COVID-19 နှင့် ရေနံဈေးနှုန်းအဆမတန်ကျဆင်းသည့် ဂယက်များကြောင့် အမေရိကန်စတော့ရှယ်ယာ ဈေးကွက်၌ ယခုရက်သတ္တပတ်အတွင်း ဆုံးရှုံမှုမှာ အမေရိကန်ဒေါ်လာ(၅) ထရီလီယံခန့်ရှိခဲ့

COVID-19 နှင့် ရေနံဈေးနှုန်းအဆမတန်ကျဆင်းသည့် ဂယက်များကြောင့် အမေရိကန်စတော့ရှယ်ယာဈေးကွက်၌ ယခုရက်သတ္တပတ်အတွင်း ဆုံးရှုံမှုမှာ အမေရိကန်ဒေါ်လာ (၅) ထရီလီယံခန့်ရှိခဲ့

COVID-19 ပြဿနာကို အကြောင်းပြု၍ ရေနံထုတ်လုပ်မှုလျှော့ချရေးကိစ္စ၌ အိုပက်အဖွဲ့နှင့်ရုရှားအပါအဝင် အခြားရေနံထုတ်လုပ်သည့် နိုင်ငံများအကြား သဘောထားကွဲလွဲမှုများပြင်းထန်စွာဖြစ်ပေါ်ပြီး (၃) နှစ်ကြာရယူထားသော ရေနံထုတ်လုပ်မှုညှိနှိုင်းသဘောတူညီချက် ပျက်ပြယ်ခဲ့သည့်အပြင် ရေနံအင်အားကြီး ဆော်ဒီအာရေဗျနှင့်ရုရှားနိုင်ငံတို့က ရေနံစည်များကို အဆမတန်တိုးမြှင့်ထုတ်လုပ် ရောင်းချမည့်အစီအစဉ်များကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းမှာ၂၀၂၀ပြည့်နှစ်၊ မတ်လ (၉) ရက် တစ်နေ့တာကာလအတွင်း၌ပင် ၂၀% ကျဆင်းခဲ့ကြောင်း၊ COVID-19 ပြဿနာနှင့် ရေနံဈေးနှုန်းများ အဆမတန်ကျဆင်းခဲ့သည့်ဂယက်များကြောင့် အမေရိကန်စတော့ရှယ်ယာများတန်ဖိုးမှာလည်း မတ်လ (၉) ရက် တစ်နေ့တာကာလအတွင်း၌ပင် ၇% ခန့် လိုက်ပါကျဆင်းခဲ့သည့်အတွက် အမေရိကန်စတော့ရှယ်ယာဈေးကွက်မှာ ကမောက်ကမဖြစ်ခဲ့ပြီး အမေရိကန်စတော့ရှယ်ယာဈေးကွက်၌ ရင်းနှီးမြှုပ်နှံသူများ၏ဆုံးရှုံးမှုပမာဏသည် ယခုရက်သတ္တပတ်အတွင်း၌ အမေရိကန်ဒေါ်လာ(၅)ထရီလီယံခန့် ရှိခဲ့ကြောင်း၊ထိုသို့ဆုံးရှုံးမှုများအနက်အမေရိကန်စတော့ရှယ်ယာဈေးကွက်ရှိ ထိပ်တန်းကုမ္ပဏီကြီး (၁၀)ခုတို့၏ စတော့ရှယ်ယာများ၌ ရင်းနှီးမြှုပ်နှံထားသူများ၏ ဆုံးရှုံးမှုတန်ဖိုးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ(၁.၄) ထရီလီယံခန့်ရှိခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်စတော့ဈေးကွက်၌ ရင်းနှီးမြှုပ်နှံသူများအကြား ရေပန်းစားသည့် ထိပ်တန်းကုမ္ပဏီကြီးများတွင် Microsoft ၊ Apple၊ Alphabet နှင့် Amazon တို့ပါဝင်ကြောင်း၊ သို့သော် COVID -19 နှင့် ရေနံဈေးနှုန်းအဆမတန်ကျဆင်းမှုဂယက်ကြောင့် ယခုရက်သတ္တပတ်အတွင်း အမေရိကန်စတော့ ရှယ်ယာအသီးသီး၌ ရင်းနှီးမြှုပ်နှံထားသူများ၏ ဆုံးရှုံးမှုပမာဏအသီးသီးမှာ Microsoft စတော့ရှယ်ယာများ၌ အမေရိကန်ဒေါ်လာ(၂၅၀)ဘီလီယံခန့်၊ Apple စတော့ရှယ်ယာများ၌ အမေရိကန် ဒေါ်လာ(၂၀၀)ဘီလီယံကျော်၊ Alphabet စတော့ရှယ်ယာများ၌လည်း အမေရိကန်ဒေါ်လာ(၂၀၀) ဘီလီယံကျော်နှင့် Amazon စတော့ရှယ်ယာများ၌ အမေရိကန်ဒေါ်လာ(၁၇၀)ဘီလီယံခန့်ရှိကြကြောင်း www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုဂယက်ကြောင့် အမေရိကန်ဗဟိုဘဏ်က ဘဏ်တိုးနှုန်းအရေးပေါ်လျှော့ချခဲ့ပြီးနောက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၃% မြင့်တက်လာခဲ့

