တရုတ်အစိုးရသည် တပ်မတော်အတွင်းတပ်မတော်သားများအတွက် ပေးအပ်မည့်ဆုကြေးကို တရုတ်နိုင်ငံမှ တရားဝင်ထုတ်ဝေမည့် ဒီဂျစ်တယ်ငွေကြေးဖြင့် ပေးအပ်သွားရန် စီစဉ်လျက်ရှိ

တရုတ်အစိုးရသည် တပ်မတော်အတွင်းတပ်မတော်သားများအတွက် ပေးအပ်မည့်ဆုကြေးကို တရုတ်နိုင်ငံမှ တရားဝင်ထုတ်ဝေမည့် ဒီဂျစ်တယ်ငွေကြေးဖြင့် ပေးအပ်သွားရန် စီစဉ်လျက်ရှိ

          တရုတ်အစိုးရသည် တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားစေရေးအတွက် ထူးချွန်သည့် တပ်မတော်သားများအပေါ် ပေးအပ်မည့်ဆုကြေးကို တရုတ်နိုင်ငံမှ တရားဝင်ထုတ်ဝေမည့် ဒီဂျစ်တယ်ငွေကြေးဖြင့်် ပေးအပ်သွားရန်စီစဉ်လျက်ရှိသည်ဟု တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပိုင်သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရပါသည်။ 

          တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ထုတ်ဝေသည့် သတင်းစာတွင် ရေးသားဖော်ပြထားချက်များအရ တရုတ်အစိုးရသည် တပ်မတော်အတွင်း တာဝန်ဝတ္တရားများ အောင်မြင်စွာ ဆောင်ရွက်နိုင်သည့် တပ်ဖွဲ့ဝင်များ၊ လုပ်ငန်းခွင်နှင့် လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များတွင် ထူးချွန်သည့် တပ်ဖွဲ့ဝင်များအား ဆုကြေးများပေးအပ်ရာတွင် တရုတ်နိုင်ငံမှ ထုတ်ဝေရန် စီစဉ်ထားသော ဒီဂျစ်တယ်ငွေကြေးများကို အသုံးပြုရန် အကြံပြုရေးသားထားသည်ဟု သိရှိရပါသည်။ 

          တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အတွင်း၌  ဒီဂျစ်တယ်ငွေကြေးဖြင့် ဆုကြေးပေးအပ်မည့်အစီအစဉ်သည် လွန်ခဲ့သည့်ရက်သတ္တပတ်များအတွင်း ကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအစည်းအဝေး၌ တရုတ်သမ္မတရှီကျင့်ပင်၏ ဒီဂျစ်တယ်ငွေကြေးနှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် ပြောဆိုမှုများထွက်ပေါ်ပြီးနောက်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်အကောင်အထည်ပေါ်လာပါက တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာပေါ်၌ ပထမဆုံးဒီဂျစ်တယ်ငွေကြေးဖြင့် တပ်ဖွဲ့ဝင်များအပေါ် ဆုကြေးပေးအပ်သည့် နိုင်ငံတစ်ခုဖြစ်လာမည်ဖြစ်သည်ဟုသိရှိရပါသည်။ 

          တရုတ်နိုင်ငံအနေဖြင့် ၎င်း၏ကိုယ်ပိုင် ဒီဂျစ်တယ်ငွေကြေးကိုလာမည့် ၂၀၂၀ နှစ်ဦးပိုင်းတွင် စတင်ထုတ်လုပ်သုံးစွဲနိုင်ရန် စီစဉ်လျက်ရှိပြီး အီလက်ထရွန်းနစ်ငွေပေးချေမှုပုံစံ(DCEP) အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကာAlipayနှင့် WeChat Pay တို့မှတစ်ဆင့် တရုတ်ဗဟိုဘဏ်၏ လက်အောက်ခံဘဏ်များဖြစ်သော ကူးသန်းရောင်းဝယ်မှုဘဏ်များနှင့် အခြားငွေပေးချေမှုဆိုင်ရာကွန်ရက်များအတွင်း အသုံးပြုသွားဖွယ်ရှိကြောင်း၊ ယခုအခါ တရုတ်နိုင်ငံအနေဖြင့် ဒီဂျစ်တယ်ငွေကြေးအားအသုံးပြု၍ ငွေပေးချေမှုပြုလုပ်နိုင်သည့် စနစ်တစ်ခုလုံးနှင့် ချိတ်ဆက်လုပ် ဆောင်မည့်ကွန်ယက်စနစ်များအား အသင့်လုပ်ဆောင်ထားပြီးဖြစ်ရာလာမည့်ကာလများအတွင်း စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် အဆိုပါ ဒီဂျစ်တယ်ငွေကြေးကို နိုင်ငံအတွင်းသုံးစွဲနေသည့် ငွေသားစက္ကူများနေရာတွင် လုံးလုံးလျားလျားအစားထိုးသုံးစွဲသွားမည် မဟုတ်ဘဲ စမ်းသပ်သုံးစွဲမှုတစ်ရပ်အနေဖြင့်သာ ကနဦးလုပ်ဆောင်သွားရန်ရည်ရွယ်ထားသည်ဟု သိရှိရကြောင်း www.scmp.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။