အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံနှင့်ဥရောပသမဂ္ဂတို့ကဲ့သို့ ငွေကြေးတန်ဖိုးနိမ့်ချ၍ စီးပွားရေးအသာစီးရယူရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့သည့်အတွက် အမေရိကန်ဒေါ်လာတန်ဖိုး ဆက်လက်အားပျော့လျက်ရှိ

အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံနှင့်ဥရောပသမဂ္ဂတို့ကဲ့သို့ ငွေကြေးတန်ဖိုးနိမ့်ချ၍ စီးပွားရေးအသာစီးရယူရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားခဲ့သည့်အတွက် အမေရိကန်ဒေါ်လာတန်ဖိုး ဆက်လက်အားပျော့လျက်ရှိ

တရုတ်နိုင်ငံနှင့်ဥရောပသမဂ္ဂတို့သည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေး၌ အသာစီး ရရှိစေရန်အတွက် ယွမ်ငွေနှင့် ယူရိုငွေကြေးတန်ဖိုးများအား ဖြစ်သင့်ဖြစ်ထိုက်သည့်အနေအထား အောက်‌လျှော့ချထားခြင်း၊ ငွေကြေးစေျးကွက်အတွင်းသို့ယွမ်ငွေနှင့် ယူရိုအများအပြားဖြည့်တင်းပေးခြင်း အစရှိသည့် နည်းလမ်းများကို အသုံးပြုလျက်ရှိရာ အမေရိကန်ပြည်ထောင်စုသည်လည်း တရုတ်နှင့် ဥရောပသမဂ္ဂတို့ကို စီးပွားရေးအရယှဉ်ပြိုင်နိုင်ရန်အတွက် အမေရိကန်ဒေါ်လာတန်ဖိုးအား တမင်လျော့ ချထားသည့် နည်းလမ်းကို ကျင့်သုံးသင့်သည်ဟု အမေရိကန် သမ္မတဒေါ်နယ်ထရန့်က ၂၀၁၉ ခုနှစ် ၊ ဇူလိုင်လ(၃) ရက်နေ့တွင် ၎င်း၏တွစ်တာ စာမျက်နှာပေါ်၌ ရေးသားဖော်ပြခဲ့ကြောင်း သိရှိရပါသည်။
သမ္မတဒေါ်နယ်ထရန့်၏ တွစ်တာစာမျက်နှာပေါ်တွင် ရေးသားချက်ပေါ်ပေါက်ပြီးနောက်တွင် ကမ္ဘာ့ငွေကြေးစေျးကွက်အတွင်း၌ အမေရိကန်ဒေါ်လာတန်ဖိုးမှာ ကျဆင်းသွားခဲ့ကြောင်း၊ ဇူလိုင်လ (၄) ရက် (ကြာသပတေးနေ့)သည် အမေရိကန်ပြည်ထောင်စု၏ လွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် အမေရိကန်နိုင်ငံတစ်ဝန်းရှိ ငွေကြေးစေျးကွက်များ ပိတ်ထားသောကြောင့် ငွေကြေးအရောင်းအဝယ် များ ရပ်ဆိုင်းခဲ့ကြောင်း၊ ဇူလိုင်လ(၅)ရက် (သောကြာနေ့)နံနက်ပိုင်းတွင် ကမ္ဘာ့ငွေကြေးစေျးကွက်၌ အမေရိကန်ဒေါ်လာတန်ဖိုးမှာ ဆက်လက်အားပျော့လျက်ရှိပြီး အမေရိကန်တစ်ဒေါ်လာလျှင် ဂျပန်ငွေ (၁၀၇.၈၅၀)ယန်း၊ အမေရိကန်တစ်ဒေါ်လာလျှင် တရုတ်ငွေ (၆.၈၇)ယွမ်၊ တစ်ယူရိုလျှင် အမေရိကန် ဒေါ်လာ (၁.၁၂၈၀)ဒေါ်လာလဲလှယ်မှုနှုန်းများ၌ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ထိုင်းဘတ်ငွေတန်ဖိုးအဆမတန်မြင့်တက်နေခြင်းကြောင့် ပို့ကုန်လုပ်ငန်းနှင့်ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများတွင် ဆုံးရှုံးမှုများကြုံတွေ့လျက်ရှိ

ထိုင်းဘတ်ငွေတန်ဖိုးအဆမတန်မြင့်တက်နေခြင်းကြောင့် ပို့ကုန်လုပ်ငန်းနှင့်ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများတွင် ဆုံးရှုံးမှုများကြုံတွေ့လျက်ရှိ

