COVID-19 ရောဂါကာကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်စ် ဆေးဖြန်းခြင်းများဆောင်ရွက်

COVID-19 ရောဂါကာကွယ်ရေးအတွက် ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်စ် ဆေးဖြန်းခြင်းများဆောင်ရွက်

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ်(၄၉)တွင် ၂၉-၃-၂၀၂၀ ရက်နေ့ (၁၀၃၀)အချိန်မှ (၁၄၃၀)အချိန်ထိ COVID-19 ရောဂါကာကွယ်ရေးအတွက် ဦးစီးဌာနရုံးအဆောက်အဦ အတွင်းရှိ ရုံးခန်းများ၊ စတိုခန်းများ၊ စာကြည့်တိုက်၊ ရုံးအတွင်းအပြင် လျှောက်လမ်းများနှင့် သန့်စင်ခန်းများကို မီးသတ်ဦးစီးဌာနမှ ဝန်ထမ်း(၂)ဦးမှ ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်စ်ဆေးဖြန်းခြင်းများဆောင်ရွက်ခဲ့ ကြောင်း၊ ထို့အပြင် ဦးစီးဌာနချုပ်ရုံးနှင့် ဉာဏသိဒ္ဓိရပ်ကွက်ရှိ ဌာနပိုင်ဝန်ထမ်းကြိုပို့ယာဉ်များနှင့် အုပ်ချုပ်မှုယာဉ်များ စုစုပေါင်းယာဉ်(၄၀)စီးခန့်တို့အား ဆိုဒီယမ်ဟိုက်ပိုကလိုရိုက်စ်ဆေးဖြန်းခြင်း များဆောင်ရွက်ခဲ့ပါသည်။

ဝန်ထမ်းများ လက်သန့်စင်ဆေးကြောနေသည့် မှတ်တမ်း

ဝန်ထမ်းများ အပူချိန်တိုင်းတာနေသည့်မှတ်တမ်း

ဦးစီးဌာနရုံး အဆောက်အဦအတွင်းရှိ ရုံးခန်းများ ဆေးဖြန်းနေသည့် မှတ်တမ်း

ဦးစီးဌာနရုံး အဆောက်အဦအတွင်းရှိ ရုံးပြင်ပလျှောက်လမ်းများ ဆေးဖြန်းနေသည့်မှတ်တမ်း

ဦးစီးဌာနရုံး အဆောက်အဦအတွင်းရှိ သန့်စင်ခန်းများဆေးဖြန်းနေသည့်မှတ်တမ်း

ဝန်ထမ်းကြိုပို့ယာဉ်နှင့် အုပ်ချုပ်မှုယာဉ်များ ဆေးဖြန်းနေသည့် မှတ်တမ်း

အမေရိကန်ဗဟိုဘဏ်နှင့် ကမ္ဘာတစ်ဝန်းရှိဗဟိုဘဏ်များက ငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာအများအပြား ဖြည့်တင်းပေးရန်ဆုံးဖြတ်ခဲ့ခြင်းကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ပြန်လည်မြင့်တက်လာခဲ့

အမေရိကန်ဗဟိုဘဏ်နှင့် ကမ္ဘာတစ်ဝန်းရှိဗဟိုဘဏ်များက ငွေကြေးဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာအများအပြား ဖြည့်တင်းပေးရန်ဆုံးဖြတ်ခဲ့ခြင်းကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ပြန်လည်မြင့်တက်လာခဲ့

အမေရိကန် ဗဟိုဘဏ်သည် အမေရိကန်ပြည်ထောင်စု၏စီးပွားရေးကျဆင်းလာမှုကိုတားဆီးနိုင်ရန်နှင့် ငွေကြေး ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာလိုအပ်ချက်အများအပြားဖြစ်ပေါ်နေခြင်းကို ဖြေရှင်းနိုင်ရန်တို့ အတွက် ပြင်ပသို့ရောင်းချထားသည့် အမေရိကန်ဒေါ်လာနှင့်ချိတ်ဆက်ထားသော ငွေတိုက်စာချုပ် အမျိုးမျိုးအား ယခုရက်သတ္တပတ်မှစတင်၍ အကန့်အသတ်မရှိဝယ်ယူခြင်းအားဖြင့် ဈေးကွက်အတွင်းသို့အမေရိကန်ဒေါ်လာအများအပြား ဖြည့်တင်းပေးသွားမည်ဟု ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၃)ရက်နေ့တွင် ကြေညာခဲ့ကြောင်း၊အမေရိကန်ဗဟိုဘဏ်သည် ယခုရက်သတ္တပတ်အတွင်း၌ပင် တစ်နေ့လျှင် အမေရိကန် ဒေါ်လာ(၁၂၅)ဘီလီယံခန့် ပုံမှန်သုံးစွဲ၍ ငွေတိုက်စာချုပ်များအားနေ့စဉ်‌ဝယ်ယူသွားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ အမေရိကန်ဗဟိုဘဏ်၏ကြေညာချက်ထွက်ပေါ်ပြီးနောက်တွင် ဈေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာတန်ဖိုးအားပျော့ကာ ရက်အတန်အကြာကျဆင်းနေသည့် ကမ္ဘာ့ရွှေဈေးမှာ ပြန်လည် မြင့်တက်သွားခဲ့ကြောင်းသိရှိရပါသည်။

