ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုဂယက်ကြောင့် အမေရိကန်ဗဟိုဘဏ်က ဘဏ်တိုးနှုန်းအရေးပေါ်လျှော့ချခဲ့ပြီးနောက် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၃% မြင့်တက်လာခဲ့

အမေရိကန် ဗဟိုဘဏ်သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၁၇)ရက်နှင့် (၁၈)ရက်တို့တွင် အစည်းအဝေးကျင်းပရန် မူလကစီစဉ်ထားပြီးဖြစ်သော်လည်းကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးအခြေအနေအပေါ်ဆိုးကျိုးထိခိုက်မှုများမှကာကွယ်ရန်အတွက် မတ်လ(၃)ရက်နေ့တွင် ဘဏ်တိုးနှုန်းအား လက်ရှိသတ်မှတ်ထားသည့် ၁.၇၅% မှ ၀.၅% လျှော့ချကာ ၁.၂၅% သို့ အရေးပေါ် လျှော့ချခဲ့သည့်အတွက် ကမ္ဘာ့ရွှေဈေးနှုန်းမှာဆက်လက်မြင့်တက်လာခဲ့ကြောင်း၊ အမေရိကန် ဗဟိုဘဏ်က ဘဏ်တိုးနှုန်းအားယခုကဲ့သို့အရေးပေါ်လျှော့ချခဲ့ခြင်းသည် ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ပင်ဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရွန်မီပါဝယ်လ်က ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၃)ရက်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားရာ၌ ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် စိန်ခေါ်မှုနှင့်အကျပ်အတည်း အသစ်အဆန်းများကို ကြုံတွေ့လာရကြောင်း၊ လက်ရှိအချိန်တွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုဂယက်သည်အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးအခြေအနေအပေါ် ကာလတိုအတိုင်းအတာတစ်ခုအထိ ဂယက်ရိုက်ခတ်နေဖွယ်ရှိကြောင်း၊ ထို့ကြောင့် ဗိုင်းရပ်စ်ပြဿနာကြောင့် ဆိုးကျိုးထိခိုက်နိုင်သည့် နိုင်ငံ၏စီးပွားရေးကို အထောက်အကူပြုနိုင်ရန်အတွက် ဘဏ်တိုးနှုန်းအား ယခုကဲ့သို့လျှော့ချခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း၊ အမေရိကန်ဗဟိုဘဏ်၏ကြေညာချက်ထွက်ပေါ်ပြီးနောက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းသွားခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများသည် ရွှေကိုပိုမိုဝယ်ယူစုဆောင်း လာသောကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာဆက်လက်မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၀ ပြည့်နှစ်၊ မတ်လ(၄)ရက်နံနက်ပိုင်းတွင် ကမ္ဘာ့ဈေးကွက်အတွင်း ရွှေလက်ငင်းရောင်း ဝယ်မှုဈေးနှုန်းမှာ ၃.၁% ခန့်မြင့်တက်ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၁,၆၄၃.၇၆)သို့ ရောက်ရှိခဲ့ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ နိုင်ငံတကာငွေကြေးဈေးကွက်အတွင်း၌ ၀.၂၀% ခန့်ကျဆင်းခဲ့ပြီး (၅)လတာကာလအတွင်း အနိမ့်ဆုံးသို့ရောက်ရှိခဲ့ကြောင်း www.reuters.com အင်တာနက် websiteတွင် ဖော်ပြပါရှိပါသည်။

မှတ်ချက်။  ။ ၂၀၂၀ ပြည့်နှစ်၊ မတ်လ(၄)ရက်တွင် အမေရိကန်ပြည်ထောင်စု၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူအရေအတွက်မှာ (၁၂၅)ဦးရှိပြီး သေဆုံးသူ(၉)ဦးရှိသည်ဟု သိရှိရပါသည်။