၂၀၁၉ ခုနှစ် နှစ်ဆန်းမှ လက်ရှိအချိန်အထိကာလအတွင်း ထိုင်းဘတ်ငွေတန်ဖိုးမှာ ၆% ခန့် မြင့်တက်ခဲ့သည့်အတွက် ပို့ကုန်ကဏ္ဍနှင့် ကမ္ဘာ့လှည့်ခရီးသွားကဏ္ဍတွင် ဆုံးရှုံးမှုများ စတင်ကြုံတွေ့လျက်ရှိကြောင်း၊ ထိုင်းဘတ်ငွေတန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ရာ၌ ၂၀၁၈ ခုနှစ်အတွင်း၌ အမေရိကန်တစ်ဒေါ်လာလျှင် ပျမ်းမျှအားဖြင့် (၃၂.၄၈) ဘတ်လဲလှယ်မှုနှုန်းဝန်းကျင်၌ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် အတွင်း၌မူ အမေရိကန်တစ်ဒေါ်လာလှျင် ပျမ်းမျှအားဖြင့် (၃၀.၅၀) ဘတ်နှင့် (၃၀.၆၀) ဘတ်လဲလှယ်မှု နှုန်းအတွင်းသို့ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံပို့ကုန်လုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ ဘီဆစ်လင်မ်လာချာက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၃)ရက် (ဗုဒ္ဓဟူးနေ့) တွင် ပြောကြားရာ၌ ဘတ်ငွေတန်ဖိုးအဆမတန်မြင့်တက်မှုကြောင့် ထိုင်းကုန်ပစ္စည်းများကို ပြည်ပမှ မှာယူမှုလျော့နည်းသွားသည့်အတွက် ၂၀၁၉ ခုနှစ်၊ ပထမ (၅) လတာ ကာလအတွင်း ပို့ကုန်ကဏ္ဍ၌ ဝင်ငွေဆုံးရှုံးမှုမှာ ဘတ်ငွေ (၂၀၀) ဘီလီယံခန့်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် တစ်နှစ်လုံး အတိုင်းအတာအရတွက်ချက်ပါက ဘတ်ငွေ(၅၀၀)ဘီလီယံခန့်ဝင်ငွေဆုံးရှုံးနိုင်သည်ဟုပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အလားတူ ထိုင်းနိုင်ငံ၊ အားကစားနှင့်ကမ္ဘာလှည့်ခရီးသွားဝန်ကြီးဌာမှ တာဝန်ရှိသူများကလည်း ဘတ်ငွေတန်ဖိုးအဆမတန်မြင့်တက်သည့်ဂယက်ကြောင့် ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုမှာ ၄၇%၊ အာဖရိက နိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုမှာ ၂၈%၊ အမေရိကန်ပြည်ထောင်စုမှ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုမှာ ၂၀%၊ ဥရောပနိုင်ငံများမှ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုမှာ ၁၂% နှင့် တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုမှာ ၁၁% အသီးသီးကျဆင်းခဲ့သည့်အတွက် ထိုင်းနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားကဏ္ဍ၌ ဝင်ငွေရရှိမှုမှာ ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၀% အထိ ကျဆင်း နိုင်သည်ဟုပြောကြားခဲ့ကြောင်း၊ ထိုင်းနိုင်ငံသည် ၂၁၀၈ ခုနှစ်အတွင်း၌ ခရီးသွားကဏ္ဍမှပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ(၆၂)ဘီလီယံခန့် ဝင်ငေွရရှိခဲ့ကြောင်း ဖော်ပြပါရှိပါသည်။
(www.chaingraitimes.com အင်တာနက် website တွင် ဖော်ပြထားမှုကို နောက်ဆက်တွဲ “ ဂ ” ဖြင့် တင်ပြအပ်ပါသည်)

အမေရိကန်သမ္မတသည် ဘဏ်တိုးနှုန်းကို အများအပြားလျှော့ချလိုသူများအား ဗဟိုဘဏ်ကော်မတီ အတွင်း၌ ခန့်အပ်ရန်စီစဉ်နေခြင်းကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၄၃၀) အထက်သို့ မြင့်တက်ခဲ့

အမေရိကန်သမ္မတသည် ဘဏ်တိုးနှုန်းကို အများအပြားလျှော့ချလိုသူများအား ဗဟိုဘဏ်ကော်မတီ အတွင်း၌ ခန့်အပ်ရန်စီစဉ်နေခြင်းကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၄၃၀) အထက်သို့ မြင့်တက်ခဲ့

အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် လက်ရှိအမေရိကန်ဗဟိုဘဏ်၏ ငွေကြေးမူဝါဒကို နှစ်သက်မှုမရှိသောကြောင့် ဗဟိုဘဏ်ကော်မတီဝင်များအား ပြင်ဆင်ဖွဲ့စည်းရန်စီစဉ်နေပြီး ဘဏ်တိုးနှုန်းကို အများအပြားလျှော့ချလိုသော စိန့်လူးဝစ္စဘဏ်ဒုတိယဥက္ကဋ္ဌ ခရစ္စတိုဖာဝေလာနှင့် သမ္မတဒေါ်နယ်ထရန့်၏ ရွေးကောက်ပွဲအကြိုမဲဆွယ်ကာလများ၌ စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဂျူဒီရှဲလ်တန်တို့အား ဗဟိုဘဏ်ကော်မတီဝင်များအဖြစ်ခန့်အပ်မည်ဟု ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂) ရက် (အင်္ဂါနေ့) တွင် အမည်စာရင်း ထုတ်ပြန်ခဲ့ကြောင်း၊ သမ္မတဒေါ်နယ်ထရန့်သည် လက်ရှိ ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရွန်မီပေါင်ဝယ်လ်အားဖယ်ရှား၍ ဂျူဒီရှဲလ်တန်ကို ဥက္ကဋ္ဌနေရာအထိ အစားထိုး ခန့်အပ်ရန်ရည်မှန်းထားကြောင်း သတင်းများထွက်ပေါ်နေပြီး ဂျူဒီရှဲလ်တန်ကလည်း ၎င်းအနေဖြင့် တာဝန်ပေးအပ်ခြင်းခံရပါက ဘဏ်တိုးနှုန်းအား တစ်နှစ်မှနှစ်နှစ်အတွင်း ၀% အထိ လျှော့ချမည်ဟု ကြေညာထားသူဖြစ်ကြောင်း၊ ထို့ကြောင့် ဗဟိုဘဏ်ကော်မတီဝင်များအား အစားထိုးခန့်အပ်ရန် သမ္မတ၏ ပြောကြားချက်ထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ရက်သတ္တပတ် (၁) ပတ်အတွင်း အမြင့်ဆုံးအနေအထားသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံကုန်သွယ်ရေးတင်းမာမှုများ ခေတ္တပြေလျော့သွားချိန်တွင် အမေရိကန်သမ္မတသည် ဥရောပနိုင်ငံများမှ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းနေသည့် သံလွင်ဆီ၊ ဒိန်ခဲ၊ စကော့ဝီစကီ၊ အိုင်းရစ်ချ်ဝီစကီ၊ ကော်ဖီ၊ ဝက်ပေါင်ခြောက်၊ ပင်လယ်စာ အစရှိသည့်စားသောက်ကုန် များအပါအဝင် အမေရိကန်ဒေါ်လာ (၄) ဘီလီယံခန့်တန်ဖိုးရှိ ကုန်ပစ္စည်းအမျိုးအမည်ပေါင်း (၈၉) မျိုး အပေါ်၌ သွင်းကုန်ခွန်တိုးမြှင့်ကောက်ခံရန်ကြေညာခဲ့ပြီး ဥရောပသမဂ္ဂကလည်း အမေရိကန်ကုန်ပစ္စည်းများ အပေါ်၌ လက်တုံ့ပြန်အခွန်ကောက်ခံသွားမည်ဟု ကြေညာခဲ့သည့်အတွက် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံများအကြား ကုန်သွယ်ရေးတင်းမာမှုများ မြင့်တက်လာဖွယ်ရှိခြင်းသည်လည်း ကမ္ဘာ့ရွှေဈေးနှုန်းကို မြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃) ရက်(ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၁.၄% မြင့်တက် ခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၄၃၇.၈၈) အထိရောက်ရှိခဲ့ကြောင်း၊ အဆိုပါဈေးနှုန်းသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅) ရက်နောက်ပိုင်း ရက်သတ္တပတ် (၁) ပတ်အတွင်း အမြင့်ဆုံးအနေအထားဖြစ်ကြောင်း www.bloomberg.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ဟွာဝေးကုမ္ပဏီအပေါ် အရေးယူပိတ်ဆို့မှုများဖြေလျှော့ပေးခဲ့သည့် အမေရိကန်သမ္မတ၏ဆုံးဖြတ်ချက်အား အမေရိကန်လွှတ်တော်အမတ်များက ပြစ်တင်ဝေဖန်လျက်ရှိ

