ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်သည် ထိုင်းဘုရင့်အစ်မဖြစ်သူ ရွေးကောက်ပွဲဝင်ရန်အမည် စာရင်းတင်သွင်းထားမှုအားပယ်ဖျက်ခဲ့ပြီး အမည်စာရင်းတင်သွင်းခဲ့သည့် ထိုင်းရက်ခ်ဆာချက် ပါတီ အားဖျက်သိမ်းရန်စီစဉ်လျက်ရှိမှု

ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်သည် ထိုင်းဘုရင့်အစ်မဖြစ်သူ ရွေးကောက်ပွဲဝင်ရန်အမည် စာရင်းတင်သွင်းထားမှုအားပယ်ဖျက်ခဲ့ပြီး အမည်စာရင်းတင်သွင်းခဲ့သည့် ထိုင်းရက်ခ်ဆာချက် ပါတီအားဖျက်သိမ်းရန်စီစဉ်လျက်ရှိမှု

ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်၏ အစ်မဖြစ်သူ မင်းသမီး အူဗောလ်ရာထာနာမဟီဒေါလ် အနေဖြင့် ဝန်ကြီးချုပ်နေရာအတွက် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ထိုင်းရက်ခ်ဆာချက် ပါတီ(Thai Raksa Chart -TRC) ၏ အမည်စာရင်းတင်သွင်းခဲ့မှုအပေါ် ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်(တနင်္လာနေ့) တွင် ပယ်ဖျက်ခဲ့ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းရက်ခ်ဆာချက်ပါတီအား ထိုင်းနိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှတစ်ဆင့် ထပ်မံအရေးယူနိုင်ရေးအတွက် စီစဉ်လျက်ရှိသည်ဟု ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန် ကြေညာချက်၌ လာမည့်မတ်လ (၂၄) ရက်တွင်ကျင်းပပြုလုပ်မည့် ထိုင်းနိုင်ငံ၏အထွေထွေရွေးကောက်ပွဲအတွင်း ထိုင်းဝန်ကြီးချုပ် နေရာအတွက် လက်ရှိထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာအပါအဝင် ပါတီ(၄၅) ပါတီမှ ကိုယ်စားလှယ်လောင်း(၆၉)ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းခဲ့သည့် မင်းသမီးအူဗောလ်ရာထာနာမဟီဒေါလ် သည် ထိုင်းဘုရင့်တော်ဝင် မိသားစုဝင်ဖြစ်သည့်အတွက် အဆိုပါတော်ဝင်မိသားစုဝင်များအနေဖြင့် ထိုင်းနိုင်ငံရေး၏ အထက်တန်းနေရာတွင်တည်ရှိပြီး  နိုင်ငံရေးဆိုင်ရာ ရာထူးကိစ္စများနှင့် ပတ်သက်၍ ပါဝင်ထမ်းဆောင်ခွင့်မရှိသည့်အတွက် ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မရှင်အနေဖြင့် ထိုင်းမင်းသမီး၏ ကိုယ်စားလှယ် လျှောက်လွှာအမည်စာရင်းတင်းသွင်းမှုအားဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အတူအဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ယခုရက်ပိုင်းအတွင်း ထိုင်းဘုရင်မဟာဗာဂျီယာလောင်ကွန်သည်လည်း တော်ဝင်အမိန့်ပြန် တမ်းထုတ်ပြန် တားမြစ်ခဲ့သည့်အတွက် ယခုကဲ့သို့ ထိုင်းရွေးကောက်ပွဲကော်မရှင်အနေဖြင့် ထိုင်းရက်ခ်ဆာချက်ပါတီမှ အမည်စာရင်းတင်သွင်းမှုအား ဖျက်သိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် ထိုင်းရွေးကောက်ပွဲကော်မရှင်သည် မင်းသမီး အူဗောလ်ရာထာနာမဟီဒေါလ်၏ အမည်စာရင်းတင်သွင်းခဲ့ခြင်းနှင့်ပတ်သက်၍ ထိုင်းရက်ခ်ဆာချက်ပါတီအနေဖြင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေးပါတီများအက်ဥပဒေကို ဖောက်ဖျက်ကျူးလွန်ကြောင်းတွေ့ရှိပါက ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးသို့တင်ပို့ကာနိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းသွားမည်ဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ ထိုင်းရွေးကောက်ပွဲကော်မရှင်အနေဖြင့် ထိုင်းနိုင်ငံရေးပါတီတစ်ခုအား အရေးယူဆောင်ရွက်ရန် ဥပဒေ ဆိုင်ရာလမ်းကြောင်းများမရှိသော်လည်း ကော်မရှင်၏စည်းမျဉ်းစည်းကမ်းအရ အခြားသောပါတီများမှကျေနပ်မှုမရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့တင်ပို့ခွင့်ရှိကြောင်း၊ ခုံရုံး၏ ဆုံးဖြတ်ချက်ဖြင့် အဆိုပါနိုင်ငံရေးပါတီအား ဖျက်သိမ်းခွင့်ရှိသည့်အပြင် ကိုယ်စားလှယ်များ၏ မဲဆွယ်စည်းရုံးမှု ကိုပိတ်ပင်ခြင်းနှင့် ရွေးကောက်ပွဲဝင်ရောက်ခွင့် အနည်းဆုံး(၁၀) နှစ်မှ ရာသက်ပန်ပိတ်သိမ်းသည် အထိ အမိန့်ချမှတ်နိုင်ကြောင်း၊ အဆိုပါထိုင်းရက်ခ်ဆာချက်ပါတီ၏ အမည်စာရင်း တင်သွင်းခဲ့မှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တစ်ဆင့်အရေးယူဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကာကွယ်စောင့်ရှောက်ရေးအဖွဲ့ခေါင်းဆောင် ဆရီဆူဝမ်ဂျန်ရာက ၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီလ (၁၂) ရက်(အင်္ဂါနေ့) တွင် ရွေးကောက်ပွဲကော်မရှင်ထံသို့တိုင်ကြားစာပေးပို့ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြပါရှိပါသည်။

ရည်ညွှန်း www.bangkokpost.com

အမေရိကန်ပြည်ထောင်စု၌ အစိုးရယန္တရားရပ်တန့်မှု ထပ်မံဖြစ်ပေါ်ခြင်းကို ရှောင်လွှဲနိုင်မည့် အဆိုပြုချက်တစ်ခုကို ရီပတ်ဗလစ်ကန်ပါတီနှင့် ဒီမိုကရက်ပါတီဝင် လွှတ်တော်အမတ်များအကြား သဘောတူညီမှုရရှိခဲ့မှု

