အမေရိကန်အထက်လွှတ်တော် ဘဏ်လုပ်ငန်းရေးရာ ကော်မတီဥက္ကဋ္ဌ လွှတ်တော်အမတ် မိုက်ခ်ခရာပိုနှင့် အလွန်ရင်းနှီးသူဖြစ်ပြီး Libra‌ ငေွကြေးအား အမေရိကန်အထက်လွှတ်တော်က ကန့်ကွက်ခြင်းမရှိစေရန်အတွက် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လကုန်ပိုင်းမှစတင်၍ အမေရိကန်အထက်လွှတ်တော်တွင် စည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ဝီလျံဟိုလီယာအား ဌားရမ်းထားသည့် နာမည်ကျော်လုပ်ငန်းများတွင် Facebook သာမက မိုက်ခရိုဆော့ဖ်ကုမ္ပဏီနှင့် အခြားထင်ရှားသည့် ဘဏ်လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရှိရပါသည်။

          အလားတူ Facebook ကဌားရမ်းထားသော မိုက်ကယ်ဝီလျံသည်လည်း ပြည်သူ့ရေးရာမူဝါဒများ၊ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ နာမည်ကျော်အတိုင်ပင်ခံ ကုမ္ပဏီတစ်ခုဖြစ်သော Willams Group  ၏ဥက္ကဋ္ဌဖြစ်ပြီး ကမ္ဘာကျော်ဆွစ်ဇာလန်ဘဏ် လုပ်ငန်းဖြစ်သော Credit Suisse တွင် အမှုဆောင် ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ကြောင်း၊ မိုက်ကယ်ဝီလျံသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လလယ်ပိုင်း မှစတင်၍ Libra‌ ငွေကြေးနှင့်ပတ်သက်သည့် စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းများကို နိုင်ငံတကာနယ်ပယ်များတွင် စတင် ဆောင်ရွက်လျက်ရှိကြောင်း၊ မိုက်ကယ်ဝီလျံကို ဌားရမ်းထားသည့် လုပ်ငန်းများတွင် Facebook သာမက နာမည်ကျော်အမေရိကန်လေကြောင်းလိုင်းဖြစ်သောDelta Airline နှင့်အမေရိကန်ပြည်ထောင်စု အခြေစိုက်အဖွဲ့အစည်းတစ်ခုဖြစ်သော American Financial Services Association တို့လည်းပါဝင်ကြောင်း သိရှိရပါသည်။

          လက်ရှိအချိန်တွင် Libra‌ ငွေကြေးနှင့်ပတ်သက်၍ အမေရိကန်ကွန်ဂရက်လွှတ်တော်ကပြင်းထန်စွာဝေဖန်လျက်ရှိပြီး လွှတ်တော်အမတ်အများစုသည် Libra‌ အားထုတ်ဝေခွင့်မပေးစေရေးအတွက် အဆိုပြုချက်များ တင်သွင်းနေချိန်တွင် Facebook သည် နာမည်ကျော်ကြားသည့် ပုဂ္ဂိလ်နှစ်ဦးကို ယခုကဲ့သို့ငှားရမ်းခဲ့ပြီး အမေရိကန်ကွန်ဂရက်လွှတ်တော်အတွင်း၌ ထောက်ခံမှုရရှိစေရန်အတွက် စည်းရုံးလှုံ့ဆော်မှုလုပ်ငန်းများကို စတင်ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း www.bloomberg.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။