COVID-19 နှင့် ရေနံဈေးနှုန်းအဆမတန်ကျဆင်းသည့် ဂယက်များကြောင့် အမေရိကန်စတော့ရှယ်ယာဈေးကွက်၌ ယခုရက်သတ္တပတ်အတွင်း ဆုံးရှုံမှုမှာ အမေရိကန်ဒေါ်လာ (၅) ထရီလီယံခန့်ရှိခဲ့

COVID-19 ပြဿနာကို အကြောင်းပြု၍ ရေနံထုတ်လုပ်မှုလျှော့ချရေးကိစ္စ၌ အိုပက်အဖွဲ့နှင့်ရုရှားအပါအဝင် အခြားရေနံထုတ်လုပ်သည့် နိုင်ငံများအကြား သဘောထားကွဲလွဲမှုများပြင်းထန်စွာဖြစ်ပေါ်ပြီး (၃) နှစ်ကြာရယူထားသော ရေနံထုတ်လုပ်မှုညှိနှိုင်းသဘောတူညီချက် ပျက်ပြယ်ခဲ့သည့်အပြင် ရေနံအင်အားကြီး ဆော်ဒီအာရေဗျနှင့်ရုရှားနိုင်ငံတို့က ရေနံစည်များကို အဆမတန်တိုးမြှင့်ထုတ်လုပ် ရောင်းချမည့်အစီအစဉ်များကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းမှာ၂၀၂၀ပြည့်နှစ်၊ မတ်လ (၉) ရက် တစ်နေ့တာကာလအတွင်း၌ပင် ၂၀% ကျဆင်းခဲ့ကြောင်း၊ COVID-19 ပြဿနာနှင့် ရေနံဈေးနှုန်းများ အဆမတန်ကျဆင်းခဲ့သည့်ဂယက်များကြောင့် အမေရိကန်စတော့ရှယ်ယာများတန်ဖိုးမှာလည်း မတ်လ (၉) ရက် တစ်နေ့တာကာလအတွင်း၌ပင် ၇% ခန့် လိုက်ပါကျဆင်းခဲ့သည့်အတွက် အမေရိကန်စတော့ရှယ်ယာဈေးကွက်မှာ ကမောက်ကမဖြစ်ခဲ့ပြီး အမေရိကန်စတော့ရှယ်ယာဈေးကွက်၌ ရင်းနှီးမြှုပ်နှံသူများ၏ဆုံးရှုံးမှုပမာဏသည် ယခုရက်သတ္တပတ်အတွင်း၌ အမေရိကန်ဒေါ်လာ(၅)ထရီလီယံခန့် ရှိခဲ့ကြောင်း၊ထိုသို့ဆုံးရှုံးမှုများအနက်အမေရိကန်စတော့ရှယ်ယာဈေးကွက်ရှိ ထိပ်တန်းကုမ္ပဏီကြီး (၁၀)ခုတို့၏ စတော့ရှယ်ယာများ၌ ရင်းနှီးမြှုပ်နှံထားသူများ၏ ဆုံးရှုံးမှုတန်ဖိုးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ(၁.၄) ထရီလီယံခန့်ရှိခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်စတော့ဈေးကွက်၌ ရင်းနှီးမြှုပ်နှံသူများအကြား ရေပန်းစားသည့် ထိပ်တန်းကုမ္ပဏီကြီးများတွင် Microsoft ၊ Apple၊ Alphabet နှင့် Amazon တို့ပါဝင်ကြောင်း၊ သို့သော် COVID -19 နှင့် ရေနံဈေးနှုန်းအဆမတန်ကျဆင်းမှုဂယက်ကြောင့် ယခုရက်သတ္တပတ်အတွင်း အမေရိကန်စတော့ ရှယ်ယာအသီးသီး၌ ရင်းနှီးမြှုပ်နှံထားသူများ၏ ဆုံးရှုံးမှုပမာဏအသီးသီးမှာ Microsoft စတော့ရှယ်ယာများ၌ အမေရိကန်ဒေါ်လာ(၂၅၀)ဘီလီယံခန့်၊ Apple စတော့ရှယ်ယာများ၌ အမေရိကန် ဒေါ်လာ(၂၀၀)ဘီလီယံကျော်၊ Alphabet စတော့ရှယ်ယာများ၌လည်း အမေရိကန်ဒေါ်လာ(၂၀၀) ဘီလီယံကျော်နှင့် Amazon စတော့ရှယ်ယာများ၌ အမေရိကန်ဒေါ်လာ(၁၇၀)ဘီလီယံခန့်ရှိကြကြောင်း www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။