အမေရိကန်ပြည်ထောင်စု၌ အစိုးရယန္တရားရပ်တန့်မှု ထပ်မံဖြစ်ပေါ်ခြင်းကို ရှောင်လွှဲနိုင်မည့် အဆိုပြုချက်တစ်ခုကို ရီပတ်ဗလစ်ကန်ပါတီနှင့် ဒီမိုကရက်ပါတီဝင် လွှတ်တော်အမတ်များအကြား သဘောတူညီမှုရရှိခဲ့မှု

ယာယီအသုံးစရိတ်မူကြမ်းကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အတည်ပြုလက်မှတ် ရေးထိုးပေးခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စု၏ အစိုးရယန္တရား တစ်စိတ်တစ်ပိုင်းရပ်တန့်မှု (partial government shutdown) မှာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၅)ရက်(သောကြာနေ့)အထိ ယာယီအဆုံးသတ်ခဲ့ပြီးနောက် ယခုအခါ အဆိုပါ သတ်မှတ်ရက်ကာလမှာနီးကပ်လာပြီဖြစ်သကဲ့သို့  ရီပတ်ဗလစ်ကန်နှင့် ဒီမိုကရက်ပါတီဝင်များပါဝင်သည့် နှစ်ပါတီညှိနှိုင်းရေးကော်မတီဝင်များသည် အမေရိကန်-မက္ကဆီကို တံတိုင်းကိစ္စနှင့်ပတ်သက်၍ government shutdown ထပ်မံ မဖြစ်ပေါ်စေရေးအတွက် စေ့စပ်ဆွေးနွေးမှုများပြုလုပ်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက် (တနင်္လာနေ့) ညဦးပိုင်းတွင် government shutdown ထပ်မံဖြစ်ပေါ်မည့်အရေးကို ရှောင်လွှဲနိုင်မည့်သဘောတူညီမှုတစ်ရပ်ရရှိခဲ့ကြောင်း၊ သို့သော် အဆိုပါသဘောတူညီမှုသည် နယ်စပ်တံတိုင်း ကာရန်ရေးအတွက် သမ္မတဒေါ်နယ်ထရန့်တောင်းဆိုသည့် အမေရိကန်ဒေါ်လာ (၅.၇) ဘီလီယံအောက် များစွာလျော့နည်းပြီး နယ်စပ်လုံခြုံရေးနှင့်ပတ်သက်၍ ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁.၃၇) ဘီလီယံ ခွင့်ပြုပေးရေးသဘောတူညီချက် ရရှိခဲ့ခြင်းပင်ဖြစ်ကြောင်း၊ အဆိုပါ အမေရိကန်ဒေါ်လာ (၁.၃၇) ဘီလီယံသည် သမ္မတဒေါ်နယ်ထရန့် တောင်းဆိုသည့် ကွန်ကရစ်တံတိုင်း တည်ဆောက်ရန်အတွက် မဟုတ်ဘဲသံမဏိငုပ်တိုင်များပါဝင်သည့် စတီးစည်းရိုးပုံစံတံတိုင်းကာရန်ရေးပင်ဖြစ်ပြီး အမေရိကန်- မက္ကဆီကိုနယ်စပ် ရီယိုဂရန်ဒီမြစ်ဝှမ်း၌ (၅၅) မိုင်အကွာအဝေး (၉၀ ကီလိုမီတာ) အထိ စတီးစည်းရိုး တည်ဆောက်ရန်အတွက် ဖြစ်ကြောင်း၊ ထို့ပြင် အဆိုပါအမေရိကန်ဒေါ်လာ (၁.၃၇) ဘီလီယံသည် shutdown ကြောင့် ရပ်တန့်ခဲ့ရသော အစိုးရဌာနများအား လက်ရှိဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်အထိ ဖွင့်လှစ်လုပ်ကိုင်နိုင်စေမည့် အစိုးရအသုံးစရိတ်များလည်းပါဝင်ကြောင်း၊ အဆိုပါသဘောတူချက်အား အထက်လွှတ်တော်တွင် မဲခွဲအတည်ပြုရဦးမည် ဖြစ်ပြီး သမ္မတဒေါ်နယ်ထရန့်က သဘောတူလက်မှတ်ရေးထိုးရန်လည်း လိုအပ်နေသေးကြောင်း၊ သမ္မတဒေါ်နယ်ထရန့်က သဘောတူလက်မှတ်ရေးထိုးရေးနှင့်ပတ်သက်၍ သေချာခြင်းမရှိသေးသည့် အတွက် shutdown ထပ်မံဖြစ်ပေါ်နိုင်ခြင်း ရှိ/မရှိနှင့်ပတ်သက်၍မူ ၅၀% ၌သာဖြစ်တည်နေ သည်ဟု လေ့လာသူများက သုံးသပ်ထားကြကြောင်း၊ သမ္မတဒေါ်နယ်ထရန့်သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁) ရက်ညပိုင်း၌ပင် အမေရိကန်-မက္ကဆီကို နယ်စပ်မြို့တစ်မြို့ဖြစ်သည့် တက္ကဆက် ပြည်နယ်၊ အယ်လ်ပါဆိုမြို့သို့ သွားရောက်ခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လူထုစည်းဝေးပွဲပြုလုပ်ခဲ့ကြောင်း၊ အဆိုပါလူထုစည်းဝေးပွဲတွင် သမ္မတဒေါ်နယ်ထရန့်သည် နယ်စပ် တံတိုင်းကာရန်ရေးကိစ္စနှင့်ပတ်သက်၍ ပြောကြားမှုများပြုလုပ်ခဲ့ရာတွင် “နှစ်ပါတီလွှတ်တော်အမတ် များအနေဖြင့် အမေရိကန်-မက္ကဆီကို နယ်စပ်ကာရန်ရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ ရလဒ်ကောင်းများရရှိနေပြီဟု မိမိကြားသိထားကြောင်း၊ ၎င်းတို့အနေဖြင့် ဆွေးနွေးမှုရလဒ် ကောင်းများ ရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ၊ မည်သို့အခြေအနေ၌ပင်ဖြစ်စေ မိမိအနေဖြင့် နယ်စပ်တံတိုင်းကိုကာရန်သွားမည်” ဟု ပြောကြားခဲ့ကြောင်း www.reuters.com ဖော်ပြပါ ရှိပါသည်။