ထို့ပြင် ဥရောပနိုင်ငံကြီးများနှင့် အာရှပစိဖိတ်ဒေသမှနိုင်ငံများ၏ဗဟိုဘဏ်များသည်လည်း သက်ဆိုင်ရာငွေကြေးဈေးကွက်များအတွင်း၌ အမေရိကန်ဒေါ်လာ လိုအပ်ချက်များဖြစ်ပေါ်နေခြင်းကို ဖြေရှင်းနိုင်ရန်အတွက် ဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာ ဖြည့်တင်းရန် ဆုံးဖြတ်ခဲ့ခြင်းသည်လည်း အမေရိကန်ဒေါ်လာတန်ဖိုးကို အားပျော့စေကာ ကမ္ဘာ့ရွှေဈေးကိုမြင့်တက် စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်းသိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လ(၂၄)ရက်နေ့(အင်္ဂါနေ့)တွင် ကမ္ဘာဈေးကွက်အတွင်း၌ ရွှေဈေးနှုန်းမှာ ၂% မြင့်တက်ပြီး တစ်အောင်စလျှင်အမေရိကန်ဒေါ်လာ (၁,၅၈၄.၅၁)သို့ ရောက်ရှိခဲ့ကြောင်း၊ အမေရိကန် ဒေါ်လာတန်ဖိုးမှာမူ ၀.၅% ကျဆင်းခဲ့ကြောင်း၊ အမေရိကန်ဘဏ်လုပ်ငန်းကြီးတစ်ခုဖြစ်သော Goldman Sachs Group သည် ကမ္ဘာ့ရွှေဈေးမှာ ဆက်လက်မြင့်တက်မည့်အနေအထားရှှိပြီး တစ်နှစ်အတွင်း၌ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁,၈၀၀)ဈေးနှုန်းအထိရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားကြောင်းwww.bloomberg.com အင်တာနက်website တွင် ဖော်ပြပါရှိပါသည်။

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန လျှောက်လွှာခေါ်ယူခြင်း

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနလျှောက်လွှာခေါ်ယူခြင်း

ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသည့် COVID-19 ကူးစက်ရောဂါကြောင့် ကမ္ဘာပေါ်ရှိ လူပေါင်း(၂၅) သန်း ခန့်မှာ အလုပ်အကိုင်ဆုံးရှုံးလိမ့်မည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO) ကသတိပေးကြေညာခဲ့

ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသည့် COVID-19 ကူးစက်ရောဂါကြောင့် ကမ္ဘာပေါ်ရှိ လူပေါင်း(၂၅) သန်း ခန့်မှာ အလုပ်အကိုင်ဆုံးရှုံးလိမ့်မည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO) ကသတိပေးကြေညာခဲ့

            COVID-19 ကူးစက်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း၌ အလုပ်လက်မဲ့ဖြစ်ပွားမှု သိသိသာသာ တိုးတက်များပြားလာနိုင်ပြီး ကမ္ဘာတစ်ဝန်းရှိလူပေါင်း(၂၅) သန်းခန့်မှာ အလုပ်အကိုင်ဆုံးရှုံးမှုများဖြစ်လာနိုင်သည့်အပြင် အလုပ်သမားများ၏ဝင်ငွေပမာဏမှာလည်း သိသိသာသာလျော့နည်းကျဆင်းသွား လိမ့်မည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) က ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၈) ရက် (ဗုဒ္ဓဟူးနေ့) တွင် သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

            ILO ၏ကြေညာချက်၌ လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းရှိလူပေါင်း(၈,၀၀၀) ဦးကျော်ကိုသေဆုံးစေခဲ့သည့် COVID-19 ကူးစက်ရောဂါသစ်သည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကြပ်အတည်းကို သာမကကမ္ဘာလုံးဆိုင်ရာစီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းအကြပ်အတည်းများကိုပါ ဖြစ်ပေါ်စေပြီး ကမ္ဘာ့အလုပ်သမားစျေးကွက်အပေါ် ကြီးမားစွာရိုက်ခတ်လာခဲ့ကြောင်း၊ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ကူးစက်ရောဂါကြောင့်အလုပ်လက်မဲ့နှုန်းမြင့်တက်လာမည့်အပေါ် စောင့်ကြည့်လေ့လာ၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း၊လက်ရှိဖြစ်ပေါ်နေသော COVID-19 ကူးစက်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း၌ လူပေါင်း(၂၄.၇) သန်းကျော်အထိ အလုပ်အကိုင်ဆုံးရှုံးမည့်အနေအထားရှိကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှအစိုးရများအနေဖြင့် အကောင်းဆုံးတုံ့ပြန်မှုများကို ပြင်ဆင်ပြုလုပ်နိုင်သည့်တိုင်အောင်အနည်းဆုံးလူပေါင်း(၅.၃) သန်းခန့်မှာ မလွဲမသွေအလုပ်အကိုင်ဆုံးရှုံးရမည်ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုမှ စတင်ဖြစ်ပွားခဲ့သော ကမ္ဘာ့စီးပွားရေးအကြပ်အတည်းဂယက်ကြောင့် ၂၀၀၈ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်များအတွင်း ကမ္ဘာတစ်ဝန်းရှိ လူပေါင်း(၂၂) သန်းခန့် အလုပ်အကိုင်ဆုံးရှုံးခဲ့ဖူးရာ ယခု COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အလုပ်အကိုင်ဆုံးရှုံးမှုအရေအတွက်မှာ အဆိုပါ ကာလနှင့်နှိုင်းယှဉ်ပါက ပိုမိုများပြားနိုင်သည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