ဟွာဝေးကုမ္ပဏီအပေါ် အရေးယူပိတ်ဆို့မှုများဖြေလျှော့ပေးခဲ့သည့် အမေရိကန်သမ္မတ၏ဆုံးဖြတ်ချက်အား အမေရိကန်လွှတ်တော်အမတ်များက ပြစ်တင်ဝေဖန်လျက်ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် စက်မှုထိပ်သီးနိုင်ငံ (၂၀) အစည်းအဝေးပွဲကာလအတွင်း တရုတ်သမ္မတရှီကျင့်ပင်နှင့် တွေ့ဆုံသည့်အချိန်၌ ဟွာဝေးကုမ္ပဏီအပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများအား ဖြေလျှော့ပေးမည်ဟု ပြောကြားခဲ့ရာ အမေရိကန်သမ္မတ၏ ဆုံးဖြတ်ချက်အား အတိုက်အခံ ဒီမိုကရက်ပါတီလွှတ်တော်အမတ်များသာမက သမ္မတ၏ရီပက်ဗလစ် ကန်ပါတီလွှတ်တော်အမတ်များကပါ ပြစ်တင်ဝေဖန်လျက်ရှိကြောင်း သိရှိရပါသည်။
ဟွာဝေးကုမ္ပဏီအား အဓိကပစ်မှတ်ထားအရေးယူမှုများပြုလုပ်ရန် ဥပဒေပြဌာန်းချက်ကို စတင် အကြံပေးခဲ့သည့် ရီပက်ဗလစ်ကန်အထက်လွှတ်တော်အမတ် မာကိုရူဘီယိုက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင်ပြောကြားရာ၌ ဟွာဝေးကုမ္ပဏီအား အရေးယူပိတ်ဆို့မှုများ‌ဖြေလျှော့ပေးရန် ဆုံးဖြတ်ခဲ့ခြင်းမှာ သမ္မတဒေါ်နယ်ထရန့်အနေဖြင့် ကြီးမားသောမှားယွင်းမှုကို ကျူးလွန်မိခြင်းပင်ဖြစ်ကြောင်း၊ ဟွာဝေးအား အရေးယူပိတ်ဆို့မှုများ ဆက်လက်ပြုလုပ်နိုင်ရန်အတွက် အမေရိကန်ကွန်ဂရက်လွှတ်တော်၌ အဆိုတင်သွင်း၍ မဲခွဲဆုံးဖြတ်နိုင်ရန် တွန်းအားပေးဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း၊ အတိုက်အခံ ဒီမိုကရက်တစ်ပါတီအထက်လွှတ်တော်အမတ် ချော့ရှုးမားကလည်း သမ္မတဒေါ်နယ်ထရန့်၏ ဆုံးဖြတ်ချက်ကိုဝေဖန်ခဲ့ပြီး ဟွာဝေးကုမ္ပဏီအား ဖြေလျှော့ပေးခြင်းသည် တရုတ်နိုင်ငံ၏မျှတမှုမရှိသော ကုန်သွယ်ရေးကျင့်သုံးမှုများအပေါ် ထိရောက်စွာတုံ့ပြန်နိုင်မည့်အခွင့်အရေးကို လက်လွတ်စေသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အမေရိကန်သမ္မတ၏ စီးပွားရေးအကြံပေးပုဂ္ဂိုလ် လာရီကူဒလိုးက ပြောကြားရာ၌ လွှတ်တော်အမတ်များ၏ စိုးရိမ်ပူပန်မှုများကို နားလည်ပါကြောင်း၊ မည်သည့် စီးပွားရေးလုပ်ငန်းမဆို အမေရိကန်ပြည်ထောင်စု၏လုံခြုံရေးကို ထိခိုက်လာနိုင်သည်ဆိုပါက အမေရိကန်အစိုးရအနေဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးမည်မဟုတ်ကြောင်း၊ ဟွာဝေးကုမ္ပဏီနှင့်ပတ်သက်၍ အန္တရာယ်ကြီးကြီး မားမားရှိလာနိုင်သည်ကို နားလည်ပါကြောင်း၊ ကုန်သွယ်ရေးဆွေးနွေးပွဲမှာ မပြီးဆုံးသေးသည့်အတွက် ဟွာဝေးနှင့်ပတ်သက်၍ အပြည့်အဝပြောဆိုဆုံးဖြတ်ရခြင်း မရှိသေးကြောင်း၊ ဟွာဝေးသည် ဆက်သွယ်ရေး ကွန်ရက်လောက၌ 5G နည်းပညာကို ဦးဆောင်ဖန်တီးနေသည့်ကုမ္ပဏီတစ်ခုဖြစ်ပြီး တရုတ်အစိုးရ၏ ထိန်းချုပ်မှုနှင့်ကင်းရှင်းကြောင်းကို ကုမ္ပဏီတာဝန်ရှိသူများက ထပ်လောင်းရှင်းလင်းထားသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ဟွာဝေးကုမ္ပဏီသည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ထံမှ ကြေညာချက် ထွက်ပေါပြီးနောက်တွင် ဟွာဝေးစမတ်ဖုန်းများ၌ Google Andriod System အပါအဝင် အမေရိကန်ကုမ္ပဏီများနှင့် ပတ်သက်သည့် Software များ၊ Application များ၊ ပြန်လည်အသုံးပြုခွင့်ရရေးအတွက် စောင့်ဆိုင်းလျက်ရှိကြောင်း၊ ဟွာဝေးကုမ္ပဏီက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁) ရက် (တနင်္လာနေ့) တွင် ထုတ်ပြန်သည့် ကြေညာချက်၌ အသစ်ထုတ်ဝေမည့် ဟွာဝေးစမတ်ဖုန်းများတွင် Google နှင့်ဆက်စပ်နေသည့် Application များအား ပြန်လည်အသုံးပြုနိုင်ခွင့်ရှိ/ မရှိကို လမ်းညွှန်မှုပေးပါရန် အမေရိကန်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနထံသို့ မေတ္တာရပ်ခံထားကြောင်း www.dw.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲပြန်လည်စတင်မည့်ဂယက်ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၁.၈% အထိကျဆင်းသွားခဲ့

အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲပြန်လည်စတင်မည့်ဂယက်ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၁.၈% အထိကျဆင်းသွားခဲ့

ဂျပန်နိုင်ငံ၌ကျင်းပခဲ့သည့် စက်မှုထိပ်သီးနိုင်ငံ (၂၀) အစည်းအဝေးကာလအတွင်း အမေရိကန် သမ္မတ‌ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတရှီကျင့်ပင်တို့သည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို ပြန်လည်ပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း၊ ဆွေးနွေးပွဲအပြီးတွင် အမေရိကန် သမ္မတဒေါ်နယ်ထရန့်က တရုတ်သွင်းကုန်များအပေါ် အခွန်များထပ်မံကောက်ခံရန် စီစဉ်ထားမှုကို ခေတ္တဆိုင်းငံ့ခဲ့ပြီး ဟွာဝေးကုမ္ပဏီနှင့်ပတ်သက်၍လည်း အမေရိကန်ကုမ္ပဏီများအနေဖြင့် ဟွာဝေးသို့ ပုံမှန်ရောင်းချနေသည့်ပစ္စည်းများအား ရောင်းချရန်ခွင့်ပြုပေးခဲ့ကြောင်း၊ သမ္မတနှစ်ဦး၏ တွေ့ဆုံ ဆွေးနွေးမှုအပြီးတွင် ကမ္ဘာ့စီးပွားရေးအပေါ် အကောင်းမြင်မှုများကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး အနည်းငယ်မြင့်တက်လာကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ အဆမတန်ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁)ရက်(တနင်္လာနေ့)နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၁.၈% ကျဆင်း ခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၈၄.၀၆) သို့ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ ဈေးနှုန်းသည် ရက်သတ္တပတ် (၁) ပတ်အတွင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ ၀.၁% မြင့်တက်ခဲ့ကြောင်း www.bloomberg.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ရုရှားနှင့် ဆော်ဒီအာရေဗျတို့သည် နေ့စဉ်ရေနံထုတ်လုပ်မှုလျှော့ချရေး အစီအစဉ်အား အနည်းဆုံး(၆)လ သို့မဟုတ် (၉)လခန့်အထိဆက်လက်လုပ်ဆောင်ရန် သဘောတူညီမှု ရယူခဲ့မှု

ရုရှားနှင့် ဆော်ဒီအာရေဗျတို့သည် နေ့စဉ်ရေနံထုတ်လုပ်မှုလျှော့ချရေး အစီအစဉ်အား အနည်းဆုံး(၆)လ သို့မဟုတ် (၉)လခန့်အထိဆက်လက်လုပ်ဆောင်ရန် သဘောတူညီမှု ရယူခဲ့မှု

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဆော်ဒီအာရေဗျအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်တို့သည် ဂျပန်နိုင်ငံ၌ကျင်းပသည့် စက်မှုထိပ်သီးနိုင်ငံ (၂၀)အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပြီးနောက် သီးခြားတွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကြရာ၌ ၂၀၁၉ ခုနှစ် လက်ကျန်ကာလများတွင်လည်း နေ့စဉ်ရေနံ ထုတ်လုပ်မှုလျှော့ချရေးအစီအစဉ်အား ဆက်လက်လုပ်ဆောင်ရန် အပြန်အလှန် သဘောတူညီမှုရှိခဲ့ကြသည်ဟုသိရှိရပါသည်။

ရုရှားသမ္မတဗလာဒီမာပူတင်သည် ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နှင့် တွေ့ဆုံပြီးနောက် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ၌ လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စု၏ ရေနံထုတ်လုပ်မှု မြင့်တက်လျက်ရှိခြင်းနှင့် စီးပွားရေးအင်အားကြီးနိုင်ငံများ၏ ကုန်သွယ်ရေးတင်းမာမှု ဂယက်တို့ကြောင့် ကမ္ဘာ့စီးပွားရေးနှေးကွေးမှုများဖြစ်ပေါ်ကာ ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းသွားမည့်အရေးကို ကာကွယ်နိုင်ရန်အတွက် ရေနံလျှော့ချထုတ်လုပ်ရေးအစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် မူလကသဘောတူညီမှုရယူခဲ့သည့် ပမာဏအတိုင်းဆက်လက်ထုတ်လုပ်သွားရန် ရုရှားနှင့် ဆော်ဒီအာရေဗျနှစ်နိုင်ငံအကြားသဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း၊

