ဦးစီးဌာန၏ သမိုင်းအကျဉ်းချုပ်

အမြုတေအဖွဲ့အစည်းဖြစ်ပေါ်လာခြင်း

“ဆိုရန်တိုဗီလာ” စီမံကိန်းကိုအကြောင်းပြု၍ လွတ်လပ်ရေးမတိုင်မီကာလ ပြည်သူ့ လွှတ်တော် မှ ၁၉၄၇ ခုနှစ်၊ အရေးကြီးသောကုန်ပစ္စည်းများနှင့် ဆောင်ရွက်မှုဆိုင်ရာအက်ဥပဒေ (The Essential Supplies and Services Act,1947) ကိုပြဌာန်းခဲ့ပါသည်။ ယင်းဥပဒေ ပုဒ်မ-၃ အရ မြန်မာနိုင်ငံအစိုးရ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာနမှ ပြည်သူ့ ထောက်ပံ့ရေးပစ္စည်းများခိုးယူခြင်းမှကာကွယ်သည့်အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ အမိန့်တွင် ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဝန်ကြီးဌာနမှ အတွင်းဝန်ခေါင်းဆောင်ပြီး အဖွဲ့ဝင် (၂)ဦး ပါဝင်သည့် ပြည်သူ့ထောက်ပံ့ရေးပစ္စည်းများခိုးယူခြင်းမှကာကွယ်သည့်ကော်မတီ (Civil Supplies Theft Preventive Committe)ကို ဖွဲ့စည်းခဲ့ပါသည်။ ကော်မတီ၏တာဝန်မှာ ပြည်သူ့ထောက်ပံ့ရေးဌာနပိုင်ပစ္စည်းများ ယိုဖိတ်မှု၊ ပျောက်ဆုံးမှု၊ ခိုးယူမှု၊ အလွဲသုံးစားမှုများကို ကာကွယ်ရန်နှင့် စုံစမ်းစစ်ဆေးအရေးယူရန်ဖြစ်ကြောင်း သတ်မှတ်ခဲ့ပါသည်။ ကော်မတီ၏ ကြီးကြပ်မှုအောက်တွင် အင်းစိန်စုံထောက်ဌာနမှ ရဲဝန်ထောက်တစ်ဦး ဦးဆောင်သော ရဲအရာရှိ(၁၅)ဦး ပါဝင်သည့် စီမံကိန်းစစ်ဆေးရေးအဖွဲ့၏ (Project Investigation Squard) ကို အမှု စုံစမ်းစစ်ဆေးရန်အတွက် ဖွဲ့စည်းခဲ့ပါသည်။

၁၉၄၈ ခုနှစ်တွင် ပြည်သူ့ထောက်ပံ့ရေးဌာန ပစ္စည်းများခိုးယူခြင်းမှကာကွယ်သည့် ကော်မတီကို ပြည်သူ့ပစ္စည်းကာကွယ်ရေးကော်မတီ(The Public Property Protection Committee)ဟူ၍လည်းကောင်း၊ စီမံကိန်းစစ်ဆေးရေးအဖွဲ့ငယ်ကို ပြည်သူ့ပစ္စည်းကာကွယ်ရေး အဖွဲ့ (Public Property Protection Police) (ပီလေးလုံး)ဟူ၍လည်းကောင်း ပြောင်းလဲ ခေါ်ဝေါ်ခဲ့ရာ ရဲအဖွဲ့ငယ်၏အင်အားကို(၃၀)ဦးခန့်အထိတိုးမြှင့်ပြီး ခရိုင်ရဲဝန်အဆင့်ရှိ ပုဂ္ဂိုလ်က ဦးဆောင်စေခဲ့ပါသည်။ ၁၉၅၀ ပြည့်နှစ်တွင် ပြည်သူ့ပစ္စည်းကာကွယ်ရေးကော်မတီသည် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန လက်အောက်သို့ပြောင်းရွှေ့ခဲ့ပါသည်။ ၁-၉-၅၁ ရက်နေ့ တွင် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ အမိန့်စာအမှတ်၊ ၁၄၂ အိတ်ချ်စီ ၅၁ အရ အထူးစုံစမ်းစစ်ဆေးရေးဌာနကို သီးခြားအဖွဲ့အစည်းတစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့ပါသည်။ ထို့နောက် ၁၉၅၁ ခုနှစ်၊ အောက်တိုဘာလတွင် ၁၉၅၁ ခုနှစ်၊ အထူးစုံစမ်းစစ်ဆေးမှု အုပ်ချုပ်ရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာနအက်ဥပဒေ(The Special Investigation Administrative Board and Bureau of Special Investigation Act-1951) ကိုပြဌာန်းပြီး ပြည်သူ့ပစ္စည်းကာကွယ်ရေးကော်မတီကို အထူးစုံစမ်းစစ်ဆေးမှုအုပ်ချုပ်ရေး အဖွဲ့ဟု အမည်ပြောင်းကာ ဥက္ကဌနှင့်အဖွဲ့ဝင် (၄)ဦးပါဝင်သောအဖွဲ့အား ပြန်လည်ဖွဲ့စည်းခဲ့ပြီး အထူးစုံစမ်းစစ်ဆေးရေးဌာနကို ပြန်တမ်းဝင်အရာရှိ(၂၀)ဦး၊ ပြန်တမ်းဝင်မဟုတ်သော အရာထမ်း(၂၂၇)ဦး၊ အမှုထမ်း(၆၈)ဦး စုစုပေါင်း(၃၁၅)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ထိုအချိန်မှစ၍ သတင်းစာများက အထူးစုံစမ်းစစ်ဆေးရေးဌာနကို “စသုံးလုံး” ဟူ၍ လည်းကောင်း၊ အင်္ဂလိပ်အခေါ်အဝေါ်ဖြစ်သော (Bureau of Special Investigation)ကို (BSI) ဟုလည်းကောင်း အတိုကောက်အမည်ပေးသုံးစွဲလာကြပါသည်။