            ထို့ပြင် ILO ၏ကြေညာချက်၌ COVID-19 ကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်းအလုပ်သမားများ၏ဝင်ငွေဆုံးရှုံးမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၈၆၀)ဘီလီယံမှ အမေရိကန်ဒေါ်လာ(၃.၄)ထရီလီယံအထိရှိနိုင်ပြီး ဝင်ငွေကျဆင်းခြင်းနှင့်အတူ ဝန်ဆောင်မှုနှင့်ကုန်စည်စားသုံးမှုများပါလိုက်ပါကျဆင်းခြင်းကြောင့် အခြားစီးပွားရေးလုပ်ငန်းများနှင့် ကမ္ဘာ့စီးပွားရေးကဏ္ဍတို့အပေါ် ဆိုးကျိုးသက်ရောက်မှုများဖြစ်ပေါ်လာနိုင်သည်ဟုဖော်ပြထားကြောင်း www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

COVID-19 ကူးစက်မှုကို အကြောင်းပြု၍ ဆော်ဒီအာရေဗျနိုင်ငံတစ်ဝန်းရှိ ဗလီများ၌ ဝတ်ပြုခြင်းများကို ယာယီပိတ်ပင်ခဲ့မှု

COVID-19 ကူးစက်မှုကို အကြောင်းပြု၍ ဆော်ဒီအာရေဗျနိုင်ငံတစ်ဝန်းရှိ ဗလီများ၌ ဝတ်ပြုခြင်းများကို ယာယီပိတ်ပင်ခဲ့မှု

ဆော်ဒီအာရေဗျနိုင်ငံ၌ COVID-19 ကူးစက်မှုကို ကန့်သတ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတစ်ဝန်းရှိဝတ်ပြုကျောင်းများ၌ တစ်ပတ် (၅) ရက် ပုံမှန်ဝတ်ပြုခြင်းနှင့် အပတ်စဉ်သောကြာနေ့တစ်ရက်စုရုံးဝတ်ပြုခြင်းတို့ကိုမပြုလုပ်ရန် နှင့် ဝတ်ပြုကျောင်းများအားပိတ်ထားရန်  ဆော်ဒီအာရေဗျအစိုးရက၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၇)ရက်နေ့တွင် ကြေညာခဲ့ကြောင်းသိရှိရပါသည်။