 

ဗြိတိန်နိုင်ငံနိုင်ငံ၏စီးပွားရေးတိုးမှုနှုန်းနှေးကွေးလျက်ရှိသည်ဟူသောစာရင်းအင်းအမှုဆောင်ရုံးမှထုတ်ပြန်သည့် အစီရင်ခံစာထွက်ပေါ်ပြီးနောက် ဗြိတိန်စတာလင်ပေါင်တန်ဖိုးကျဆင်းခဲ့မှု

ဗြိတိန်နိုင်ငံနိုင်ငံ၏စီးပွားရေးတိုးမှုနှုန်းနှေးကွေးလျက်ရှိသည်ဟူသောစာရင်းအင်းအမှုဆောင်ရုံးမှထုတ်ပြန်သည့် အစီရင်ခံစာထွက်ပေါ်ပြီးနောက် ဗြိတိန်စတာလင်ပေါင်တန်ဖိုးကျဆင်းခဲ့မှု

ဗြိတိန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၂ခုနှစ်နောက်ပိုင်းစီးပွားရေး တိုးတက် မှုနှုန်းအနည်းဆုံးဖြစ်သည်ဟူသော ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်(တနင်္လာနေ့)တွင် ထုတ်ပြန်ခဲ့ သည့် ဗြိတိန်နိုင်ငံ စာရင်းအင်းအမှုဆောင်ရုံး(Office for National Statistics-ONS)၏ အစီရင် ခံစာထွက်ပေါ်ပြီးနောက်တွင် ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာ ကျဆင်းခဲ့ကြောင်း၊ ONS မှ ထုတ် ပြန်သည့် အစီရင်ခံစာ၌ ၂၀၁၈ ခုနှစ်၊ စတုတ္ထသုံးလပတ်တာကာလအတွင်း ဗြိတိန်နိုင်ငံ ၏ GDP တိုးတက်မှုနှုန်းသည် ၂၀၁၈ ခုနှစ်၊ တတိယသုံးလပတ်တာကာလတွင် ဖြစ်ပေါ်ခဲ့သည့် ၀.၆% ကို ပြည့်မီခြင်းမရှိဘဲ ၀.၂% ခန့်သာရှိခဲ့ကြောင်း၊ အလားတူ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း ဗြိတိန်နိုင်ငံ၏စီးပွားရေးနှောင့်နှေးမှုပမာဏမှာ မျှော်မှန်းထားသည့်ပမာဏထက်ကျော်လွန်၍ ၀.၄% ခန့်နှောင့်နှေးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ သို့ဖြစ်ရာ ၂၀၁၈ ခုနှစ်တစ်နှစ်လုံးအတိုင်းအတာဖြင့် ဗြိတိန် နိုင်ငံ၏စီးပွားရေးတိုးတက်မှုပမာဏသည် ၂၀၁၇ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့်၁.၈% ပမာဏအောက် ကျဆင်းကာ ၁.၄%ခန့်သာရှိခဲ့သည့်အတွက် ၂၀၁၂ ခုနှစ်နောက်ပိုင်း ဗြိတိန်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်း အနည်းဆုံးအနေအထားပင်ဖြစ်သည်ဟု ဖော်ပြထားကြောင်း၊ အဆိုပါအစီရင်ခံစာ ထွက်ပေါ်ပြီးနောက် ဗြိတိန်နိုင်ငံ၏စီးပွားရေးအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုလျော့နည်း သွားခြင်းနှင့်အတူ ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာလည်း ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း၊   ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်(အင်္ဂါနေ့)နံနက်ပိုင်းတွင် ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်း ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာ ၀.၆၁%ကျဆင်းခဲ့ပြီး စတာလင်တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ (၁.၂၈၆၇)ဒေါ်လာလဲလှယ်မှုနှုန်းသို့ရောက်ရှိခဲ့ကြောင်း၊ အဆိုပါလဲလှယ်မှုနှုန်းအရ စတာလင်ပေါင် တန်ဖိုးသည် ရက်သတ္တပတ်(၃)ပတ်အတွင်း အနိမ့်ဆုံးအနေအထားပင်ဖြစ်ကာ ယခုဖေဖော်ဝါရီလ အတွင်း စတာလင်ပေါင်တန်ဖိုးမှာ ၁.၉% ခန့်ကျဆင်းလျက်ရှိသည်ဟု reuters သတင်းဌာနတွင်ဖော်ပြထားကြောင်း သိရှိရ ပါသည်။

အမေရိကန်ပြည်ထောင်စု၏ ရေနံထုတ်လုပ်မှုမြင့်တက်လာဖွယ်ရှိခြင်းနှင့် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက် လျက်ရှိခြင်းတို့ကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းမှာကျဆင်းခဲ့မှု

အမေရိကန်ပြည်ထောင်စု၏ ရေနံထုတ်လုပ်မှုမြင့်တက်လာဖွယ်ရှိခြင်းနှင့် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက် လျက်ရှိခြင်းတို့ကြောင့်  ကမ္ဘာ့ရေနံဈေးနှုန်းမှာကျဆင်းခဲ့မှု