ရုရှားသမ္မတဗလာဒီမာပူတင်သည် ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နှင့်တွေ့ဆုံပြီးနောက် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ၌ လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စု၏ ရေနံထုတ်လုပ်မှုမြင့်တက်လျက်ရှိခြင်းနှင့်စီးပွားရေးအင်အားကြီးနိုင်ငံများ၏ ကုန်သွယ်ရေးတင်းမာမှုဂယက်တို့ကြောင့် ကမ္ဘာ့စီးပွားရေးနှေးကွေးမှုများဖြစ်ပေါ်ကာ ကမ္ဘာ့ရေနံဈေးနှုန်းများကျဆင်းသွားမည့်အရေးကိုကာကွယ်နိုင်ရန်အတွက် ရေနံလျှော့ချ ထုတ်လုပ်ရေးအစီအစဉ်ကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် မူလကသဘောတူညီမှုရယူခဲ့သည့် ပမာဏအတိုင်း ဆက်လက် ထုတ်လုပ်သွားရန် ရုရှားနှင့် ဆော်ဒီအာရေဗျနှစ်နိုင်ငံအကြား သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း၊ လျှော့ချထုတ်လုပ်မည့်သက်တမ်းအား (၉)လအထိထားဖွယ်ရှိသော်လည်း အတိအကျဆုံးဖြတ်ရခြင်းမရှိသေးဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

အိုပက်အဖွဲ့နှင့် အဖွဲ့ဝင်မဟုတ်သောနိုင်ငံများသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ ဇွန်လ(၃၀)ရက်နေ့အထိ (၆)လသက်တမ်းဖြင့် တစ်နေ့လျှင် ရေနံစည်ပေါင်း(၁.၂)သန်း လျှော့ချထုတ် လုပ်ရန် သဘောတူညီမှုရယူခဲ့ရာ အဆိုပါ(၆)လသက်တမ်းမှာ ဇွန်လ(၃၀)ရက်နေ့တွင် ပြည့်မြောက်ကုန်ဆုံးပြီဖြစ်ကြောင်း၊ ထို့ကြောင့် အိုပက်အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ဝင်မဟုတ်သောနိုင်ငံများသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့နှင့် (၂)ရက်နေ့တို့တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ ရေနံလျှော့ချ ထုတ်လုပ်ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ယင်းအစည်းအဝေးသို့          တက်ရောက်ရန်အတွက် ဗီယင်နာမြို့သို့ရောက်ရှိနေသော ဆော်ဒီအာရေဗျစွမ်းအင်ဝန်ကြီး ခါလစ်အယ်လ်ဖာလစ်က ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀)ရက်(တနင်္ဂနွေနေ့)တွင် သတင်းထောက်များအား ပြောကြားရာ၌ နေ့စဉ် ရေနံလျှော့ချထုတ်လုပ်မည့်ပမာဏကို မူလကသဘောတူညီမှုရယူထားသည့် ပမာဏထက်ပို၍ လျှော့ချထုတ်လုပ်ရန် လိုအပ်မည်မဟုတ်ဘဲ တစ်နေ့လျှင် စည်ပေါင်း(၁.၂)သန်းသာ ဆက်လက်လျှော့ချ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ လျှော့ချထုတ်လုပ်မည့် သက်တမ်းမှာမူ (၉)လအထိ တိုးမြှင့် သတ်မှတ်သွားဖွယ်ရှိကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့ရေနံဝယ်လိုအားမှာအားပျော့သည့် အနေအထားတွင်ရှိနေသော်လည်းလာမည့်(၆)လမှ (၉)လတာကာလအတွင်း ကမ္ဘာ့ဈေးကွက်အတွင်း ရေနံရောင်းလိုအားနှင့် ဝယ်လိုအားအခြေအနေမှာ မျှတသည့် အနေအထားသို့ ရောက်ရှိလာနိုင်သည်ဟု ပြောကြားခဲ့ကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အိန္ဒိယနိုင်ငံအတွင်းသို့ ရွှေမှောင်ခိုတင်သွင်းမှုများပြားနေခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် ရွှေသွင်းကုန်ခွန်ကို လျှော့ချပေးရန် အိန္ဒိယရတနာလုပ်ငန်းရှင်များ ကောင်စီက အိန္ဒိယအစိုးရထံတောင်းဆိုခဲ့မှု

အိန္ဒိယနိုင်ငံအတွင်းသို့ ရွှေမှောင်ခိုတင်သွင်းမှုများပြားနေခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် ရွှေသွင်းကုန်ခွန်ကို လျှော့ချပေးရန် အိန္ဒိယရတနာလုပ်ငန်းရှင်များ ကောင်စီက အိန္ဒိယအစိုးရထံတောင်းဆိုခဲ့မှု

အိန္ဒိယနိုင်ငံအတွင်းသို့ရွှေမှောင်ခိုတင်သွင်းမှုများပြားလာခြင်းကို လျှော့ချနိုင်ရန်အတွက် ရွှေသွင်းကုန်ခွန်အားလက်ရှိသတ်မှတ်ထားသည့် ၁၀% မှ ၄% သို့ လျှော့ချပေးရန် အိန္ဒိယနိုင်ငံရတနာလုပ်ငန်းရှင်များကောင်စီ(GJC)က အိန္ဒိယအစိုးရထံယခုရက်ပိုင်းအတွင်း တောင်းဆိုခဲ့ကြောင်းသိရှိရပါသည်။