လက်ရှိအချိန်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ COVID-19 ကြောင့် သေဆုံးသူမရှိသေးသော်လည်းရောဂါကူးစက်ခံထားရသူ (၁၇၁) ဦးရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ရောဂါကူးစက်မှုပိုမိုမဖြစ်ပေါ်စေရန် အတွက်နိုင်ငံအတွင်းဘာသာရေးအရ အစဉ်အလာကြီးမားဆုံးမြို့များဖြစ်သည့်မက္ကာနှင့် မက်ဒီနာမြို့တို့ရှိဝတ်ပြုကျောင်း (၂)ကျောင်းမှအပ နိုင်ငံတစ်ဝန်းရှိ အခြားသောဝတ်ပြုကျောင်းများကိုပိတ်ထားရန် ဆော်ဒီအာရေဗျ အစိုးရက ညွှန်ကြားခဲ့ခြင်းဖြစ်ပြီးဝတ်ပြုသူများအနေဖြင့် ဝတ်ပြုဆုတောင်းမှုများကို မိမိနေအိမ်မှသာ ပြုလုပ်ရမည်ဟုသိရှိရကြောင်း၊ ထို့ပြင် ဆော်ဒီအာရေဗျအစိုးရသည် မက္ကာမြို့သို့ ပြည်ပမှ လာရောက်ဝတ်ပြုမှုများကိုလည်း တားမြစ်ပိတ်ပင်ခဲ့ပြီးနိုင်ငံတကာလေကြောင်းခရီးစဉ်များကိုရပ်ဆိုင်းခြင်း၊ စာသင်ကျောင်းများပိတ်ခြင်း၊ အများပြည်သူဆိုင်ရာနေရာများကိုပိတ်ထားခြင်းတို့ကိုလုပ်ဆောင်ထားသည့် အပြင် နိုင်ငံအတွင်းရှိကျန်းမာရေးဌာန၊ တပ်မတော် နှင့် လုံခြုံရေးဆိုင်ရာအစိုးရဌာနများမှလွဲ၍ ကျန်အစိုးရဌာနများကိုပိတ်ထားခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းကပ်ရောဂါအဖြစ်ကူးစက်ပျံ့နှံ့လျက်ရှိသောCOVID-19ရောဂါ ကိုဖြစ်ပေါ်စေသောကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနရှိဆေးဝါးသုတေသနဌာနတစ်ခုဖြစ်သည့် ဓါတ်မတည့်မှုနှင့် ကူးစက်ရောဂါသုတေသနဌာန (National Institute of Allergy and Infectious Diseases – NIAID)မှ သိပ္ပံပညာရှင်များ၏ လေ့လာတွေ့ရှိချက်များအရကိုရိုနာဗိုင်းရပ်စ်သည် ရောဂါဖြစ်ပွားနေသူချောင်းဆိုး/နှာချေခြင်းမှ ထွက်ရှိသောတံတွေးစက်အမှုန်အမွှားများတွင် ဗိုင်းရပ်စ်ပိုးပါဝင်နိုင်ပြီး ၎င်းသည် လေထုထဲတွင် နာရီပေါင်းများစွာရှင်သန်နိုင်စွမ်းရှိကာအခြားသူများသို့ ကူးစက်နိုင်စွမ်းရှိသည့်အပြင် စပရေးဘူး၊ မှုတ်ဆေးဘူးကဲ့သို့ သောဘူးများအတွင်း၌ပင် (၃)နာရီကြာသည်အထိရှင်သန်နေနိုင်ကြောင်း၊ ၎င်းဗိုင်းရပ်စ်ပိုးသည် ပလပ် စတစ်မျက်နှာပြင်များ၊ စတီးမျက်နှာပြင်များပေါ်တွင် ကပ်ငြိရှင်သန်နိုင်ပြီး (၃)ရက်ကြာပြီးနောက်တွင် မှ ဗိုင်းရပ်စ်ပိုးရှိနေကြောင်းကိုစမ်းသပ်တွေ့ရှိနိုင်ကြောင်း၊ ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်သည် ကတ်ထူစက္ကူမျက်နှာပြင်ပေါ်တွင် (၂၄)နာရီခန့် ရှင်သန်နေနိုင်ပြီးကြေးနီမျက်နှာပြင်ပေါ်တွင် (၄)နာရီခန့် ရှင်သန်နေနိုင်သည်ဟုသိရှိရကြောင်းဖြင့် www.bdnews24.comအင်တာနက် website တွင် ဖော်ပြထားပါသည်။

ကူးစက်မြန် COVID-19 ရောဂါ ဖြစ်ပွားမှုဂယက်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီ(၂) လတာကာလအတွင်း တရုတ်ပြည်သူ(၅) သန်းခန့် အလုပ်လက်မဲ့ဖြစ်ခဲ့မှု

ကူးစက်မြန် COVID-19 ရောဂါ ဖြစ်ပွားမှုဂယက်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီ(၂) လတာကာလအတွင်း တရုတ်ပြည်သူ(၅) သန်းခန့် အလုပ်လက်မဲ့ဖြစ်ခဲ့မှု

          ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၆)ရက်တွင် တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဌာနက ထုတ်ပြန်သည့် စာရင်းအချက်အလက်များအရ ကူးစက်မြန် COVID-19 ရောဂါဖြစ်ပွားမှုဂယက်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလတို့အတွင်း တရုတ်နိုင်ငံရှိစက်ရုံအလုပ်ရုံများ၌ လုပ်ငန်းများရပ်ဆိုင်းခဲ့သည့်အတွက် တရုတ်ပြည်သူ(၅)သန်းနီးပါးခန့်မှာ အလုပ်လက်မဲ့များဖြစ်ခဲ့သည်ဟု သိရှိရပါသည်။

          တရုတ်နိုင်ငံအမျိုးသားစာရင်းအင်းဌာန၏ကြေညာချက်အရ တရုတ်နိုင်ငံတစ်ဝန်း အလုပ် လက်မဲ့နှုန်းမှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ၌ ၅.၂% ခန့်ရှိခဲ့ရာမှ  COVID-19 စတင်ပျံ့နှံ့လာသည့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင်၅.၃% သို့ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလတွင် ၆.၂% အထိ စံချိန်တင်မြင့်တက် လာခဲ့ကြောင်း၊ ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလကုန်အထိကာလအတွင်း တရုတ်နိုင်ငံ၌ အလုပ်လက်မဲ့ဖြစ်ခဲ့သူအရေအတွက်မှာ (၄.၆၇)သန်းခန့်ရှိသည်ဟု  သိရှိရပါသည်။

          လက်ရှိအချိန်၌တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နေပြီဖြစ်သော်လည်း ပုံမှန်အနေအထားသို့ ရောက်ရှိခြင်းမရှိသေးကြောင်း၊တရုတ်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလ(၂)လတာကာလအတွင်း စက်မှုကုန်ထုတ်ကဏ္ဍကျဆင်းခဲ့ခြင်း၊ ကုန်စည်လက်လီရောင်းချရမှုကျဆင်းခဲ့ခြင်းနှင့် အလုပ်လက်မဲ့ပမာဏ မြင့်တက်ခဲ့ခြင်းတို့ကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း တရုတ်အစိုးရ၏ စီးပွားရေးတိုးတက်မှုနှုန်းမျှော်မှန်းချက်ကို ပြည့်မီနိုင်ဖွယ်မရှိသည့်အပြင် ရောဂါပြဿနာကြောင့် တရုတ်ပြည်သူ(၉)သန်းခန့်အထိ အလုပ်လက်မဲ့ဖြစ်နိုင်သည်ဟု အချို့သော စီးပွားရေး ပညာရှင်များက ခန့်မှန်းထားကြကြောင်း ဖော်ပြပါရှိပါသည်။

