အမေရိကန်ဗဟိုဘဏ်နှင့် ကမ္ဘာတစ်ဝန်းရှိဗဟိုဘဏ်များက ငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာအများအပြား ဖြည့်တင်းပေးရန်ဆုံးဖြတ်ခဲ့ခြင်းကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ပြန်လည်မြင့်တက်လာခဲ့

အမေရိကန် ဗဟိုဘဏ်သည် အမေရိကန်ပြည်ထောင်စု၏စီးပွားရေးကျဆင်းလာမှုကိုတားဆီးနိုင်ရန်နှင့် ငွေကြေး ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာလိုအပ်ချက်အများအပြားဖြစ်ပေါ်နေခြင်းကို ဖြေရှင်းနိုင်ရန်တို့ အတွက် ပြင်ပသို့ရောင်းချထားသည့် အမေရိကန်ဒေါ်လာနှင့်ချိတ်ဆက်ထားသော ငွေတိုက်စာချုပ် အမျိုးမျိုးအား ယခုရက်သတ္တပတ်မှစတင်၍ အကန့်အသတ်မရှိဝယ်ယူခြင်းအားဖြင့် ဈေးကွက်အတွင်းသို့အမေရိကန်ဒေါ်လာအများအပြား ဖြည့်တင်းပေးသွားမည်ဟု ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၃)ရက်နေ့တွင် ကြေညာခဲ့ကြောင်း၊အမေရိကန်ဗဟိုဘဏ်သည် ယခုရက်သတ္တပတ်အတွင်း၌ပင် တစ်နေ့လျှင် အမေရိကန် ဒေါ်လာ(၁၂၅)ဘီလီယံခန့် ပုံမှန်သုံးစွဲ၍ ငွေတိုက်စာချုပ်များအားနေ့စဉ်‌ဝယ်ယူသွားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အမေရိကန်ဗဟိုဘဏ်၏ကြေညာချက်ထွက်ပေါ်ပြီးနောက်တွင် ဈေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာတန်ဖိုးအားပျော့ကာ ရက်အတန်အကြာကျဆင်းနေသည့် ကမ္ဘာ့ရွှေဈေးမှာ ပြန်လည် မြင့်တက်သွားခဲ့ကြောင်းသိရှိရပါသည်။

ထို့ပြင် ဥရောပနိုင်ငံကြီးများနှင့် အာရှပစိဖိတ်ဒေသမှနိုင်ငံများ၏ဗဟိုဘဏ်များသည်လည်း သက်ဆိုင်ရာငွေကြေးဈေးကွက်များအတွင်း၌ အမေရိကန်ဒေါ်လာ လိုအပ်ချက်များဖြစ်ပေါ်နေခြင်းကို ဖြေရှင်းနိုင်ရန်အတွက် ဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ ဖြည့်တင်းရန် ဆုံးဖြတ်ခဲ့ခြင်းသည်လည်း အမေရိကန်ဒေါ်လာတန်ဖိုးကို အားပျော့စေကာ ကမ္ဘာ့ရွှေဈေးကိုမြင့်တက် စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်းသိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၄)ရက်နေ့(အင်္ဂါနေ့)တွင် ကမ္ဘာဈေးကွက်အတွင်း၌ ရွှေဈေးနှုန်းမှာ ၂% မြင့်တက်ပြီး တစ်အောင်စလျှင်အမေရိကန်ဒေါ်လာ (၁,၅၈၄.၅၁)သို့ ရောက်ရှိခဲ့ကြောင်း၊ အမေရိကန် ဒေါ်လာတန်ဖိုးမှာမူ ၀.၅% ကျဆင်းခဲ့ကြောင်း၊ အမေရိကန်ဘဏ်လုပ်ငန်းကြီးတစ်ခုဖြစ်သော Goldman Sachs Group သည် ကမ္ဘာ့ရွှေဈေးမှာ ဆက်လက်မြင့်တက်မည့်အနေအထားရှှိပြီး တစ်နှစ်အတွင်း၌ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁,၈၀၀)ဈေးနှုန်းအထိရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်းwww.bloomberg.com အင်တာနက်website တွင် ဖော်ပြပါရှိပါသည်။