စက်မှုထိပ်သီးနိုင်ငံ(၂၀)အစည်းအဝေးနှင့် အိုပက်အဖွဲ့အစည်းအဝေး ဂယက်များကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများမှာအနည်းငယ်ကျဆင်းသွားခဲ့မှု

၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၈)ရက်နှင့် (၂၉)ရက်နေ့တို့၌ ဂျပန်နိုင်ငံအိုဆာကာမြို့တွင် ကျင်းပနေသည့် စက်မှုထိပ်သီးနိုင်ငံ(၂၀)မှ ခေါင်းဆောင်များအစည်းအဝေးနှင့် ဇူလိုင်လ (၁)ရက်နေ့နှင့် (၂)ရက်နေ့တို့တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ ကျင်းပမည့်အိုပက်အဖွဲ့ အစည်းအဝေးတို့၏ အခြေအနေများကိုရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့်လျက်ရှိသောကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း၌ ရေနံအရောင်းအဝယ်နည်းပါးကာ ရေနံဈေးနှုန်းများ အနည်းငယ် ကျဆင်းသွားခဲ့ကြောင်းသိရှိရပါသည်။

ဂျပန်နိုင်ငံ၌ ကျင်းပနေသည့် စက်မှုထိပ်သီးနိုင်ငံ(၂၀) အစည်းအဝေးကာလအတွင်း အမေရိကန် သမ္မတဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတရှီကျင့်ပင်တို့ သီးခြားတွေ့ဆုံရန် အစီအစဉ်ရှိ/မရှိကို ကမ္ဘာတစ်ဝန်းရှိစီးပွားရေးလုပ်ငန်းရှင်များက စောင့်မျှော်လျက်ရှိပြီး သမ္မတ(၂)ဦးသီးခြားတွေ့ဆုံမည့် အစီအစဉ်မှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၉)ရက် နေ့လည်ပိုင်းတွင် ဖြစ်လိမ့်မည်ဟူသောခန့်မှန်းချက်များ ပေါ်ပေါက်လျက်ရှိကြောင်း၊ အဆိုပါသမ္မတ(၂)ဦး တွေ့ဆုံပွဲမှ ရလဒ်ကောင်းများပေါ်ထွက်ခဲ့မည်ဆိုပါက ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး လောကအတွင်း အမေရိကန်ဒေါ်လာ(၁.၂)ထရီလီယံခန့် ဆုံးရှုံးမည့်အရေးကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု ဘလွန်းဘတ်သတင်းဌာနက ဖော်ပြခဲ့ကြောင်းသိရှိရပါသည်။

အလားတူအိုပက်အဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားနိုင်ငံအပါအဝင် အိုပက်အဖွဲ့ဝင် မဟုတ်သော ရေနံထုတ်လုပ်သည့်နိုင်ငံများသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့နှင့် (၂)ရက်နေ့တို့တွင် ဗီယင်နာမြို့၌ တွေ့ဆုံ၍ ရေနံထုတ်လုပ်မှုလျှော့ချရေး အစီအစဉ်ကို ဆက်လက်ပြုလုပ်ခြင်း ရှိ/မရှိအား ဆုံးဖြတ်ကြလိမ့်မည်ဖြစ်ကြောင်း၊ အိုပက်အဖွဲ့နှင့်ရုရှားအပါအဝင် ရေနံထုတ်လုပ်သည့် အခြားနိုင်ငံများသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှစတင်၍ နေ့စဉ်ရေနံထုတ်လုပ်မှု ပမာဏအနက်မှ စည်ပေါင်း(၁.၂)သန်းကို လျှော့ချထုတ်လုပ်လျက်ရှိပြီး ၂၀၁၉ ခုနှစ် လက်ကျန်ကာလများအတွင်း၌ ယင်းအနေအထားအတိုင်း ဆက်လက်လျှော့ချသွားရန် သို့မဟုတ်လျှော့ချသည့် အစီအစဉ်ကိုရပ်ဆိုင်းရန်ကိစ္စကို ယခုပြုလုပ်မည့် အစည်းအဝေးတွင် ဆုံးဖြတ်ကြလိမ့်မည်ဖြစ်ကြောင်း၊ ရုရှားသမ္မတပူတင်သည် ဇွန်လ(၂၇)ရက်နေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ရေနံထုတ်လုပ်မှုလျှော့ချရေး အစီအစဉ်သည် ရေနံဈေးကွက်တည်ငြိမ်မှုကို အထောက်အကူပြုစေသော်လည်း ယင်းအစီအစဉ် ဆက်လက်လုပ်ဆောင်ခြင်းရှိ/မရှိကို စက်မှုထိပ်သီးနိုင်ငံ(၂၀)အစည်းအဝေးမှ ထွက်ပေါ်လာသောအခြေအနေများအပေါ်မူတည်၍ ဆုံးဖြတ်သွားမည်ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

၂၀၁၉ခုနှစ်၊ ဇွန်လ(၂၈)ရက်(သောကြာနေ့)နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းမှာ၀.၇%ကျဆင်းပြီး တစ်စည်လှှျင် အမေရိကန်ဒေါ်လာ (၅၉.၀၃)သို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံဈေးနှုန်းမှာ ၀.၆% ကျဆင်းပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၆.၁၆)သို့ ရောက်ရှိခဲ့ကြောင်း www.reuters.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။