COVID-19 ကြောင့် မလေးရှား အစိုးရက နိုင်ငံအတွင်းသို့ လူအဝင်/အထွက်ကို တားမြစ်ပိတ်ပင်ခဲ့သည့်အတွက် အိမ်နီးချင်း စင်ကာပူနိုင်ငံ၌ အခက်အခဲများ ကြုံတွေ့ဖွယ်ရှိမှု

COVID-19 ကြောင့် မလေးရှားအစိုးရက နိုင်ငံအတွင်းသို့ လူအဝင်/အထွက်ကို တားမြစ်ပိတ်ပင်ခဲ့သည့်အတွက် အိမ်နီးချင်း စင်ကာပူနိုင်ငံ၌ အခက်အခဲများ ကြုံတွေ့ဖွယ်ရှိမှု

          မလေးရှား နိုင်ငံအတွင်း COVID-19 ကူးစက်ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရေးအတွက် လာမည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၈)ရက်မှ မတ်လ(၃၁)ရက်နေ့အထိ ရက်သတ္တပတ်(၂)ပတ်ကာလအတွင်း မလေးရှားနိုင်ငံသားများ ပြည်ပသို့ထွက်ခွာခြင်းနှင့်မလေးရှားနိုင်ငံအတွင်းသို့ နိုင်ငံခြားသားများဝင်ရောက်ခြင်းတို့ကို တားမြစ် ပိတ်ပင်သွားမည်ဟု မလေးရှားအစိုးရက မတ်လ(၁၆)ရက်တွင်ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ မလေးရှား နိုင်ငံသည်လက်ရှိအချိန်၌ အရှေ့တောင်အာရှနိုင်ငံများအနက် COVID-19 ဖြစ်ပွားမှုအများဆုံးနိုင်ငံ ဖြစ်ကာ ရောဂါကူးစက်ခံရသူ(၅၅၃)ဦးခန့်ရှိပြီး သေဆုံးသူ(၁)ဦးခန့်ရှိကြောင်းသိရှိရပါသည်။

          မလေးရှားဝန်ကြီးချုပ် မူဟီဒင်ရာဆင်ကပြောကြားရာ၌ မလေးရှားအစိုးရအနေဖြင့် နိုင်ငံ အတွင်း COVID-19 ကူးစက်ပျံ့နှံ့မှုထပ်မံမဖြစ်ပေါ်စေရေးအတွက် ယခုကဲ့သို့အရေးပေါ်ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ပြီး ထုတ်ပြန်ကြေညာချက်အရ မတ်လ(၁၈)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ ရက်သတ္တပတ်(၂)ပတ်တာကာလအတွင်း မလေးရှားနိုင်ငံသားများ ပြည်ပသို့ထွက်ခွာမှုအားလုံးကို တားမြစ်ပိတ်ပင်သွားမည်ဖြစ်သကဲ့သို့ ပြည်ပမှပြန်လည်ဝင်ရောက်လာသည့် မလေးရှားနိုင်ငံသား များကိုလည်း ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် ရောဂါခြေချုပ်ဖြင့်(၁၄)ရက်ထားရှိစောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ကမ္ဘာလှည့်ခရီးသည်များအပါအဝင် နိုင်ငံခြားသားခရီးသွား များအားလုံးကိုလည်း မလေးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုတော့မည်မဟုတ်ကြောင်း၊ အလားတူ နိုင်ငံတစ်ဝန်း ဘာသာရေးပွဲများ၊ အားကစားပွဲများ၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာပွဲလမ်းသဘင် အခမ်းအနားပြုလုပ်မှုများအပါအဝင် အများပြည်သူပိုင်နေရာများ၌ လူစုလူဝေးနှင့်ပွဲလမ်းသဘင် ပြုလုပ်မှုများကိုလည်းတားဆီးပိတ်ပင်သွားမည်ဖြစ်သည့်အပြင် နိုင်ငံတစ်ဝန်းရှိ စူပါမားကတ်များ၊ ကုန်စုံဆိုင်များ၊ စတိုးဆိုင်များမှလွဲ၍ ဘာသာရေးအရဝတ်ပြုဆုတောင်းသည့်နေရာများ၊ စီးပွားရေး လုပ်ငန်းများတည်ရှိရာ အဆောက်အဦဥပစာနေရာများ၊ နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများနှင့် အဆင့်မြင့်ပညာသင်ကြားရေးဌာနများအားလုံးကိုလည်း ပိတ်ထားမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