GJC က ထုတ်ပြန်သည့်အစီရင်ခံစာ၌ ရွှေသွင်းကုန်ခွန်အများအပြား ပေးဆောင်နေရမှုကို  လျှော့ချပေးမည်ဆိုပါက ရွှေထည်လက်ဝတ်ရတနာပြုလုပ်သည့် လုပ်ငန်းများ ပိုမိုအခြေအနေကောင်းမွန်လာနိုင်ပြီး အိန္ဒိယပြည်တွင်းရွှေစေျးကွက် အခြေအနေမှာလည်း တိုးတက်လာလိမ့်မည်ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရသည် ရွှေအများအပြား တင်သွင်းမှုကြောင့် ကုန်သွယ်ရေးလိုငွေပြမှုကိုထိန်းချုပ်နိုင်ရန်အတွက် ပြည်ပမှရွှေများအပေါ်၌ သွင်းကုန်ခွန် ၁၀% ကောက်ခံလျက်ရှိကြောင်း၊ သို့သော် ရွှေသွင်းကုန်ခွန်ပမာဏများပြားမှု၏ နောက်ဆက်တွဲဂယက်ကြောင့် အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင် ရွှေမှောင်ခိုတင်သွင်းမှုများ မြင့်တက်လာခဲ့ကြောင်း၊ ရွှေသွင်းကုန်ခွန်ကို ၄% ထိ လျှော့ချပေးမည်ဆိုပါက ပြည်တွင်းရွှေလုပ်ငန်းကဏ္ဍ၌ တိုးတက်မှုများစွာ ဖြစ်ပေါ်လာလိမ့်မည်ဟု ဖော်ပြထားကြောင်းသိရှိရပါသည်။

လန်ဒန်အခြေစိုက် ကမ္ဘာ့ရွှေကောင်စီ၏ခန့်မှန်းချက်အရ အိန္ဒိယနိုင်ငံသို့ ရွှေမှောင်ခိုတင်သွင်းမှုမှာ ၂၀၁၆ ခုနှစ် နောက်ပိုင်းမှစ၍ တစ်နှစ်လျှင် ပျမ်းမျှ ရွှေတန်ချိန်(၁၂၀)ဝန်းကျင်ခန့်ရှိသည်ဟု သိရှိရကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့် ရွှေသွင်းကုန်ခွန်ကို  လျှော့ချကောက်ခံမည်ဆိုပါကရရှိမည့် အခွန်ဘဏ္ဍာငွေရူးပီးငွေ ၄၅၀၀၀ ကုဋေ(အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံခန့်) ဝင်ငွေလျော့နည်းသွားဖွယ် ရှိသော်လည်း ရွှေမှောင်ခိုတင်သွင်းမှုကိုထိန်းချုပ်နိုင်သည့်အတွက် ရရှိလာမည့်အကျိုးကျေးဇူးမှာ ပိုမိုများပြားလာနိုင်ကြောင်း၊ GJC သည် ရွှေသွင်းကုန်ခွန်လျှော့ချရေးကိစ္စနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ ဇူလိုင်(၂)ရက်နှင့်(၃)ရက်နေ့တို့တွင် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့၌ ဆွေးနွေးပွဲကျင်းပရန်စီစဉ်ထားကြောင်းသိရှိရပါသည်။

GJC ၏ ဒုတိယဥက္ကဋ္ဌရှန်ကာဆန်ကပြောကြားရာ၌ ယခုအခါ အိန္ဒိယတစ်နိုင်ငံလုံးရှိ အိမ်ထောင်စုအသီးသီးတွင် ပိုင်ဆိုင်ထားသော ရွှေထည်လက်ဝတ်ရတနာပစ္စည်းများနှင့် ရွှေချောင်းများ၏ စုစုပေါင်းအလေးချိန်ပမာဏမှာတန်ချိန်(၂၂၀၀၀)ခန့်ရှိပြီး အိန္ဒိယနိုင်ငံသည် နှစ်စဉ် ရွှေထည်လက်ဝတ်ရတနာပြုလုပ်ရန်အတွက် ပြည်ပမှရွှေတန်ချိန်(၆၀၀-၆၅၀)အကြား ကိုပုံမှန်တင်သွင်းနေရသည်ဟုပြောကြားခဲ့ကြောင်း www.siasat.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

ကမ္ဘာ့စီးပွားရေး၌ အမေရိကန်ဒေါ်လာကို စံပြုသုံးစွဲနေခြင်းသည် ဆုံးရှုံးမှုများကို မကြာခဏ ကြုံတွေ့နေရသည့်အခြေအနေသို့ ရောက်ရှိနေသောကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် အခြား ငွေကြေးများကိုပါ ပြောင်းလဲသုံးစွဲကြရန် ရုရှားထောက်လှမ်းရေးအကြီးအကဲက ပြောကြားခဲ့မှု

ကမ္ဘာ့စီးပွားရေး၌ အမေရိကန်ဒေါ်လာကို စံပြုသုံးစွဲနေခြင်းသည် ဆုံးရှုံးမှုများကို မကြာခဏ ကြုံတွေ့နေရသည့်အခြေအနေသို့ ရောက်ရှိနေသောကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် အခြား ငွေကြေးများကိုပါ ပြောင်းလဲသုံးစွဲကြရန် ရုရှားထောက်လှမ်းရေးအကြီးအကဲက ပြောကြားခဲ့မှု

လက်ရှိအချိန်၌ ကမ္ဘာ့စီးပွားရေးလောကတွင် အမေရိကန်ဒေါ်လာကို စံပြုသုံးစွဲနေသည့် စနစ်မှာသုံးစွဲသူများအတွက် ဆုံးရှုံးမှုများကို မကြာခဏကြုံတွေ့ရသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် အမေရိကန်ဒေါ်လာအစား အခြားပြောင်းလဲသုံးစွဲနိုင်မည့်ငွေကြေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပစ္စည်းတစ်ခုခုကို ရှာဖွေကြရန် ရုရှားနိုင်ငံ၊ ပြည်ပထောက်လှမ်းရေးဌာနညွှန်ကြားရေးမှူး ဆာဂျီနာရှ်ခင်က ယခုရက်ပိုင်းအတွင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဆာဂျီနာရှ်ခင်သည်  ရုရှားနိုင်ငံ၊ ယူဖာမြို့တွင်ကျင်းပသည့် နိုင်ငံတကာလုံခြုံရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ အစည်းအဝေးပွဲတွင် ပြောကြားရာ၌ အမေရိကန်ဒေါ်လာသည် ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို ထိန်းချုပ်ထားသောကြောင့် အမေရိကန်အစိုးရသည် ငွေကြေးနှင့်ပတ်သက်သည့် အရေးယူပိတ်ဆို့မှုများအား နိုင်ငံရေးလက်နက်တစ်ခုအသွင်အဖြစ် အသုံးချလျက်ရှိကြောင်း၊ နိုင်ငံတကာ စီးပွားဆက်သွယ်ရေး၌ အမေရိကန်ဒေါ်လာ၏ လက်ဝါးကြီးအုပ်ထားမှုမှာ တဖြည်းဖြည်းနှင့် အာဏာရှင်ပုံသဏ္ဍာန်ဖြစ်လာပြီး သုံးစွဲသူများအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်ပေါ်လျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

