ထိုင်းဘုရင်မဟာဗာဂျီယာလောင်ကွန်၏ တော်ဝင်အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ဘုရင့်အစ်မဖြစ်သူမင်းသမီး အူဗောလ်ရာထာနာမဟီဒေါလ်၏ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့်အစီအစဉ်မှာ ပျက်ပြယ်ခဲ့မှု

ထိုင်းနိုင်ငံ၌ လာမည့် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၄) ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွင်း ထိုင်းဘုရင်မဟာဗာဂျီယာလောင်ကွန်၏အစ်မဖြစ်သူ မင်းသမီးအူဗောလ်ရာထာနာမဟီဒေါလ်အနေဖြင့်ဝန်ကြီးချုပ်နေရာအားဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည်ဟု ထိုင်းရက်ခ်ဆာချက်ပါတီ (Thai RaksaChart –TRC) က ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၈) ရက် (သောကြာနေ့) တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ သို့သော် အဆိုပါ ကြေညာချက်ထွက်ပေါ်ခဲ့သည့်နေ့တွင်ပင် ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီညွတ်ဘဲမသင့်လျှော်သည့်အတွက် ဖေဖော်ဝါရီလ(၈)ရက်(သောကြာနေ့) ညပိုင်းတွင် တော်ဝင်အမိန့်ထုတ်ပြန်တားမြစ်ခဲ့ရာမင်းသမီးအူဗောလ်ရာထာနာမဟီဒေါလ်၏ရွေးကောက်ပွဲဝင်ရောက်ရေးအစီအစဉ်မှာပျက်ပြယ်ခဲ့ကြောင်း၊ အသက် (၆၇) နှစ်အရွယ်ရှိမင်းသမီး အူဗောလ်ရာထာနာမဟီဒေါလ်သည် ထိုင်းရက်ခ်ဆာချက်ပါတီ(Thai Raksa Chart –TRC) မှတစ်ဆင့် အထွေထွေ ရွေးကောက်ပွဲအတွင်းဝန်ကြီးချုပ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ထိုင်းရက်ခ်ဆာချက်ပါတီသည် ပြည်ပနိုင်ငံများတွင် တိမ်းရှောင်နေသည့် ဝန်ကြီးချုပ်ဟောင်းသက်ဆင်နှင့် ယင်လတ်ခ်ရှင်နာဝပ်တို့၏ သြဇာခံပါတီတစ်ခုဖြစ်ကြောင်း၊ ထိုင်းရက်ခ်ဆာချက်ပါတီအဖွဲ့ဝင်များသည် ယခင်သက်ဆင်၏နိုင်ငံရေးပါတီတစ်ခုဖြစ်သော ပွေထိုင်းပါတီ(Pheu Thai) မှ အဓိကကျသောနိုင်ငံရေးသမားဟောင်းများနှင့်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊  ယခုကဲ့သို့ မင်းသမီးအူဗောလ်ရာထာနာမဟီဒေါလ်၏ ရွေးကောက်ပွဲဝင်ရောက်ရန်ကြေညာချက်သည် လက်ရှိထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ၏ ရွေးကောက်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်အရွေးခံမည့်ကိစ္စအပေါ် တုံ့ပြန်သည့်အနေဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာသည် တပ်မတော်ကိုယ်စားပြုဖယ်လန်းပရာချာရတ်ပါတီ (PalangPracharat) မှတစ်ဆင့် ဝန်ကြီးချုပ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံသွားမည်ဟု အဆိုပါ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၈) ရက်(သောကြာနေ့) တွင်ပင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်ဟုသိရှိရပါသည်။