          မလေးရှားနိုင်ငံ၌ COVID-19 ကူးစက်ပျံ့နှံ့မှုသည် လွန်ခဲ့သည့်ရက်သတ္တပတ်များအတွင်း ကွာလာလာမ်ပူမြို့အနီးရှိ ဆရီပီတာလင်ဗလီ၌ အစ္စလာမ်ဘာသာဝင်(၁၆,၀၀၀)ခန့်လာရောက်စုရုံး ခဲ့သည့် ဘာသာရေးစုရုံးပွဲမှ စတင်ခဲ့ခြင်းဖြစ်နိုင်သည်ဟု မလေးရှားနိုင်ငံကျန်းမာရေးဝန်ကြီး အက်ဟန်ဘာဘာကပြောကြားခဲ့ကြောင်း၊ အဆိုပါဗလီမှအစပြုခဲ့သော ရောဂါပျံ့နှံ့မှုသတင်းကြောင့် စင်ကာပူနိုင်ငံတွင်ဗလီများ၌ လူသူစုရုံး၍ ဝတ်ပြုဆုတောင်းခြင်းကိုမတ်လ(၂၆)ရက်နေ့အထိ တားမြစ် ပိတ်ပင်ထားကြောင်း သိရှိရပါသည်။

          မလေးရှားအစိုးရမှ ထုတ်ပြန်ခဲ့သည့် ခရီးသွားလာမှုဆိုင်ရာတားမြစ်မိန့်ကြောင့် စင်ကာပူနှင့် မလေးရှားနိုင်ငံအကြား နေ့စဉ်လူ(၃)သိန်းခန့် ပုံမှန်ဖြတ်သန်းသွားလာနေမှုမှာ ရပ်တန့်သွားခဲ့ပြီး စင်ကာပူနိုင်ငံဘက်သို့ စားသောက်ကုန်ပစ္စည်းဝင်ရောက်မှုများနှင့် မလေးရှားအထွေထွေလုပ်သားများ ဝင်ရောက်မှုတို့မှာ ရပ်ဆိုင်းသွားမည်ဖြစ်သည့်အတွက် စင်ကာပူနိုင်ငံအနေဖြင့် အခက်အခဲများ ကြုံတွေ့ဖွယ်ရှိကြောင်း၊ သို့သော် စင်ကာပူနိုင်ငံကုန်သွယ်ရေးဝန်ကြီး ချန်ချန်ဆင်းကမူ စင်ကာပူနိုင်ငံအနေဖြင့် အခြေခံစားသောက်ကုန်အပါအဝင် အရေးပါသောကုန်စည်များအား (၂)လစာခန့် အရန်သင့်သိုလှောင် ထားပြီးဖြစ်သောကြောင့် စားနပ်ရိက္ခာပြတ်လပ်မည့်ပြဿနာကို စိုးရိမ်ပူပန်စရာမလိုကြောင်းနှင့် လိုအပ်ပါက ဩစတြေးလျနိုင်ငံအပါအဝင် အချို့သောနိုင်ငံများထံမှ ဟင်းသီးဟင်းရွက်နှင့်ကြက်ဥများကို ဝယ်ယူတင်သွင်းသွားမည်ဖြစ်ကြောင်း၊ အလုပ်သမားလိုအပ်ချက်ဖြစ်ပေါ်လာပါကလည်း ဖြေရှင်းပေးရန် အတွက် စင်ကာပူနိုင်ငံရှိစီးပွားရေးအဖွဲ့အစည်းများက အသင့်ပြင်ထားသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်သည် မတ်လ(၁၆)ရက်တွင် သတင်း ဌာနများနှင့်တွေ့ဆုံခန်း၌ COVID-19 ပြဿနာသည် ၁၉၉၇ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော အာရှငွေကြေး အကျပ်အတည်းပြဿနာထက်ကမ္ဘာ့စီးပွားရေးကိုပိုမိုထိခိုက်စေနိုင်သည်ဟု သတိပေးပြောကြားခဲ့ကြောင်း၊ လက်ရှိအချိန်၌ မလေးရှားဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်သည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသော မူဟီဒင်ရာဆင်သည် မလေးရှားနိုင်ငံ၏စီးပွားရေးကျဆင်းမှုမရှိစေရန်အတွက် အမေရိကန် ဒေါ်လာ(၄.၇)ဘီလီယံခန့်သုံးစွဲမည့် စီးပွားရေးလှုံ့ဆော်မှုစီမံကိန်းများကို လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း ဖော်ပြပါရှိပါသည်။

ကမ္ဘာတစ်ဝန်းရှိ စတော့ရှယ်ယာဈေးကွက်များမပြိုလဲစေရန်အတွက် ရင်းနှီးမြှုပ်နှံသူ အများအပြားက ရွှေကိုထုတ်ရောင်း၍ စတော့ရှယ်ယာဈေးကွက်ကို ကျားကန်ပေးနေမှုများကြောင့် ကမ္ဘာ့ရွှေဈေးကျဆင်းလျက်ရှိ

ကမ္ဘာတစ်ဝန်းရှိ စတော့ရှယ်ယာဈေးကွက်များမပြိုလဲစေရန်အတွက် ရင်းနှီးမြှုပ်နှံသူအများအပြားက ရွှေကိုထုတ်ရောင်း၍ စတော့ရှယ်ယာ ဈေး ကွက်ကို ကျားကန်ပေးနေမှုများကြောင့် ကမ္ဘာ့ရွှေဈေးကျဆင်းလျက်ရှိ