လက်ရှိအချိန်တွင် ရုရှား၊ တရုတ်နှင့် အိန္ဒိယအပါအဝင် ကမ္ဘာ့နိုင်ငံအချို့သည် နိုင်ငံခြားအရန် ငွေကြေးများအနက်မှ အမေရိကန်ဒေါ်လာကို လျှော့ချ၍ ရွှေအပါအဝင် အခြားသောငွေကြေးများကို ပြောင်းလဲစုဆောင်းလျက်ရှိကြောင်း၊ ရုရှားနိုင်ငံသည် အမေရိကန်ဒေါ်လာသုံးစွဲမှုကင်းမဲ့သော စီးပွားရေးကဏ္ဍကို တည်ထောင်နိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိပြီး ကနဦးခြေလှမ်းများအနေဖြင့် ပို့ကုန်ကဏ္ဍတွင် အမေရိကန်ဒေါ်လာကို သာမက အခြားနိုင်ငံသုံးငေွကြေးများကိုပါ လက်ခံခြင်း၊ တရုတ်၊ အိန္ဒိယ၊ အီရန် အပါအဝင် ကမ္ဘာ့နိုင်ငံအချို့တို့နှင့် ငွေကြေးဖလှယ်သုံးစွဲမှုဆိုင်ရာသဘောတူညီချက်များကို လက်မှတ် ရေးထိုးခဲ့ခြင်း၊ ရုရှားနိုင်ငံအတွက် အဓိကဝင်ငွေဖန်တီးပေးနေသည့် ဥရောပသမဂ္ဂသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချသည့်လုပ်ငန်းတွင် အမေရိကန်ဒေါ်လာအစား ယူရိုငွေကို အစားထိုးသုံးစွဲရန် စီစဉ်နေခြင်း တို့ကိုလုပ်ဆောင်လျက်ရှိကြောင်း www.rt.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

စက်မှုထိပ်သီးနိုင်ငံ(၂၀)အစည်းအဝေးနှင့် အိုပက်အဖွဲ့အစည်းအဝေး ဂယက်များကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများမှာအနည်းငယ်ကျဆင်းသွားခဲ့မှု

စက်မှုထိပ်သီးနိုင်ငံ(၂၀)အစည်းအဝေးနှင့် အိုပက်အဖွဲ့အစည်းအဝေး ဂယက်များကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများမှာအနည်းငယ်ကျဆင်းသွားခဲ့မှု

၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၈)ရက်နှင့် (၂၉)ရက်နေ့တို့၌ ဂျပန်နိုင်ငံအိုဆာကာမြို့တွင် ကျင်းပနေသည့် စက်မှုထိပ်သီးနိုင်ငံ(၂၀)မှ ခေါင်းဆောင်များအစည်းအဝေးနှင့် ဇူလိုင်လ (၁)ရက်နေ့နှင့် (၂)ရက်နေ့တို့တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ ကျင်းပမည့်အိုပက်အဖွဲ့ အစည်းအဝေးတို့၏ အခြေအနေများကိုရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့်လျက်ရှိသောကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း၌ ရေနံအရောင်းအဝယ်နည်းပါးကာ ရေနံဈေးနှုန်းများ အနည်းငယ် ကျဆင်းသွားခဲ့ကြောင်းသိရှိရပါသည်။

ဂျပန်နိုင်ငံ၌ ကျင်းပနေသည့် စက်မှုထိပ်သီးနိုင်ငံ(၂၀) အစည်းအဝေးကာလအတွင်း အမေရိကန် သမ္မတဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတရှီကျင့်ပင်တို့ သီးခြားတွေ့ဆုံရန် အစီအစဉ်ရှိ/မရှိကို ကမ္ဘာတစ်ဝန်းရှိစီးပွားရေးလုပ်ငန်းရှင်များက စောင့်မျှော်လျက်ရှိပြီး သမ္မတ(၂)ဦးသီးခြားတွေ့ဆုံမည့် အစီအစဉ်မှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၉)ရက် နေ့လည်ပိုင်းတွင် ဖြစ်လိမ့်မည်ဟူသောခန့်မှန်းချက်များ ပေါ်ပေါက်လျက်ရှိကြောင်း၊ အဆိုပါသမ္မတ(၂)ဦး တွေ့ဆုံပွဲမှ ရလဒ်ကောင်းများပေါ်ထွက်ခဲ့မည်ဆိုပါက ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး လောကအတွင်း အမေရိကန်ဒေါ်လာ(၁.၂)ထရီလီယံခန့် ဆုံးရှုံးမည့်အရေးကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု ဘလွန်းဘတ်သတင်းဌာနက ဖော်ပြခဲ့ကြောင်းသိရှိရပါသည်။

