အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲပြန်လည်စတင်မည့်ဂယက်ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၁.၈% အထိကျဆင်းသွားခဲ့

ဂျပန်နိုင်ငံ၌ကျင်းပခဲ့သည့် စက်မှုထိပ်သီးနိုင်ငံ (၂၀) အစည်းအဝေးကာလအတွင်း အမေရိကန် သမ္မတ‌ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတရှီကျင့်ပင်တို့သည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို ပြန်လည်ပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း၊ ဆွေးနွေးပွဲအပြီးတွင် အမေရိကန် သမ္မတဒေါ်နယ်ထရန့်က တရုတ်သွင်းကုန်များအပေါ် အခွန်များထပ်မံကောက်ခံရန် စီစဉ်ထားမှုကို ခေတ္တဆိုင်းငံ့ခဲ့ပြီး ဟွာဝေးကုမ္ပဏီနှင့်ပတ်သက်၍လည်း အမေရိကန်ကုမ္ပဏီများအနေဖြင့် ဟွာဝေးသို့ ပုံမှန်ရောင်းချနေသည့်ပစ္စည်းများအား ရောင်းချရန်ခွင့်ပြုပေးခဲ့ကြောင်း၊ သမ္မတနှစ်ဦး၏ တွေ့ဆုံ ဆွေးနွေးမှုအပြီးတွင် ကမ္ဘာ့စီးပွားရေးအပေါ် အကောင်းမြင်မှုများကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး အနည်းငယ်မြင့်တက်လာကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ အဆမတန်ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁)ရက်(တနင်္လာနေ့)နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၁.၈% ကျဆင်း ခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၈၄.၀၆) သို့ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ ဈေးနှုန်းသည် ရက်သတ္တပတ် (၁) ပတ်အတွင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ ၀.၁% မြင့်တက်ခဲ့ကြောင်း www.bloomberg.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။