          COVID-19 ဂယက်ကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား ခရီးသွားလာရေးဆိုင်ရာ အပြန်အလှန်ထိန်းချုပ်မှုများ၊ တားမြစ်ပိတ်ပင်မှုများ ဖြစ်ပေါ်လာခဲ့ပြီးနောက်တွင် ကမ္ဘာတစ်ဝန်း စတော့ရှယ်ယာဈေးကွက်၏ အနေအထားမှာ အဆိုးဆုံးအခြေအနေသို့ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က  ဥရောပတိုက်သားများအား အမေရိကန်ပြည်ထောင်စုအတွင်းသို့ ပြည်ဝင်ခွင့်မပေးရန်ကြေညာခဲ့ပြီးနောက် ၂၀၂၀ပြည့်နှစ်၊ မတ်လ(၁၂)ရက်နေ့တွင်  ဥရောပစတော့ရှယ်ယာများတန်ဖိုးမှာ ၆% မှ ၉.၉% အထိ ကျဆင်းခဲ့ပြီး (၆)နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိခဲ့ကြောင်း၊ အလားတူ အမေရိကန်စတော့ရှယ်ယာများတန်ဖိုးမှာလည်း ၅% ခန့် ကျဆင်းခဲ့ကြောင်း၊ ထို့ပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)က COVID-19 အား ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် မတ်လ(၁၁)ရက်နေ့တွင်ကြေညာခဲ့ရာ ယင်းကြေညာချက်ထွက်ပေါ်ပြီးနောက်တွင် ဂျပန်စတော့ရှယ်ယာများ တန်ဖိုးမှာ ၈%မှ ၁၀% အထိ၊ ဩစတြေးလျစတော့ရှယ်ယာများတန်ဖိုးမှာ ၆% မှ ၈%အထိ၊ တောင်ကိုရီးယားစတော့ရှယ်ယာများ တန်ဖိုးမှာ ၄%မှ၇% အထိ၊ ထိုင်းစတော့ရှယ်ယာများတန်ဖိုးမှာ ၁၀.၈% ၊ အိန္ဒိယစတော့ရှယ်ယာများ တန်ဖိုးမှာ ၁၀%၊တရုတ်စတော့ရှယ်ယာများတန်ဖိုးမှာ ၃%၊ ဟောင်ကောင်စတော့ရှယ်ယာများတန်ဖိုးမှာ ၅.၄% နှင့် စင်ကာပူစတော့ရှယ်ယာများတန်ဖိုးမှာ ၅% အသီးသီးကျဆင်းခဲ့ပြီး ကမ္ဘာ့စတော့ဈေးကွက် ၏အနေအထားမှာ ၂၀၀၈ ခုနှစ် ကမ္ဘာ့ငွေကြေးအကျပ်အတည်းပြဿနာနောက်ပိုင်း အဆိုးဆုံး အနေအထားသို့ရောက်ရှိသွားခဲ့ကြောင်း သိရှိရပါသည်။

          ကမ္ဘာတစ်ဝန်း စတော့ရှယ်ယာဈေးကွက်များ၏အခြေအနေမှာ မကြာမီရက်ပိုင်းအတွင်း ပြိုလဲ ရပ်ဆိုင်းမည့် အနေအထားသို့ရောက်ရှိနေသောကြောင့် စတော့ရှယ်ယာဈေးကွက်အတွင်း၌ ရင်းနှီး မြှုပ်နှံထားသော ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့်လုပ်ငန်းရှင်ကြီးများသည် လက်ဝယ်ရှိရွှေများကို အများအပြားပြန်လည်ရောင်းချကာ ရရှိသည့်ငွေကြေးများဖြင့် စတော့ရှယ်ယာဈေးကွက်ကို ကျားကန်မှုများ ပြုလုပ်နေကြသောကြောင့် ကမ္ဘာ့ရွှေဈေးမှာ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ကျဆင်းခဲ့ကြောင်း၊   ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၃)ရက်နေ့ နံနက်ပိုင်း၌ ၃.၆% ကျဆင်းခဲ့ပြီး တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ(၁၅၆၀)ဝန်းကျင်အထိ ရောက်ရှိခဲ့ကြောင်း၊ ကမ္ဘာ့ရွှေဈေးသည် ယခုရက်သတ္တပတ်အတွင်း၌ ၆.၇% ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

          သို့သော် အမေရိကန်ဗဟိုဘဏ်သည် လာမည့်ရက်သတ္တပတ်အတွင်းကျင်းပမည့် အမေရိကန် ဗဟိုဘဏ်အစည်းအဝေး၌ ငွေကြေးမူဝါဒများအား ဖြေလျော့ပေးခြင်းအပါအဝင် ဈေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာအမြောက်အများဖြည့်တင်းပေးရန်စီစဉ်နေသည့်သတင်းများကြောင့် ကမ္ဘာ့ရွှေဈေးမှာ မကြာမီရက်ပိုင်းအတွင်း၌ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၆၀၀)အထက်သို့ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု ရွှေဈေးကွက်လေ့လာသူများက ခန့်မှန်းထားကြကြောင်း www.bloomberg.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အမေရိကန်ပြည်ထောင်စုအတွင်း COVID-19 ရောဂါပျံ့နှံ့မှုကို ထိန်းချူပ်ရန်အတွက် ဥရောပနိုင်ငံသားများအား အမေရိကန်ပြည်ထောင်စုသို့ လာရောက်ခြင်းကို ယာယီပိတ်ပင်ထားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီးနောက် ကမ္ဘာ့ရေနံနှုန်းများမှာ ၆% ခန့်ကျဆင်းခဲ့