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကုန်ရက်သတ္တပတ်အတွင်း အမေရိကန်ပြည်ထောင်စု၏နေ့စဉ်ရေနံထုတ်လုပ်မှုပမာဏမှာ စည်ပေါင်း (၁၁.၉) သန်းခန့်သို့ စံချိန်တင်ရောက်ရှိနေပြီး အမေရိကန်ပြည်ထောင်စု၏ ရေနံထုတ်လုပ်မှုပမာဏမှာကမ္ဘာပေါ်တွင် အများဆုံးထုတ်လုပ်သည့် နံပါတ် (၁) နေရာအဖြစ်ရပ်တည်လျက်ရှိကြောင်း၊ ထို့ပြင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၃) ရက်မှ (၈) ရက်အထိကာဖြစ်သောရက်သတ္တပတ်တစ်ပတ်တာကာလအတွင်း နိုင်ငံတစ်ဝန်းရေနံတူးစင်အရေအတွက်မှာ တူးစင်(၇) စင်သို့ ထပ်မံတိုးတက်လာခဲ့ပြီးစုစုပေါင်းရေနံတူးစင်အရေအတွက်မှာ (၈၅၄) စင်အထိရှိလာပြီဖြစ်သည်ဟု အမေရိကန်နိုင်ငံတစ်ဝန်းရေနံတူးဖော်ရေးဝန်ဆောင်မှုများပြုလုပ်ပေးလျက်ရှိသည့် Baker Hughes ကုမ္ပဏီ က ယခုရက်ပိုင်းအတွင်းထုတ်ပြန်ခဲ့သည့်အစီရင်ခံစာ၌ ဖော်ပြထားရာ နိုင်ငံအတွင်းရေနံတူးစင်အရေအတွက် မြင့်တက်လာခြင်းသည် ရေနံထုတ်လုပ်မှုမြင့်တက်လာမည့်အခြေအနေပင်ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံသူများကယူဆထားကြပြီး ဈေးကွက်အတွင်း ရေနံပိုလျှံမှုများဖြစ်ပေါ်လာမည့်အရေးအပေါ် စိုးရိမ်ပူပန်မှုများထွက်ပေါ်လာခြင်းနှင့်အတူ ကမ္ဘာ့ဈေးကွက်အတွင်းရေနံဈေးနှုန်းများ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ထို့ပြင် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၊ အလုပ်သမားဝန်ကြီးဌာနမှ အလုပ်အကိုင်ရရှိမှုမြင့်တက်ခဲ့ကြောင်း အစီရင်ခံစာထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုးစတင် မြင့်တက်ခဲ့ပြီးလွန်ခဲ့သည့် ရက်တ္တပတ်အတွင်း၌လည်းဆက်လက်အားကောင်းသည့်အနေအထား၌ ဖြစ်ပေါ်နေခဲ့ကာ အလုပ်လက်မဲ့ထောက်ပံ့ကြေး တောင်းခံမှုလျော့ကျခဲ့ခြင်းနှင့် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးအခြေအနေကောင်းမွန်လျက်ရှိသည်ဟုအမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းတို့ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးဆက်လက်မြင့်တက်ခဲ့ကြောင်း၊ ထိုသို့အမေရိကန်ဒေါ်လာတန်ဖိုး ဆက်လက်မြင့်တက်ခဲ့သောကြောင့် အမေရိကန် ဒေါ်လာဖြင့်ပေးချေရသည့် ရေနံဈေးနှုန်းများပါ လိုက်ပါကြီးမြင့်ခဲ့ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများ၏ ဝယ်လိုအားလျော့နည်းသွားခြင်းသည်လည်းရေနံဈေးနှုန်းများကို ကျဆင်းစေသည့်အခြားသောအချက်တစ်ခု ဖြစ်ကြောင်းသိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်(တနင်္လာနေ့)နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ မတ်လအတွက် WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၁.၂% ကျဆင်းပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၅၂.၀၉)ဒေါ်လာ၌လည်းကောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံစိမ်းကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၈% ကျ ဆင်းပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ(၆၁.၆၁)ဒေါ်လာ၌လည်းကောင်းအသီးသီးဖြစ်ပေါ်ခဲ့ကြောင်း၊ လွန်ခဲ့ သည့် ရက်သတ္တပတ်အတွင်း WTI   နှင့် ဘရန့်ရေနံဈေးနှုန်းများမှာ ၄.၆%  နှင့် ၁.၁% စီအသီးသီးကျဆင်းခဲ့သည်ဟုreuters သတင်းဌာနတွင် ဖော်ပြပါရှိပါသည်။

ထိုင်းဘုရင်မဟာဗာဂျီယာလောင်ကွန်၏ တော်ဝင်အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ဘုရင့်အစ်မဖြစ်သူမင်းသမီးအူဗောလ်ရာထာနာမဟီဒေါလ်၏ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်မှာပျက်ပြယ်ခဲ့မှု

ထိုင်းဘုရင်မဟာဗာဂျီယာလောင်ကွန်၏ တော်ဝင်အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ဘုရင့်အစ်မဖြစ်သူမင်းသမီး အူဗောလ်ရာထာနာမဟီဒေါလ်၏ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်အစီအစဉ်မှာ ပျက်ပြယ်ခဲ့မှု

ထိုင်းနိုင်ငံ၌ လာမည့် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွင်း ထိုင်းဘုရင်မဟာဗာဂျီယာလောင်ကွန်၏အစ်မဖြစ်သူ မင်းသမီးအူဗောလ်ရာထာနာမဟီဒေါလ်အနေဖြင့်ဝန်ကြီးချုပ်နေရာအားဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည်ဟု ထိုင်းရက်ခ်ဆာချက်ပါတီ (Thai RaksaChart –TRC) က ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၈) ရက် (သောကြာနေ့) တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ သို့သော် အဆိုပါ ကြေညာချက်ထွက်ပေါ်ခဲ့သည့်နေ့တွင်ပင် ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီညွတ်ဘဲမသင့်လျှော်သည့်အတွက် ဖေဖော်ဝါရီလ(၈)ရက်(သောကြာနေ့) ညပိုင်းတွင် တော်ဝင်အမိန့်ထုတ်ပြန်တားမြစ်ခဲ့ရာမင်းသမီးအူဗောလ်ရာထာနာမဟီဒေါလ်၏ရွေးကောက်ပွဲဝင်ရောက်ရေးအစီအစဉ်မှာပျက်ပြယ်ခဲ့ကြောင်း၊ အသက် (၆၇) နှစ်အရွယ်ရှိမင်းသမီး အူဗောလ်ရာထာနာမဟီဒေါလ်သည် ထိုင်းရက်ခ်ဆာချက်ပါတီ(Thai Raksa Chart –TRC) မှတစ်ဆင့် အထွေထွေ ရွေးကောက်ပွဲအတွင်းဝန်ကြီးချုပ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ထိုင်းရက်ခ်ဆာချက်ပါတီသည် ပြည်ပနိုင်ငံများတွင် တိမ်းရှောင်နေသည့် ဝန်ကြီးချုပ်ဟောင်းသက်ဆင်နှင့် ယင်လတ်ခ်ရှင်နာဝပ်တို့၏ သြဇာခံပါတီတစ်ခုဖြစ်ကြောင်း၊ ထိုင်းရက်ခ်ဆာချက်ပါတီအဖွဲ့ဝင်များသည် ယခင်သက်ဆင်၏နိုင်ငံရေးပါတီတစ်ခုဖြစ်သော ပွေထိုင်းပါတီ(Pheu Thai) မှ အဓိကကျသောနိုင်ငံရေးသမားဟောင်းများနှင့်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊  ယခုကဲ့သို့ မင်းသမီးအူဗောလ်ရာထာနာမဟီဒေါလ်၏ ရွေးကောက်ပွဲဝင်ရောက်ရန်ကြေညာချက်သည် လက်ရှိထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ၏ ရွေးကောက်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့်ကိစ္စအပေါ် တုံ့ပြန်သည့်အနေဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာသည် တပ်မတော်ကိုယ်စားပြုဖယ်လန်းပရာချာရတ်ပါတီ (PalangPracharat) မှတစ်ဆင့် ဝန်ကြီးချုပ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံသွားမည်ဟု အဆိုပါ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၈) ရက်(သောကြာနေ့) တွင်ပင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်ဟုသိရှိရပါသည်။