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုဂယက်ကြောင့် အမေရိကန်ဗဟိုဘဏ်က ဘဏ်တိုးနှုန်းအရေးပေါ်လျှော့ချခဲ့ပြီးနောက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၃% မြင့်တက်လာခဲ့

အမေရိကန် ဗဟိုဘဏ်သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၇)ရက်နှင့် (၁၈)ရက်တို့တွင် အစည်းအဝေးကျင်းပရန် မူလကစီစဉ်ထားပြီးဖြစ်သော်လည်းကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးအခြေအနေအပေါ်ဆိုးကျိုးထိခိုက်မှုများမှကာကွယ်ရန်အတွက် မတ်လ(၃)ရက်နေ့တွင် ဘဏ်တိုးနှုန်းအား လက်ရှိသတ်မှတ်ထားသည့် ၁.၇၅% မှ ၀.၅% လျှော့ချကာ ၁.၂၅% သို့ အရေးပေါ် လျှော့ချခဲ့သည့်အတွက် ကမ္ဘာ့ရွှေဈေးနှုန်းမှာဆက်လက်မြင့်တက်လာခဲ့ကြောင်း၊ အမေရိကန် ဗဟိုဘဏ်က ဘဏ်တိုးနှုန်းအားယခုကဲ့သို့အရေးပေါ်လျှော့ချခဲ့ခြင်းသည် ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပင်ဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရွန်မီပါဝယ်လ်က ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၃)ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားရာ၌ ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် စိန်ခေါ်မှုနှင့်အကျပ်အတည်း အသစ်အဆန်းများကို ကြုံတွေ့လာရကြောင်း၊ လက်ရှိအချိန်တွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုဂယက်သည်အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးအခြေအနေအပေါ် ကာလတိုအတိုင်းအတာတစ်ခုအထိ ဂယက်ရိုက်ခတ်နေဖွယ်ရှိကြောင်း၊ ထို့ကြောင့် ဗိုင်းရပ်စ်ပြဿနာကြောင့် ဆိုးကျိုးထိခိုက်နိုင်သည့် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုနိုင်ရန်အတွက် ဘဏ်တိုးနှုန်းအား ယခုကဲ့သို့လျှော့ချခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ အမေရိကန်ဗဟိုဘဏ်၏ကြေညာချက်ထွက်ပေါ်ပြီးနောက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းသွားခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများသည် ရွှေကိုပိုမိုဝယ်ယူစုဆောင်း လာသောကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာဆက်လက်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လ(၄)ရက်နံနက်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေလက်ငင်းရောင်း ဝယ်မှုဈေးနှုန်းမှာ ၃.၁% ခန့်မြင့်တက်ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁,၆၄၃.၇၆)သို့ ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ နိုင်ငံတကာငွေကြေးဈေးကွက်အတွင်း၌ ၀.၂၀% ခန့်ကျဆင်းခဲ့ပြီး (၅)လတာကာလအတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း www.reuters.com အင်တာနက် websiteတွင် ဖော်ပြပါရှိပါသည်။

