အမေရိကန်ပြည်ထောင်စု၌ အစိုးရယန္တရားရပ်တန့်မှု ထပ်မံဖြစ်ပေါ်ခြင်းကို ရှောင်လွှဲနိုင်မည့် အဆိုပြုချက်တစ်ခုကို ရီပတ်ဗလစ်ကန်ပါတီနှင့် ဒီမိုကရက်ပါတီဝင် လွှတ်တော်အမတ်များအကြား သဘောတူညီမှုရရှိခဲ့မှု

ယာယီအသုံးစရိတ်မူကြမ်းကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အတည်ပြုလက်မှတ် ရေးထိုးပေးခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စု၏ အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်တန့်မှု (partial government shutdown) မှာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်(သောကြာနေ့)အထိ ယာယီအဆုံးသတ်ခဲ့ပြီးနောက် ယခုအခါ အဆိုပါ သတ်မှတ်ရက်ကာလမှာနီးကပ်လာပြီဖြစ်သကဲ့သို့  ရီပတ်ဗလစ်ကန်နှင့် ဒီမိုကရက်ပါတီဝင်များပါဝင်သည့် နှစ်ပါတီညှိနှိုင်းရေးကော်မတီဝင်များသည် အမေရိကန်-မက္ကဆီကို တံတိုင်းကိစ္စနှင့်ပတ်သက်၍ government shutdown ထပ်မံ မဖြစ်ပေါ်စေရေးအတွက် စေ့စပ်ဆွေးနွေးမှုများပြုလုပ်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက် (တနင်္လာနေ့) ညဦးပိုင်းတွင် government shutdown ထပ်မံဖြစ်ပေါ်မည့်အရေးကို ရှောင်လွှဲနိုင်မည့်သဘောတူညီမှုတစ်ရပ်ရရှိခဲ့ကြောင်း၊ သို့သော် အဆိုပါသဘောတူညီမှုသည် နယ်စပ်တံတိုင်း ကာရန်ရေးအတွက် သမ္မတဒေါ်နယ်ထရန့်တောင်းဆိုသည့် အမေရိကန်ဒေါ်လာ (၅.၇) ဘီလီယံအောက် များစွာလျော့နည်းပြီး နယ်စပ်လုံခြုံရေးနှင့်ပတ်သက်၍ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁.၃၇) ဘီလီယံ ခွင့်ပြုပေးရေးသဘောတူညီချက် ရရှိခဲ့ခြင်းပင်ဖြစ်ကြောင်း၊ အဆိုပါ အမေရိကန်ဒေါ်လာ (၁.၃၇) ဘီလီယံသည် သမ္မတဒေါ်နယ်ထရန့် တောင်းဆိုသည့် ကွန်ကရစ်တံတိုင်း တည်ဆောက်ရန်အတွက် မဟုတ်ဘဲသံမဏိငုပ်တိုင်များပါဝင်သည့် စတီးစည်းရိုးပုံစံတံတိုင်းကာရန်ရေးပင်ဖြစ်ပြီး အမေရိကန်- မက္ကဆီကိုနယ်စပ် ရီယိုဂရန်ဒီမြစ်ဝှမ်း၌ (၅၅) မိုင်အကွာအဝေး (၉၀ ကီလိုမီတာ) အထိ စတီးစည်းရိုး တည်ဆောက်ရန်အတွက် ဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါအမေရိကန်ဒေါ်လာ (၁.၃၇) ဘီလီယံသည် shutdown ကြောင့် ရပ်တန့်ခဲ့ရသော အစိုးရဌာနများအား လက်ရှိဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်အထိ ဖွင့်လှစ်လုပ်ကိုင်နိုင်စေမည့် အစိုးရအသုံးစရိတ်များလည်းပါဝင်ကြောင်း၊ အဆိုပါသဘောတူချက်အား အထက်လွှတ်တော်တွင် မဲခွဲအတည်ပြုရဦးမည် ဖြစ်ပြီး သမ္မတဒေါ်နယ်ထရန့်က သဘောတူလက်မှတ်ရေးထိုးရန်လည်း လိုအပ်နေသေးကြောင်း၊ သမ္မတဒေါ်နယ်ထရန့်က သဘောတူလက်မှတ်ရေးထိုးရေးနှင့်ပတ်သက်၍ သေချာခြင်းမရှိသေးသည့် အတွက် shutdown ထပ်မံဖြစ်ပေါ်နိုင်ခြင်း ရှိ/မရှိနှင့်ပတ်သက်၍မူ ၅၀% ၌သာဖြစ်တည်နေ သည်ဟု လေ့လာသူများက သုံးသပ်ထားကြကြောင်း၊ သမ္မတဒေါ်နယ်ထရန့်သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁) ရက်ညပိုင်း၌ပင် အမေရိကန်-မက္ကဆီကို နယ်စပ်မြို့တစ်မြို့ဖြစ်သည့် တက္ကဆက် ပြည်နယ်၊ အယ်လ်ပါဆိုမြို့သို့ သွားရောက်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လူထုစည်းဝေးပွဲပြုလုပ်ခဲ့ကြောင်း၊ အဆိုပါလူထုစည်းဝေးပွဲတွင် သမ္မတဒေါ်နယ်ထရန့်သည် နယ်စပ် တံတိုင်းကာရန်ရေးကိစ္စနှင့်ပတ်သက်၍ ပြောကြားမှုများပြုလုပ်ခဲ့ရာတွင် “နှစ်ပါတီလွှတ်တော်အမတ် များအနေဖြင့် အမေရိကန်-မက္ကဆီကို နယ်စပ်ကာရန်ရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ ရလဒ်ကောင်းများရရှိနေပြီဟု မိမိကြားသိထားကြောင်း၊ ၎င်းတို့အနေဖြင့် ဆွေးနွေးမှုရလဒ် ကောင်းများ ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ၊ မည်သို့အခြေအနေ၌ပင်ဖြစ်စေ မိမိအနေဖြင့် နယ်စပ်တံတိုင်းကိုကာရန်သွားမည်” ဟု ပြောကြားခဲ့ကြောင်း www.reuters.com ဖော်ပြပါ ရှိပါသည်။