ယခုကဲ့သို့ မင်းသမီးအူဗောလ်ရာထာနာမဟီဒေါလ်အနေဖြင့် ထိုင်းနိုင်ငံရေးအခင်းအကျင်းသို့ ဝင်ရောက်ရန်ကြေညာခဲ့ခြင်းသည် ထိုင်းနိုင်ငံရေးလောက၌ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုင်းဘုရင့်တော်ဝင်မိသားစုဝင် တစ်ယောက်အနေဖြင့် ပုံမှန်လုပ်ထုံးလုပ်နည်းမှဆန့်ကျင်ကာ လုံးဝမသင့်တော်သည့် လုပ်ရပ်တစ်ခုအဖြစ် ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်က သတ်မှတ်ကာယခုကဲ့သို့ အဆောတလျင် တော်ဝင်ကြေညာချက်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းဘုရင်မဟာဗာဂျီယာလောင်ကွန်သည် ထိုင်းဘုရင်အပါအဝင် တော်ဝင်မိသားစုဝင်များအနေဖြင့် ထိုင်းနိုင်ငံရေးလောကအခင်းအကျင်းတွင် ပါဝင်လုပ်ဆောင်ခြင်းမရှိစေရန် အဆိုပါကြေညာချက်ကိုရုပ်မြင်သံကြားမှတစ်ဆင့်တိုက်ရိုက်ပြောကြားခဲ့ခြင်းဖြစ်ပြီးတော်ဝင်အမိန့်ပြန်တမ်းကိုလည်းပုံနှိပ်ထုတ်ဝေကြေညာခဲ့ခြင်းဖြစ်သည်ဟုသိရှိရကြောင်း၊ အဆိုပါထိုင်းဘုရင်၏ တော်ဝင်အမိန့်ထုတ်ပြန် ကြေညာချက်နှင့်ပတ်သက်၍ မင်းသမီးအူဗောလ်ရာထာနာမဟီဒေါလ်အပါအဝင် ထိုင်းရက်ခ်ဆာချက်ပါတီတို့လည်းသဘောတူလက်ခံခဲ့ကြကာထိုင်းဘုရင့်အမိန့်အတိုင်းလိုက်နာဆောင်ရွက်သွားမည်ဟုထိုင်းရက်ခ်ဆာချက်ပါတီက ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၉) ရက်(စနေနေ့) တွင် ထုတ်ပြန်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံတွင် ထိုင်းဘုရင့်တော်ဝင်မိသားစုဝင်များအပေါ် ဝေဖန်ပြောကြားပါကထောင်ဒဏ်ချမှတ်နိုင်သည့်ဥပဒေပြဌာန်းချက်ရှိသည့်အတွက် မင်းသမီးအူဗောလ်ရာထာနာမဟီဒေါလ်အနေဖြင့် ထိုင်းနိုင်ငံရေးလောကအတွင်းသို့ ဝင်ရောက်လာပါက ဝေဖန်ပုတ်ခတ်မှုများနှင့်မကင်းသောနိုင်ငံရေးလောကအတွင်းယှဉ်ပြိုင်မှုများမှာမျှတမည်မဟုတ်ဟု နိုင်ငံရေးလေ့လာသူများကသုံးသပ်လျက်ရှိကြကြောင်း၊          မင်းသမီးအူဗောလ်ရာထာနာမဟီဒေါလ်သည် ၁၉၅၁ ခုနှစ်တွင်မွေးဖွားခဲ့ပြီးထိုင်းနိုင်ငံချက်ကရီမင်းဆက်၏တော်ဝင်မိသားစုတစ်ဦးဖြစ်ကာ ထိုင်းဘုရင်ဘူမိဘောအဒူလ်ရာဒက်နှင့် ဘုရင်မသီရိကစ်တို့၏အကြီးဆုံးသမီးတစ်ဦးဖြစ်ကြောင်း၊ သူမသည် အမေရိကန်ပြည်ထောင်စုမက်ဆာချူးဆက်နည်းပညာတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ခြင်းဖြစ်ပြီး ၁၉၇၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသားတစ်ဦးနှင့် လက်ထပ်ခဲ့ကာတော်ဝင်မိသားစု၏အဆောင်အယောင်များကို စွန့်လွှတ်ခဲ့သူဖြစ်ကြောင်း၊ ထို့နောက် အမျိုးသားဖြစ်သူနှင့် ကွာရှင်းခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ပြန်လာကာတော်ဝင်မိသားစု၏ အဆောင်အယောင်အချို့ကို ရယူခံစားခဲ့ကြောင်းဖော်ပြပါရှိပါသည်။

ရည်ညွှန်း www.channelnewsasia.com

အမေရိကန်ပြည်ထောင်စု၌ အစိုးရယန္တရားတစ်စိတ်တစ်ပိုင်းရပ်ဆိုင်းမှုမှာထပ်မံဖြစ်ပေါ်လာဖွယ်မရှိ သော်လည်းအမေရိကန် – တရုတ် ကုန်သွယ်ရေးတင်းမာမှုများ ပြန်လည်ဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိမှု

အမေရိကန်ပြည်ထောင်စု၌ အစိုးရယန္တရားတစ်စိတ်တစ်ပိုင်းရပ်ဆိုင်းမှုမှာ ထပ်မံဖြစ်ပေါ်လာဖွယ်မရှိ သော်လည်း အမေရိကန် – တရုတ် ကုန်သွယ်ရေးတင်းမာမှုများ ပြန်လည်ဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိမှု

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့မှစတင်ကာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၅) ရက်ညနေပိုင်းတွင် အဆုံးသတ်သွားသည့်အမေရိကန်ပြည်ထောင်စု၏ စံချိန်တင်အစိုးရယန္တရားတစ်စိတ်တစ်ပိုင်းရပ်တန့်မှု(partial government shutdown)မှာယခု၂၀၁၉ ခုနှစ်အတွင်းထပ်မံဖြစ်ပေါ်လာဖွယ်မရှိသော်လည်းအမေရိကန်-တရုတ်ကုန်သွယ်ရေးဆွေးနွေးမှုများမှာမူ သေချာရေရာခြင်းမရှိသေးကြောင်း သိရှိရပါသည်။၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၅) ရက်နေ့တွင် သမ္မတဒေါ်နယ်ထရန့်သည် government shutdown ကြောင့်ရပ်ဆိုင်းထားရသည့် အစိုးရဌာန(၉) ခုအား ဖေဖော်ဝါရီလ(၁၅) ရက်နေ့အထိ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်နိုင်မည့် ယာယီအသုံးစရိတ်မူကြမ်းကို ခွင့်ပြုလက် မှတ်ရေးထိုးပေးခဲ့သည့်အတွက် (၃၅) ရက်ကြာဖြစ်ပေါ်ခဲ့သော government shutdown မှာယာယီအဆုံးသတ်သွားခဲ့ပြီးနောက် သမ္မတဒေါ်နယ်ထရန့်၏ရီပတ်ဗလစ်ကန်ပါတီနှင့် အတိုက်အခံဒီမိုကရက်ပါတီလွှတ်တော်အမတ်များပါဝင်သော နှစ်ပါတီကော်မတီသည် အမေရိကန်-မက္ကဆီကိုနယ်စပ်အရေးနှင့်ပတ်သက်၍ government shutdown ထပ်မံမပေါ်ပေါက်စေရန်အတွက် အဆိုပြုချက်များအပြန်အလှန်တင်သွင်းကာစေ့စပ်ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြကြောင်း၊ ယင်းအဆိုပြုချက်များတွင် သမ္မတဒေါ်နယ်ထရန့်တောင်းဆိုသောအမေရိကန်ဒေါ်လာ (၅.၇) ဘီလီယံအောက်လျော့နည်းသည့် အမေရိကန်ဒေါ်လာ (၂) ဘီလီယံပမာဏအားခွင့်ပြုပေးရေးအဆိုပြုချက်မှာထိပ်တန်းဦးစားပေးအဆိုပြုချက်အဖြစ်ပါဝင်လျက်ရှိကြောင်း၊ ယခုအခါဖေဖော်ဝါရီလ (၁၅) ရက်သတ်မှတ်ချက်မှာနီးကပ်လာပြီဖြစ်ရာနှစ်ပါတီကော်မတီဝင်များသည် shutdown ထပ်မံမဖြစ်ပေါ်စေရေးအတွက် ယင်းအဆိုပြုချက်ကိုအစိုးရအသုံးစရိတ်မူကြမ်းအဖြစ် ပြင်ဆင်ရေးဆွဲနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်(တနင်္လာ) နေ့တွင် ယင်းအဆိုပြုချက်မူကြမ်းကိုနှစ်ပါတီကော်မတီဝင်များက သဘောတူလက်မှတ်ရေးထိုးသွားဖွယ်ရှိကြောင်း၊ နှစ်ပါတီကော်မတီဝင်များကသဘောတူလက်မှတ်ရေးထိုးပြီးပါက ယင်းအဆိုပြုချက်မူကြမ်းအား အမေရိကန်အထက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရဦးမည်ဖြစ်သည့်အပြင် ယင်းအဆိုပြုချက်မူကြမ်းအား သမ္မတဒေါ်နယ်ထရန့်က သဘောတူလက်ခံခြင်းပြု/မပြုဆိုသည်မှာမူ သေချာလှခြင်းမရှိကြောင်း၊ သို့သော် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် သမ္မတအိမ်ဖြူတော်၌ သမ္မတဒေါ်နယ်ထရန့်နှင့် လွှတ်တော်အမတ်များအကြားတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြရာဝယ် အလားအလာကောင်းများရရှိခဲ့ပြီးဒေါ်နယ်ထရန့်သည် ယင်းအဆိုပြုချက်မူကြမ်းနှင့်ပတ်သက်၍အကောင်းမြင်သဘောထားများရှိနေသည်ဟုသမ္မတဒေါ်နယ်ထရန့်အားတွေ့ဆုံခဲ့သည့် လွှတ်တော်အမတ်များနှင့် အိမ်ဖြူတော်တာဝန်ရှိသူများကပြောကြားခဲ့ကြသည်ဟုသိရှိရကြောင်း၊အကယ်၍ အဆိုပါအဆိုပြုချက်မူကြမ်းအား သမ္မတဒေါ်နယ်ထရန့်က သဘောတူလက်ခံသွားမည်ဆိုပါကယခု ၂၀၁၉ ခုနှစ်အတွင်း၌ government shutdown မှာထပ်မံဖြစ်ပေါ်လာတော့မည်မဟုတ်ကြောင်းသိရှိရပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတရှီကျင်းပင်တို့အကြား သွင်းကုန်ခွန်အပြန်အလှန်တိုးမြှင့်ကောက်ခံခြင်းထိုးစစ်အားရက်ပေါင်း(၉၀) ကြာယာယီပြေငြိမ်းရန် သဘောတူညီမှုရယူခဲ့ပြီးနောက် ကုန်သွယ်ရေးဆိုင်ရာအမေရိကန်နှင့် တရုတ်တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့မှ (၉) ရက်နေ့အထိတစ်ကြိမ်၊ ဇန်နဝါရီလ(၃၀) ရက်နေ့မှ(၃၁) ရက်နေ့အထိတစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ သို့သော် နှစ်ဦးနှစ်ဖက်ကျေနပ်လောက်သည်အထိ ရလဒ်ကောင်းများမရရှိသေးသည့်အတွက် အမေရိကန်နှင့် တရုတ်တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ (၁၁) ရက်နေ့တွင် အငယ်တန်းအဆင့်ဆွေးနွေးမှုများကိုပြန်လည်စတင်ပြုလုပ်မည်ဖြစ်ပြီးဖေဖော်ဝါရီလ(၁၄) ရက်နေ့နှင့် (၁၅) ရက်နေ့တို့တွင် အကြီးတန်းအဆင့်တွေ့ဆုံဆွေးနွေးမှုများထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရက်ပိုင်း(၉၀) ကြာယာယီပြေငြိမ်းထားမှုမှာ လာမည့်မတ်လ(၁) ရက်နေ့တွင် ပြည့်မြောက်မည်ဖြစ်ရာအမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ယင်းသတ်မှတ်ချက်မတိုင်မီတွင် တရုတ်သမ္မတရှီကျင့်ပင်နှင့်တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေးတင်းမာမှုအတွက် နောက်ဆုံးအဖြေသည် သမ္မတရှီကျင်းပင်နှင့်တွေ့ဆုံမှုအပေါ်တွင် မူတည်သည်ဟု လွန်ခဲ့သည့်ရက်ပိုင်းအတွင်းသမ္မတဒေါ်နယ်ထရန့်၏ပြောကြားခဲ့မှုကြောင့် အမေရိကန် – တရုတ် ကုန်သွယ်ရေးတင်းမာမှုများ ပြန်လည်ဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဖော်ပြပါရှိပါသည်။