မှတ်ချက်။  ။ ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၄)ရက်တွင် အမေရိကန်ပြည်ထောင်စု၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူအရေအတွက်မှာ (၁၂၅)ဦးရှိပြီး သေဆုံးသူ(၉)ဦးရှိသည်ဟု သိရှိရပါသည်။

သန့်ရှင်းမှုမရှိသောစက္ကူများကြောင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုလျင်မြန်စွာ ဖြစ်ပေါ်နေဖွယ်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ပြောကြားခဲ့

သန့်ရှင်းမှုမရှိသောစက္ကူများကြောင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု လျင်မြန်စွာ ဖြစ်ပေါ်နေဖွယ်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့

လက်ရှိအချိန်၌ကမ္ဘာတစ်ဝန်းသို့ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုမှာလျင်မြန်စွာဖြစ်ပေါ်လျက်ရှိရာထိုသို့လျင်မြန်စွာပျံ့နှံ့ခြင်း၏အကြောင်းအရင်းတစ်ခုတွင်ဟောင်းနွမ်းပြီးမသန့်ရှင်းသောငွေစက္ကူများအားအသုံးပြုခြင်းသည်လည်းအချက်တစ်ခုအဖြစ်ပါဝင်နိုင်သည်ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကသတိပေးခဲ့ကြောင်း၊ကမ္ဘာ့ကျန်းမာရေးအဖွဲ့က၂၀၂၀ပြည့်နှစ်၊မတ်လ(၂)ရက်(တနင်္လာနေ့)တွင်ထုတ်ပြန်ကြေညာချက်တွင်ဟောင်းနွမ်းပြီးမသန့်ရှင်းသည့်ငွေစက္ကူများကိုကိုင်တွယ်သုံးစွဲခြင်းဖြင့်ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုပိုမိုဖြစ်ပေါ်စေနိုင်သည့်အတွက်ငွေစက္ကူကိုင်တွယ်ပြီးသည့်အချိန်တိုင်းလက်ကိုဂရုပြု၍ပုံမှန်ဆေးကြောသန့်စင်ရန်လိုအပ်ပြီးဖြစ်နိုင်ပါကငွေစက္ကူအသုံးပြုရန်မလိုသည့်ငွေပေးချေမှုစနစ်များကိုသုံးစွဲကြရန်ဖော်ပြထားကြောင်း၊ထို့ပြင်ငွေစက္ကူကိုင်တွယ်ပြီးနောက်မိမိမျက်နှာပေါ်ရှိအစိတ်အပိုင်းများအားလက်ဖြင့်ကိုင်တွယ်ထိတွေ့ခြင်းမပြုရန်နှင့်ငွေစက္ကူကိုကိုင်တွယ်မှုနည်းပါးပါကရောဂါကူးစက်ခံရမှုလည်းနည်းပါးနိုင်သည်ဟုကမ္ဘာ့ကျန်းမာရေးအဖွဲ့ကသတိပေးထားကြောင်းသိရှိရပါသည်။