အမေရိကန်ပြည်ထောင်စုအတွင်း COVID-19 ရောဂါပျံ့နှံ့မှုကို ထိန်းချူပ်ရန်အတွက် ဥရောပနိုင်ငံသားများအား အမေရိကန်ပြည်ထောင်စုသို့ လာရောက်ခြင်းကို ယာယီပိတ်ပင်ထားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့ပြီးနောက် ကမ္ဘာ့ရေနံနှုန်းများမှာ ၆% ခန့်ကျဆင်းခဲ့

          အမေရိကန်ပြည်ထောင်စုအတွင်း COVID-19 ရောဂါပျံ့နှံ့မှုကိုကောင်းစွာထိန်းချုပ်နိုင်ရန်အတွက် အင်္ဂလန်နိုင်ငံသားများမှအပ အခြားဥရောပနိုင်ငံသားများအားလုံး အမေရိကန်ပြည်ထောင်စုသို့လာရောက်ခြင်းကို ရက်ပေါင်း(၃၀) ယာယီပိတ်ပင်ထားမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ၂၀၂၀ ပြည့်နှစ်၊မတ်လ(၁၁)ရက်တွင်ပြောကြားခဲ့ပြီးနောက် ကမ္ဘာ့ရေနံဈေးနှုန်းများမှာ ၆% ခန့် ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

          အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ပြောကြားရာ၌ ဥရောပနိုင်ငံများသည် COVID-19 ရောဂါစတင်ဖြစ်ပွားရာ တရုတ်နိုင်ငံအပါအဝင် ရောဂါကူးစက်ခံရမှုများပြားသည့်အခြားသောနိုင်ငံများမှ ခရီးသွားများအပေါ်၌ ထိရောက်သောတားမြစ်ပိတ်ပင်မှုများမပြုလုပ်ခဲ့သည့်အတွက်ဥရောပနိုင်ငံများ၌ COVID-19 ရောဂါကူးစက်မှုများပြားလာခဲ့ကြောင်း၊ အမေရိကန်အစိုးရသည်ဥရောပတိုက်သားများမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ COVID-19 အများအပြား ကူးစက်ခြင်းမရှိစေရန်အတွက်အင်္ဂလန်နိုင်ငံသားများမှအပ အခြားဥရောပနိုင်ငံများမှ ခရီးသွားများအားလုံးကို အမေရိကန် ပြည်ထောင်စုသို့ လာရောက်ခြင်းအား ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၄)ရက် နံနက်ပိုင်းမှစ၍ ရက်ပေါင်း (၃၀)ကြာ ယာယီပိတ်ပင်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တားမြစ်ပိတ်ပင်မှုသည် လူများအပေါ်၌ သာမက ကုန်စည် တင်သွင်း/တင်ပို့ ရောင်းဝယ်မှုများအပေါ်၌ပါ ချမှတ်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့သောလုပ်ဆောင်ခြင်းသည် ပြည်ပမှဝင်ရောက်လာသော ဗိုင်းရပ်စ်ရောဂါပိုးကို တိုက်ဖျက်နှိမ်နင်းရန်အကျယ်တဝင့်ဖြင့် ထိထိရောက်ရောက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊အမေရိကန် ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများအကြား ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးကဏ္ဍအပေါ် သမ္မတ ဒေါ်နယ်ထရန့်၏တားမြစ်ပိတ်ပင်မှုသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ပိုမိုနှောင့်နှေးစေပြီး ကမ္ဘာတစ်ဝန်း ရေနံဝယ်လိုအားလည်း လျော့နည်းသွားနိုင်သည်ဟူသော ခန့်မှန်းချက်များ ထွက်ပေါ်လာပြီးနောက် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

          ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့ကလည်း ၎င်းတို့၏ နေ့စဉ်ရေနံထုတ်လုပ်မှုပမာဏကို လက်ရှိထုတ်လုပ်နေသည့်ပမာဏထက်စည်ပေါင်း(၁)သန်းခန့်စီ တိုးမြှင့်ထုတ်လုပ်သွားမည်ဟု ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၁)ရက်တွင် ကြေညာခဲ့ကြခြင်းသည်လည်း ကမ္ဘာ့ရေနံဈေးနှုန်းများကို ကျဆင်းစေသည့် အခြားသောအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၂)ရက်နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်း ကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၅.၇% ကျဆင်းခဲ့ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၃၁.၁၁)သို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၅.၉% ကျဆင်း ခဲ့ပြီး တစ်စည်လျှင်အမေရိကန်ဒေါ်လာ(၃၃.၆၇)သို့ ရောက်ရှိခဲ့ကြောင်း www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။