ရည်ညွှန်း www.latimes.com နှင့် www.straitstimes.com

အလုပ်လက်မဲ့ထောက်ပံ့ကြေးတောင်းခံမှုလျော့ကျခဲ့ခြင်းနှင့်အမေရိကန်ပြည်ထောင်စု၏စီးပွားရေးခိုင်မာလျက်ရှိသည်ဟုအမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းတို့ကြောင့်အမေရိကန်ဒေါ်လာတန်ဖိုးဆက်လက်မြင့်တက်ခဲ့မှု

အလုပ်လက်မဲ့ထောက်ပံ့ကြေးတောင်းခံမှုလျော့ကျခဲ့ခြင်းနှင့်အမေရိကန်ပြည်ထောင်စု၏စီးပွားရေးခိုင်မာလျက်ရှိသည်ဟုအမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းတို့ကြောင့်အမေရိကန်ဒေါ်လာတန်ဖိုးဆက်လက်မြင့်တက်ခဲ့မှု

အမေရိကန်ပြည်ထောင်စု၊ အလုပ်သမားဝန်ကြီးဌာနမှထုတ်ပြန်သည့် အလုပ်လက်မဲ့ထောက်ပံ့ကြေးတောင်းခံမှုလျော့ကျခဲ့ခြင်းနှင့် အမေရိကန်ပြည်ထောင်စု၏စီးပွားရေးခိုင်မာလျက်ရှိခြင်းတို့ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးဆက်လက်မြင့်တက်ခဲ့ကြောင်း၊ ၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီလ(၇) ရက်( ကြာသပတေးနေ့) တွင်အမေရိကန်ပြည်ထောင်စု၊ အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့မှဖေဖော်ဝါရီလ (၁) ရက်နေ့အထိဖြစ်သောရက်သတ္တပတ်အတွင်းနိုင်ငံတစ်ဝန်းအလုပ်လက်မဲ့ထောက်ပံ့ကြေးတောင်းခံသူဦးရေမှာ(၂၃၄,၀၀၀) ဦးခန့်ရှိခဲ့ရာလွန်လေပြီးသောရက်သတ္တပတ်အတွင်းအလုပ်လက်မဲ့ထောက်ပံ့ကြေးတောင်းခံသူဦးရေ(၂၅၃,၀၀၀) ဦးနှင့်နှိုင်းယှဉ်ပါက (၁၉,၀၀၀) ဦးလျော့ကျသွားခဲ့သည်ဟုဖော်ပြထားကြောင်း၊အလုပ်လက်မဲ့ထောက်ပံ့ကြေးတောင်းခံသူဦးရေလျော့ကျသွားခြင်းသည် နိုင်ငံတစ်ဝန်းစီးပွားရေးတိုးတက်ကောင်းမွန်မှုများဖြစ်ပေါ်နေ၍ အလုပ် အကိုင်ရရှိသူများပြားလာခြင်းကြောင့်ဖြစ်သည်ဟူသော ခန့်မှန်းချက်များနှင့်အတူရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဒေါ်လာ ဝယ်ယူစုဆောင်းမှုများ ပိုမိုပြုလုပ်လာကြသောကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ဆက်လက်မြင့်တက်လာခဲ့ကြောင်း၊ ထို့ပြင် လက်ရှိအချိန်၌နိုင်ငံတစ်ဝန်းအလုပ်လက်မဲ့နှုန်းကျဆင်းလျက်ရှိသကဲ့သို့ ငွေကြေးဖောင်းပွမှုနှုန်းမှာလည်းအမေရိကန်ဗဟိုဘဏ်ကသတ်မှတ်ထားသည့်နှုန်းထားဝန်းကျင်၌သာဖြစ်ပေါ်လျက်ရှိရာစံချိန်တင် government shutdown ကိုကြုံတွေ့ခံစားခဲ့ရသည့်အပြင် ဥရောပသမဂ္ဂမှဗြိတိန်ခွဲထွက်ရေးမသေချာမရေရာမှုဂယက်ရိုက်ခတ်ခြင်းကို ရင်ဆိုင်နေရသောအမေရိကန်ပြည်ထောင်စု၏ လက်ရှိစီးပွားရေးအခြေအနေသည် ဆုတ်ယုတ်နှောင့်နှေးခြင်းမျိုးမရှိဘဲ တိုးတက်ကောင်းမွန်လျက်ရှိသည်ဟုအမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရွန်မီပေါင်ဝယ်လ်ကပြောကြားခဲ့ခြင်းသည်လည်းကောင်း၊ ယခု ၂၀၁၉ ခုနှစ်အတွင်းယူရိုငွေကြေးသုံးစွဲသောနိုင်ငံများ(euro zone)၏ စီးပွားရေးတိုးတက်မှုနှုန်းမှာမူလခန့်မှန်းထားသည့် ၁.၉% ကိုပြည့်မီနိုင်ခြင်းမရှိဘဲ ၁.၃% ခန့်သာရှိနိုင်သည်ဟု ဥရောပသမဂ္ဂကောင်စီကခန့်မှန်း ချက်ပြင်ဆင်ထုတ်ပြန်ခဲ့ခြင်းကြောင့် ယူရိုငွေကြေးတန်ဖိုးကျဆင်းခဲ့ခြင်းသည်လည်းကောင်းအမေရိကန်ဒေါ်လာတန်ဖိုးကိုမြင့်တက်စေသည့် အခြားသောအကြောင်းအရာများဖြစ်ကြောင်း၊၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၉) ရက်(စနေနေ့) တွင် ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်းအမေရိကန်ဒေါ်လာတန်ဖိုးမှာ ၀.၁၄% မြင့်တက်ခဲ့ပြီးစတာလင်တစ်ပေါင်လျှင် အ​မေရိကန်ဒေါ်လာ (၁.၂၉၅၉) ဒေါ်လာလဲလှယ်မှုနှုန်း၊ တစ်ယူရိုလျှင် အမေရိကန်ဒေါ်လာ (၁.၁၃၂၂) ဒေါ်လာလဲလှယ်မှုနှုန်း၊အမေရိကန်တစ်ဒေါ်လာလျှင်ဂျပန်ယန်းငွေ (၁၀၉.၇၇) ယန်းလဲလှယ်မှုနှုန်းနှင့် တရုတ်ယွမ်ငွေ(၆.) ယွမ်လဲလှယ်မှုနှုန်းများဖြင့် အသီးသီးဈေးပိတ်သွားခဲ့သည်ဟု xinhuanet သတင်းဌာနတွင်  ဖော်ပြပါရှိပါသည်။

ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့သည် အီရန်နိုင်ငံနှင့်တရားဝင်ကုန်သွယ်မှုပြုနိုင်မည့် စနစ်တစ်ခုကို ဖန်တီးအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းအင်တာနက် website တွင် ဖော်ပြထားမှု

ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့သည် အီရန်နိုင်ငံနှင့်တရားဝင်ကုန်သွယ်မှုပြုနိုင်မည့် စနစ်တစ်ခုကို ဖန်တီးအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းအင်တာနက် website တွင် ဖော်ပြထားမှု

အမေရိကန်အစိုးရအနေဖြင့် အီရန်နိုင်ငံအပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုဆိုင်ရာကိစ္စရပ်များနှင့် ထိခိုက်ငြိစွန်းမှုမရှိစေဘဲ အီရန်နိုင်ငံနှင့် တရားဝင်ကုန်သွယ်မှုပြုလုပ်နိုင်မည့်စနစ်တစ်ခုကို အကောင်အထည်ဖော်ဖန်တီးသွားမည်ဟု ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့က ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ လွန်ခဲ့သည့်ရက်ပိုင်းအတွင်း ထုတ်ပြန်သည့် အဆိုပါပူးတွဲ ကြေညာချက်အရ အမေရိကန်အစိုးရသည် အီရန်၏ဘဏ္ဍာရေးဆိုင်ရာကဏ္ဍများအပေါ်၌လည်း အရေးယူပိတ်ဆို့မှုများချမှတ်ထားရာ အီရန်နိုင်ငံနှင့် ကုန်သွယ်ဖက်နိုင်ငံများအတွက် ကုန်သွယ်ရေးနှင့် ပတ်သက်၍ ပေးချေမှုဆိုင်ရာကိစ္စများတွင် အခက်အခဲများနှင့် ကြုံတွေ့ရလျက်ရှိသည့်အတွက် ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့သည် အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုများနှင့် ငြိစွန်းခြင်းမရှိစေဘဲ အီရန်နိုင်ငံနှင့် တရားဝင် ကုန်သွယ်ရေးပေးချေမှုများ ဆောင်ရွက်နိုင်ရန်အတွက် INSTEX ဟုအမည်ပေးထားသော ကုန်သွယ်ရေးစနစ်တစ်ခုကို ပူးတွဲအကောင်အထည်ဖော် ဖန်တီးသွား မည်ဖြစ်ကြောင်း၊ ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့သည် ယင်း INSTEX စနစ်အားအောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည့်နည်းလမ်းများကို စူးစမ်းရှာဖွေသွားမည်ဖြစ်ပြီး အီရန်ကုမ္ပဏီများ နှင့် ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန် ကုမ္ပဏီများအကြား ကုန်သွယ်ရေး အဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ အဆိုပါ INSTEX စနစ်အား ဖော်ဆောင်မည်ဖြစ်သည့်အပြင် ဥရောပသမဂ္ဂနိုင်ငံများနှင့် အီရန် နိုင်ငံအနေဖြင့်လည်း ‘၂၀၁၅ အီရန်နျူကလီးယားလျှော့ချရေးသဘောတူစာချုပ်’အား မပျက် မကွက်လိုက်နာနိုင်စေရန်အတွက်လည်း ရည်ရွယ်လုပ်ဆောင်လိုခြင်းဖြစ်ကြောင်း၊ အနာဂါတ်ကာလတွင် အဆိုပါ INSTEX စနစ်အတွင်း ပါဝင်လိုသည့်မည်သည့်နိုင်ငံကိုမဆို ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း၊ အမေရိကန်အစိုးရက အီရန်နိုင်ငံအား အရေးယူပိတ်ဆို့မှုများချမှတ်ထား စဉ်တွင် အီရန်နိုင်ငံနှင့် စီးပွားဆက်ဆံမှုပြုလုပ်ခြင်းကြောင့် အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ ခြင်းများ လုပ်ဆောင်လာမည်ကို စိုးရိမ်ပူပန်လျက်ရှိသည့်အတွက် များစွာသောစိုက်ပျိုးရေးနှင့် ဆေးဝါးကုမ္ပဏီများသည် အီရန်နှင့်ကုန်သွယ်ခြင်းကို ရပ်ဆိုင်းခဲ့ကြကြောင်း၊ သို့ရာတွင် လယ်ယာထွက်ကုန်များ၊ စားသောက်ကုန်များ၊ ဆေးဝါးများနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများမှာ အီရန်နိုင်ငံအပေါ်ချမှတ်သည့်အရေးယူပိတ်ဆို့မှုတွင် ပါဝင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်နိုင်ငံတို့သည် အဆိုပါ INSTEX စနစ်ဖြင့် အီရန်နိုင်ငံနှင့် ကုန်သွယ်ရာ၌ အီရန် နိုင်ငံသားများအတွက် အရေးပါသော အဆိုပါကုန်စည်များကို အဓိကထားကုန်သွယ်မှုပြုသွားမည် ဖြစ်ကြောင်း၊  ဂျာမနီ၊ပြင်သစ်၊ ဗြိတိန်နိုင်ငံတို့သည် အဆိုပါ INSTEX စနစ်အတွင်း ပါဝင်လိုသည့် စိတ်ပါဝင်စားသော ဥရောပနိုင်ငံများနှင့်တွဲဖက်၍ယင်း INSTEX စနစ်ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန် ရှေ့တိုးလုပ်ဆောင်သွားရန် ဂျာမနီ၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့က ဆုံးဖြတ်ချက်ချထားသည်ဟုသိရှိရကြောင်း ဖော်ပြပါရှိပါသည်။

ရည်ညွှန်း       www.rt.com