အမေရိကန်ပြည်ထောင်စု၌ အစိုးရယန္တရားတစ်စိတ်တစ်ပိုင်းရပ်ဆိုင်းမှုမှာ ထပ်မံဖြစ်ပေါ်လာဖွယ်မရှိ သော်လည်း အမေရိကန် – တရုတ် ကုန်သွယ်ရေးတင်းမာမှုများ ပြန်လည်ဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိမှု

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့မှစတင်ကာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၅) ရက်ညနေပိုင်းတွင် အဆုံးသတ်သွားသည့်အမေရိကန်ပြည်ထောင်စု၏ စံချိန်တင်အစိုးရယန္တရားတစ်စိတ်တစ်ပိုင်းရပ်တန့်မှု(partial government shutdown)မှာယခု၂၀၁၉ ခုနှစ်အတွင်းထပ်မံဖြစ်ပေါ်လာဖွယ်မရှိသော်လည်းအမေရိကန်-တရုတ်ကုန်သွယ်ရေးဆွေးနွေးမှုများမှာမူ သေချာရေရာခြင်းမရှိသေးကြောင်း သိရှိရပါသည်။၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၅) ရက်နေ့တွင် သမ္မတဒေါ်နယ်ထရန့်သည် government shutdown ကြောင့်ရပ်ဆိုင်းထားရသည့် အစိုးရဌာန(၉) ခုအား ဖေဖော်ဝါရီလ(၁၅) ရက်နေ့အထိ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်နိုင်မည့် ယာယီအသုံးစရိတ်မူကြမ်းကို ခွင့်ပြုလက် မှတ်ရေးထိုးပေးခဲ့သည့်အတွက် (၃၅) ရက်ကြာဖြစ်ပေါ်ခဲ့သော government shutdown မှာယာယီအဆုံးသတ်သွားခဲ့ပြီးနောက် သမ္မတဒေါ်နယ်ထရန့်၏ရီပတ်ဗလစ်ကန်ပါတီနှင့် အတိုက်အခံဒီမိုကရက်ပါတီလွှတ်တော်အမတ်များပါဝင်သော နှစ်ပါတီကော်မတီသည် အမေရိကန်-မက္ကဆီကိုနယ်စပ်အရေးနှင့်ပတ်သက်၍ government shutdown ထပ်မံမပေါ်ပေါက်စေရန်အတွက် အဆိုပြုချက်များအပြန်အလှန်တင်သွင်းကာစေ့စပ်ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြကြောင်း၊ ယင်းအဆိုပြုချက်များတွင် သမ္မတဒေါ်နယ်ထရန့်တောင်းဆိုသောအမေရိကန်ဒေါ်လာ (၅.၇) ဘီလီယံအောက်လျော့နည်းသည့် အမေရိကန်ဒေါ်လာ (၂) ဘီလီယံပမာဏအားခွင့်ပြုပေးရေးအဆိုပြုချက်မှာထိပ်တန်းဦးစားပေးအဆိုပြုချက်အဖြစ်ပါဝင်လျက်ရှိကြောင်း၊ ယခုအခါဖေဖော်ဝါရီလ (၁၅) ရက်သတ်မှတ်ချက်မှာနီးကပ်လာပြီဖြစ်ရာနှစ်ပါတီကော်မတီဝင်များသည် shutdown ထပ်မံမဖြစ်ပေါ်စေရေးအတွက် ယင်းအဆိုပြုချက်ကိုအစိုးရအသုံးစရိတ်မူကြမ်းအဖြစ် ပြင်ဆင်ရေးဆွဲနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်(တနင်္လာ) နေ့တွင် ယင်းအဆိုပြုချက်မူကြမ်းကိုနှစ်ပါတီကော်မတီဝင်များက သဘောတူလက်မှတ်ရေးထိုးသွားဖွယ်ရှိကြောင်း၊ နှစ်ပါတီကော်မတီဝင်များကသဘောတူလက်မှတ်ရေးထိုးပြီးပါက ယင်းအဆိုပြုချက်မူကြမ်းအား အမေရိကန်အထက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ရဦးမည်ဖြစ်သည့်အပြင် ယင်းအဆိုပြုချက်မူကြမ်းအား