တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေး Sinovac အား သုံးကြိမ် ထိုးနှံခြင်းသည် Omicron အား ၉၄%
အထိ ကာကွယ်ပေးနိုင်သည်ဟု ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးကော်မရှင်က ပြောကြားခဲ့မှု
တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေး Sinovac အား သုံးကြိမ်ထိုးနှံခြင်း အားဖြင့် မျိုးကွဲသစ် Omicron ကူးစက်မှုကို ၉၄% အထိကာကွယ်ပေးနိုင်သည်ဟု ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌချာလမ်ချိုင်း ဘွန်ယာလီဖန်က ယခုရက်ပိုင်းအတွင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
ချာလမ်ချိုင်း ဘွန်ယာလီဖန်ကပြောကြားရာ၌ Omicron မျိုးကွဲသစ်အား စစ်ဆေးတွေ့ရှိခဲ့ ခြင်းမရှိမီက ကမ္ဘာ့နိုင်ငံများ၌ ရောဂါကူးစက်မှုများကို အများဆုံးဖြစ်ပေါ်စေသည့် ကူးစက်မှုလျင်မြန် သော Delta သည်ပင် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့ရန် အချိန်(၃)လခန့် ကြာမြင့်ခဲ့ကြောင်း၊ သို့သော် မျိုးကွဲ သစ် Omicron သည် ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀)ကျော်သို့ (၁)လတာကာလမပြည့်မီမှာပင် ပျံ့နှံ့ရောက် ရှိသွားပြီဖြစ်ကြောင်း၊ ထို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် Omicron အား စိုးရိမ်ရသည့် မျိုးကွဲ ပိုးအဖြစ်သတ်မှတ် ထားခြင်းဖြစ်ကြောင်း၊ လတ်တလောကာလများအတွင်း Pfizer ကုမ္ပဏီ၏ လေ့လာဆန်း စစ်ချက် များအရ Pfizer ၏ ကာကွယ်ဆေးအား (၂)ကြိမ်ထိုးနှံခြင်းသည် Omicron အပေါ် ကာကွယ်နိုင်မှု ၃၃% မျှသာရှိပြီး တတိယအကြိမ် ထိုးနှံပြီးနောက်တွင်မူ Omicron အပေါ် ကာကွယ်နိုင်မှုမှာ ၉၀% ဝန်းကျင်အထိ မြင့်တက်လာသည်ကို သိရှိရကြောင်း၊ အလားတူ တရုတ် နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinovac အား(၂)ကြိမ်ထိုးနှံပြီးပါက Omicron အပေါ် ကာကွယ်နိုင်မှုမှာ ၃၅% ခန့်သာရှိသော်လည်း Booster shot အဖြစ် တတိယအကြိမ်ထိုးနှံပြီးပါက Omicron အပေါ် ကာကွယ်နိုင်မှုမှာ ၉၄% ခန့်အထိ မြင့်တက်လာသည်ကို လေ့လာဆန်းစစ်မှုများအရ တွေ့ရှိထားကြောင်း၊ သို့ဖြစ်ရာ Sinovac အား(၃)ကြိမ်ထိုးနှံပြီးနောက် ရရှိသည့်အာနိသင်မှာ Pfizer ၏ကာကွယ်ဆေးအား (၃)ကြိမ် ထိုးနှံပြီးနောက်ရရှိသည့်အာနိသင်နှင့် တန်းတူညီမျှသည့် အနေအထားရှိကြောင်း၊ ထို့ကြောင့် Omicron အား ကာကွယ်နိုင်ရေးအတွက် Sinovac သည် ရွေးချယ်ရန် စဉ်းစားသင့်သော ကာကွယ်ဆေး တစ်ခုပင်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့်လည်း Omicron ကာကွယ်နိုင်ရေးအတွက် Sinovac အား ဖော်စပ်ပုံနှင့်တူညီသော ကာကွယ်ဆေးမျိုးကို စမ်းသပ်ဖော်စပ်သင့်သည်ဟု ပြောကြားခဲ့ကြောင်း www.nationthailand.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။