အလားတူအင်္ဂလန်ဗဟိုဘဏ်ကမတ်လ(၂)ရက်နေ့တွင်ထုတ်ပြန်သည့်ကြေညာချက်၌လည်းငွေစက္ကူများသည်ဘက်တီးရီးယားများနှင့်ဗိုင်းရပ်စ်များကိုသယ်ဆောင်နိုင်သောကြောင့်ငွေစက္ကူအသုံးပြုသူများအားလုံးပုံမှန်လက်ဆေးကြောသန့်စင်ခြင်းကိုပြုလုပ်ရန်သတိပေးထားကြောင်း၊လက်ရှိအချိန်တွင်ကိုရိုနာဗိုင်းရပ်စ်အများဆုံးဖြစ်ပွားနေသည့်တရုတ်နိုင်ငံနှင့်တောင်ကိုရီးယားနိုင်ငံတို့တွင်ရောဂါပြန့်ပွားမှုကိုတားဆီးနိုင်ရန်အတွက်ငွေစက္ကူအဟောင်းများအားခရမ်းလွန်ရောင်ခြည် (သို့မဟုတ်)အပူချိန်မြင့်မားစွာအသုံးပြု၍ရောဂါပိုးသန့်စင်ခြင်းများကိုပြုလုပ်ပြီးမှသာဈေးကွက်အတွင်းသို့ပြန်လည်ဖြန့်ဝေလျက်ရှိကြောင်း၊သို့သော်အင်္ဂလန်ဗဟိုဘဏ်ကမူအင်္ဂလန်နိုင်ငံအနေဖြင့်တရုတ်နိုင်ငံနှင့်တောင်ကိုရီးယားနိုင်ငံကဲ့သို့ငွေစက္ကူများအားပိုးသတ်သန့်စင်ရန်အစီအစဉ်မရှိဟုကြေညာခဲ့ကြောင်းသိရှိရပါသည်။

အင်္ဂလန်နိုင်ငံအခြေစိုက်နာမည်ကြီးဆေးပညာဂျာနယ်တစ်ခုဖြစ်သည့် Journal of Hospital Infection ကယခုရက်ပိုင်းအတွင်းပြုလုပ်သည့်သုတေသနပြုချက်များအရယခုဖြစ်ပွားနေသောဝူဟန်ကိုရိုနာဗိုင်းရပ်စ်နှင့်မျိုးရိုးဗီဇချင်းတူညီသောပြင်းထန်အဆုတ်ရောင်ကူးစက်ရောဂါ(SARS) နှင့်အရှေ့အလယ်ပိုင်းဒေသအသက်ရှူလမ်းကြောင်းဆိုင်ရာအဆုတ်ရောင်ရောဂါ(MERS)တို့တွင်တွေ့ရှိရသောလူအချင်းချင်းကူးစက်နိုင်သည့်ကိုရိုနာ‌ဗိုင်းရပ်စ်များသည်ငွေစက္ကူများ၏မျက်နှာပြင်ပေါ်၌သာမန်အခန်းအပူချိန်တွင် (၉)ရက်တိုင်အောင်အသက်ရှင်နေထိုင်နိုင်ကြောင်းတွေ့ရှိရသည်ဖြစ်ရာဝူဟန်ကိုရိုနာဗိုင်းရပ်စ်မှာလည်းအလားတူအသက်ရှင်နေထိုင်နိုင်လိမ့်မည်ဟုဆေးပညာရှင်များကခန့်မှန်းခဲ့ကြကြောင်းwww.telegraph.co.uk အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

မှတ်ချက်။၂၀၂၀ပြည့်နှစ်၊မတ်လ(၃)ရက်နေ့အထိရရှိသောစာရင်းအချက်အလက်များအရကမ္ဘာပေါ်ရှိနိုင်ငံ/ဒေသကြီး(၇၇)ခုတို့တွင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေပြီးရောဂါကူးစက်ခံရသူ (၉၁,၃၆၂)ဦး၊သေဆုံးသူ(၃,၁၁၉)ဦးနှင့်ပြန်လည်သက်သာပျောက်ကင်းသူ(၄၈,၂၅၇)ဦးရှိကြောင်းသိရှိရပါသည်။