သမ္မတဒေါ်နယ်ထရန့်က သဘောတူလက်ခံခြင်းပြု/မပြုဆိုသည်မှာမူ သေချာလှခြင်းမရှိကြောင်း၊ သို့သော် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် သမ္မတအိမ်ဖြူတော်၌ သမ္မတဒေါ်နယ်ထရန့်နှင့် လွှတ်တော်အမတ်များအကြားတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြရာဝယ် အလားအလာကောင်းများရရှိခဲ့ပြီးဒေါ်နယ်ထရန့်သည် ယင်းအဆိုပြုချက်မူကြမ်းနှင့်ပတ်သက်၍အကောင်းမြင်သဘောထားများရှိနေသည်ဟုသမ္မတဒေါ်နယ်ထရန့်အားတွေ့ဆုံခဲ့သည့် လွှတ်တော်အမတ်များနှင့် အိမ်ဖြူတော်တာဝန်ရှိသူများကပြောကြားခဲ့ကြသည်ဟုသိရှိရကြောင်း၊အကယ်၍ အဆိုပါအဆိုပြုချက်မူကြမ်းအား သမ္မတဒေါ်နယ်ထရန့်က သဘောတူလက်ခံသွားမည်ဆိုပါကယခု ၂၀၁၉ ခုနှစ်အတွင်း၌ government shutdown မှာထပ်မံဖြစ်ပေါ်လာတော့မည်မဟုတ်ကြောင်းသိရှိရပါသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတရှီကျင်းပင်တို့အကြား သွင်းကုန်ခွန်အပြန်အလှန်တိုးမြှင့်ကောက်ခံခြင်းထိုးစစ်အားရက်ပေါင်း(၉၀) ကြာယာယီပြေငြိမ်းရန် သဘောတူညီမှုရယူခဲ့ပြီးနောက် ကုန်သွယ်ရေးဆိုင်ရာအမေရိကန်နှင့် တရုတ်တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့မှ (၉) ရက်နေ့အထိတစ်ကြိမ်၊ ဇန်နဝါရီလ(၃၀) ရက်နေ့မှ(၃၁) ရက်နေ့အထိတစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ သို့သော် နှစ်ဦးနှစ်ဖက်ကျေနပ်လောက်သည်အထိ ရလဒ်ကောင်းများမရရှိသေးသည့်အတွက် အမေရိကန်နှင့် တရုတ်တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ (၁၁) ရက်နေ့တွင် အငယ်တန်းအဆင့်ဆွေးနွေးမှုများကိုပြန်လည်စတင်ပြုလုပ်မည်ဖြစ်ပြီးဖေဖော်ဝါရီလ(၁၄) ရက်နေ့နှင့် (၁၅) ရက်နေ့တို့တွင် အကြီးတန်းအဆင့်တွေ့ဆုံဆွေးနွေးမှုများထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရက်ပိုင်း(၉၀) ကြာယာယီပြေငြိမ်းထားမှုမှာ လာမည့်မတ်လ(၁) ရက်နေ့တွင် ပြည့်မြောက်မည်ဖြစ်ရာအမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ယင်းသတ်မှတ်ချက်မတိုင်မီတွင် တရုတ်သမ္မတရှီကျင့်ပင်နှင့်တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း၊ နှစ်နိုင်ငံကုန်သွယ်ရေးတင်းမာမှုအတွက် နောက်ဆုံးအဖြေသည် သမ္မတရှီကျင်းပင်နှင့်တွေ့ဆုံမှုအပေါ်တွင် မူတည်သည်ဟု လွန်ခဲ့သည့်ရက်ပိုင်းအတွင်းသမ္မတဒေါ်နယ်ထရန့်၏ပြောကြားခဲ့မှုကြောင့် အမေရိကန် – တရုတ် ကုန်သွယ်ရေးတင်းမာမှုများ ပြန်လည်ဖြစ်ပေါ်လာမည့်အပေါ် စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဖော်ပြပါရှိပါသည်။

ရည်ညွှန်း www.latimes.com နှင့် www.straitstimes.com