အလားတူအိုပက်အဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားနိုင်ငံအပါအဝင် အိုပက်အဖွဲ့ဝင် မဟုတ်သော ရေနံထုတ်လုပ်သည့်နိုင်ငံများသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့နှင့် (၂)ရက်နေ့တို့တွင် ဗီယင်နာမြို့၌ တွေ့ဆုံ၍ ရေနံထုတ်လုပ်မှုလျှော့ချရေး အစီအစဉ်ကို ဆက်လက်ပြုလုပ်ခြင်း ရှိ/မရှိအား ဆုံးဖြတ်ကြလိမ့်မည်ဖြစ်ကြောင်း၊ အိုပက်အဖွဲ့နှင့်ရုရှားအပါအဝင် ရေနံထုတ်လုပ်သည့် အခြားနိုင်ငံများသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှစတင်၍ နေ့စဉ်ရေနံထုတ်လုပ်မှု ပမာဏအနက်မှ စည်ပေါင်း(၁.၂)သန်းကို လျှော့ချထုတ်လုပ်လျက်ရှိပြီး ၂၀၁၉ ခုနှစ် လက်ကျန်ကာလများအတွင်း၌ ယင်းအနေအထားအတိုင်း ဆက်လက်လျှော့ချသွားရန် သို့မဟုတ်လျှော့ချသည့် အစီအစဉ်ကိုရပ်ဆိုင်းရန်ကိစ္စကို ယခုပြုလုပ်မည့် အစည်းအဝေးတွင် ဆုံးဖြတ်ကြလိမ့်မည်ဖြစ်ကြောင်း၊ ရုရှားသမ္မတပူတင်သည် ဇွန်လ(၂၇)ရက်နေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ရေနံထုတ်လုပ်မှုလျှော့ချရေး အစီအစဉ်သည် ရေနံဈေးကွက်တည်ငြိမ်မှုကို အထောက်အကူပြုစေသော်လည်း ယင်းအစီအစဉ် ဆက်လက်လုပ်ဆောင်ခြင်းရှိ/မရှိကို စက်မှုထိပ်သီးနိုင်ငံ(၂၀)အစည်းအဝေးမှ ထွက်ပေါ်လာသောအခြေအနေများအပေါ်မူတည်၍ ဆုံးဖြတ်သွားမည်ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

၂၀၁၉ခုနှစ်၊ ဇွန်လ(၂၈)ရက်(သောကြာနေ့)နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းမှာ၀.၇%ကျဆင်းပြီး တစ်စည်လှှျင် အမေရိကန်ဒေါ်လာ (၅၉.၀၃)သို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံဈေးနှုန်းမှာ ၀.၆% ကျဆင်းပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၆.၁၆)သို့ ရောက်ရှိခဲ့ကြောင်း www.reuters.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

ကမ္ဘာတစ်ဝန်းရှိ စတော့ရှယ်ယာဈေးကွက်နှင့် ငွေကြေးဈေးကွက်များ ကမောက်ကမဖြစ်နေခြင်းကို အကြောင်းပြု၍ Bitcoin ဈေးနှုန်းမှာ (၁၈)လတာကာလအတွင်း အမြင့်ဆုံးဖြစ်သည့် တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၁၃,၀၀၀) အထက်သို့ရောက်ရှိလာခဲ့

ကမ္ဘာတစ်ဝန်းရှိ စတော့ရှယ်ယာဈေးကွက်နှင့် ငွေကြေးဈေးကွက်များ ကမောက်ကမဖြစ်နေခြင်းကို အကြောင်းပြု၍ Bitcoin ဈေးနှုန်းမှာ (၁၈) လတာကာလအတွင်း အမြင့်ဆုံးဖြစ်သည့် တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၁၃,၀၀၀) အထက်သို့ရောက်ရှိလာခဲ့

တရုတ် – အမေရိကန်ကုန်သွယ်ရေးတင်းမာမှုဂယက်နှင့် အီရန်-အမေရိကန် စစ်ရေးတင်းမာမှု အခြေအနေတို့ကိုအကြောင်းပြု၍ ကမ္ဘာတစ်ဝန်းရှိ စတော့ရှယ်ယာဈေးကွက်များနှင့် ငွေကြေး ဈေးကွက်များ၌ တန်ဖိုး အတက်အကျ၊ အပြောင်းအလဲများ မြန်ဆန်စွာဖြစ်ပေါ်နေပြီး ဈေးနှုန်းများ ကမောက်ကမဖြစ်ပေါ်လျက်ရှိရာ ယင်းအခြေအနေကိုအကြောင်းပြု၍ ဒီဂျစ်တယ်ငွေကြေးဖြစ်သော Bitcoin ကို ဝယ်ယူစုဆောင်းသူများပြားလာသည့်အတွက် Bitcoin ဈေးနှုန်းမှာ (၁၈) လတာကာလ အတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
ထို့ပြင် Facebook မှ ထုတ်ဝေမည့် Libra ဒီဂျစ်တယ်ငွေကြေးအား Visa ၊ Master Card နှင့် Uber အပါအဝင် စီးပွားရေးကုမ္ပဏီကြီးအချို့တို့က ထောက်ခံခဲ့သည်ကိုအကြောင်းပြု၍  ဒီဂျစ်တယ် ငွေကြေးဈေးကွက်အပေါ် ယုံကြည်စိတ်ချစွာ ရင်းနှီးမြှုပ်နှံသူများပြားလာခြင်းနှင့် အမေရိကန် – တရုတ် ကုန်သွယ်ရေးစစ်ပွဲအပေါ် တုံ့ပြန်သည့်အနေဖြင့် အချို့သော တရုတ်ရင်းနှီးမြှုပ်နှံသူများက Bitcoin ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံ့မှုအများအပြားပြုလုပ်လာကြခြင်း အစရှိသည်တို့သည်လည်း Bitcoin ဈေးနှုန်းကို မြင့်တက်စေသည့်အခြားအချက်များဖြစ်ကြောင်း သိရှိရပါသည်။
Bitcoin ဈေးနှုန်းသည် ယခုဇွန်လအတွင်း၌ ၂၀% ကျော်မြင့်တက်ခဲ့ပြီး လက်ရှိအချိန်တွင် တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၁၃,၆၆၆) သို့ ရောက်ရှိလျက်ရှိကြောင်း၊ အဆိုပါဈေးနှုန်းသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလနောက်ပိုင်း (၁၈) လတာကာလအတွင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း www. channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။