ယခုကဲ့သို့ မင်းသမီးအူဗောလ်ရာထာနာမဟီဒေါလ်အနေဖြင့် ထိုင်းနိုင်ငံရေးအခင်းအကျင်းသို့ ဝင်ရောက်ရန်ကြေညာခဲ့ခြင်းသည် ထိုင်းနိုင်ငံရေးလောက၌ပထမဆုံးအကြိမ်ဖြစ်ပြီး ထိုင်းဘုရင့်တော်ဝင်မိသားစုဝင် တစ်ယောက်အနေဖြင့် ပုံမှန်လုပ်ထုံးလုပ်နည်းမှဆန့်ကျင်ကာ လုံးဝမသင့်တော်သည့် လုပ်ရပ်တစ်ခုအဖြစ် ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်က သတ်မှတ်ကာယခုကဲ့သို့ အဆောတလျင် တော်ဝင်ကြေညာချက်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ ထိုင်းဘုရင်မဟာဗာဂျီယာလောင်ကွန်သည် ထိုင်းဘုရင်အပါအဝင် တော်ဝင်မိသားစုဝင်များအနေဖြင့် ထိုင်းနိုင်ငံရေးလောကအခင်းအကျင်းတွင် ပါဝင်လုပ်ဆောင်ခြင်းမရှိစေရန် အဆိုပါကြေညာချက်ကိုရုပ်မြင်သံကြားမှတစ်ဆင့်တိုက်ရိုက်ပြောကြားခဲ့ခြင်းဖြစ်ပြီးတော်ဝင်အမိန့်ပြန်တမ်းကိုလည်းပုံနှိပ်ထုတ်ဝေကြေညာခဲ့ခြင်းဖြစ်သည်ဟုသိရှိရကြောင်း၊ အဆိုပါထိုင်းဘုရင်၏ တော်ဝင်အမိန့်ထုတ်ပြန် ကြေညာချက်နှင့်ပတ်သက်၍ မင်းသမီးအူဗောလ်ရာထာနာမဟီဒေါလ်အပါအဝင် ထိုင်းရက်ခ်ဆာချက်ပါတီတို့လည်းသဘောတူလက်ခံခဲ့ကြကာထိုင်းဘုရင့်အမိန့်အတိုင်းလိုက်နာဆောင်ရွက်သွားမည်ဟုထိုင်းရက်ခ်ဆာချက်ပါတီက ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၉) ရက်(စနေနေ့) တွင် ထုတ်ပြန်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံတွင် ထိုင်းဘုရင့်တော်ဝင်မိသားစုဝင်များအပေါ် ဝေဖန်ပြောကြားပါကထောင်ဒဏ်ချမှတ်နိုင်သည့်ဥပဒေပြဌာန်းချက်ရှိသည့်အတွက် မင်းသမီးအူဗောလ်ရာထာနာမဟီဒေါလ်အနေဖြင့် ထိုင်းနိုင်ငံရေးလောကအတွင်းသို့ ဝင်ရောက်လာပါက ဝေဖန်ပုတ်ခတ်မှုများနှင့်မကင်းသောနိုင်ငံရေးလောကအတွင်းယှဉ်ပြိုင်မှုများမှာမျှတမည်မဟုတ်ဟု နိုင်ငံရေးလေ့လာသူများကသုံးသပ်လျက်ရှိကြကြောင်း၊          မင်းသမီးအူဗောလ်ရာထာနာမဟီဒေါလ်သည် ၁၉၅၁ ခုနှစ်တွင်မွေးဖွားခဲ့ပြီးထိုင်းနိုင်ငံချက်ကရီမင်းဆက်၏တော်ဝင်မိသားစုတစ်ဦးဖြစ်ကာ ထိုင်းဘုရင်ဘူမိဘောအဒူလ်ရာဒက်နှင့် ဘုရင်မသီရိကစ်တို့၏အကြီးဆုံးသမီးတစ်ဦးဖြစ်ကြောင်း၊ သူမသည် အမေရိကန်ပြည်ထောင်စုမက်ဆာချူးဆက်နည်းပညာတက္ကသိုလ်တွင် ပညာသင်ကြားခဲ့ခြင်းဖြစ်ပြီး ၁၉၇၂ ခုနှစ်တွင် အမေရိကန်နိုင်ငံသားတစ်ဦးနှင့် လက်ထပ်ခဲ့ကာတော်ဝင်မိသားစု၏အဆောင်အယောင်များကို စွန့်လွှတ်ခဲ့သူဖြစ်ကြောင်း၊ ထို့နောက် အမျိုးသားဖြစ်သူနှင့် ကွာရှင်းခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ပြန်လာကာတော်ဝင်မိသားစု၏ အဆောင်အယောင်အချို့ကို ရယူခံစားခဲ့ကြောင်းဖော်ပြပါရှိပါသည်။

ရည်ညွှန်း www.channelnewsasia.com