အလုပ်လက်မဲ့ထောက်ပံ့ကြေးတောင်းခံမှုလျော့ကျခဲ့ခြင်းနှင့်အမေရိကန်ပြည်ထောင်စု၏စီးပွားရေးခိုင်မာလျက်ရှိသည်ဟုအမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းတို့ကြောင့်အမေရိကန်ဒေါ်လာတန်ဖိုးဆက်လက်မြင့်တက်ခဲ့မှု

အမေရိကန်ပြည်ထောင်စု၊ အလုပ်သမားဝန်ကြီးဌာနမှထုတ်ပြန်သည့် အလုပ်လက်မဲ့ထောက်ပံ့ကြေးတောင်းခံမှုလျော့ကျခဲ့ခြင်းနှင့် အမေရိကန်ပြည်ထောင်စု၏စီးပွားရေးခိုင်မာလျက်ရှိခြင်းတို့ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးဆက်လက်မြင့်တက်ခဲ့ကြောင်း၊ ၂၀၁၉ခုနှစ်၊ဖေဖော်ဝါရီလ(၇) ရက်( ကြာသပတေးနေ့) တွင်အမေရိကန်ပြည်ထောင်စု၊ အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည့်အစီရင်ခံစာ၌ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့မှဖေဖော်ဝါရီလ (၁) ရက်နေ့အထိဖြစ်သောရက်သတ္တပတ်အတွင်းနိုင်ငံတစ်ဝန်းအလုပ်လက်မဲ့ထောက်ပံ့ကြေးတောင်းခံသူဦးရေမှာ(၂၃၄,၀၀၀) ဦးခန့်ရှိခဲ့ရာလွန်လေပြီးသောရက်သတ္တပတ်အတွင်းအလုပ်လက်မဲ့ထောက်ပံ့ကြေးတောင်းခံသူဦးရေ(၂၅၃,၀၀၀) ဦးနှင့်နှိုင်းယှဉ်ပါက (၁၉,၀၀၀) ဦးလျော့ကျသွားခဲ့သည်ဟုဖော်ပြထားကြောင်း၊အလုပ်လက်မဲ့ထောက်ပံ့ကြေးတောင်းခံသူဦးရေလျော့ကျသွားခြင်းသည် နိုင်ငံတစ်ဝန်းစီးပွားရေးတိုးတက်ကောင်းမွန်မှုများဖြစ်ပေါ်နေ၍ အလုပ် အကိုင်ရရှိသူများပြားလာခြင်းကြောင့်ဖြစ်သည်ဟူသော ခန့်မှန်းချက်များနှင့်အတူရင်းနှီးမြှုပ်နှံသူများသည် အမေရိကန်ဒေါ်လာ ဝယ်ယူစုဆောင်းမှုများ ပိုမိုပြုလုပ်လာကြသောကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ဆက်လက်မြင့်တက်လာခဲ့ကြောင်း၊ ထို့ပြင် လက်ရှိအချိန်၌နိုင်ငံတစ်ဝန်းအလုပ်လက်မဲ့နှုန်းကျဆင်းလျက်ရှိသကဲ့သို့ ငွေကြေးဖောင်းပွမှုနှုန်းမှာလည်းအမေရိကန်ဗဟိုဘဏ်ကသတ်မှတ်ထားသည့်နှုန်းထားဝန်းကျင်၌သာဖြစ်ပေါ်လျက်ရှိရာစံချိန်တင် government shutdown ကိုကြုံတွေ့ခံစားခဲ့ရသည့်အပြင် ဥရောပသမဂ္ဂမှဗြိတိန်ခွဲထွက်ရေးမသေချာမရေရာမှုဂယက်ရိုက်ခတ်ခြင်းကို ရင်ဆိုင်နေရသောအမေရိကန်ပြည်ထောင်စု၏ လက်ရှိစီးပွားရေးအခြေအနေသည် ဆုတ်ယုတ်နှောင့်နှေးခြင်းမျိုးမရှိဘဲ တိုးတက်ကောင်းမွန်လျက်ရှိသည်ဟုအမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရွန်မီပေါင်ဝယ်လ်ကပြောကြားခဲ့ခြင်းသည်လည်းကောင်း၊ ယခု ၂၀၁၉ ခုနှစ်အတွင်းယူရိုငွေကြေးသုံးစွဲသောနိုင်ငံများ(euro zone)၏ စီးပွားရေးတိုးတက်မှုနှုန်းမှာမူလခန့်မှန်းထားသည့် ၁.၉% ကိုပြည့်မီနိုင်ခြင်းမရှိဘဲ ၁.၃% ခန့်သာရှိနိုင်သည်ဟု ဥရောပသမဂ္ဂကောင်စီကခန့်မှန်း ချက်ပြင်ဆင်ထုတ်ပြန်ခဲ့ခြင်းကြောင့် ယူရိုငွေကြေးတန်ဖိုးကျဆင်းခဲ့ခြင်းသည်လည်းကောင်းအမေရိကန်ဒေါ်လာတန်ဖိုးကိုမြင့်တက်စေသည့် အခြားသောအကြောင်းအရာများဖြစ်ကြောင်း၊၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၉) ရက်(စနေနေ့) တွင် ကမ္ဘာ့ငွေကြေးဈေးကွက်အတွင်းအမေရိကန်ဒေါ်လာတန်ဖိုးမှာ ၀.၁၄% မြင့်တက်ခဲ့ပြီးစတာလင်တစ်ပေါင်လျှင် အ​မေရိကန်ဒေါ်လာ (၁.၂၉၅၉) ဒေါ်လာလဲလှယ်မှုနှုန်း၊ တစ်ယူရိုလျှင် အမေရိကန်ဒေါ်လာ (၁.၁၃၂၂) ဒေါ်လာလဲလှယ်မှုနှုန်း၊အမေရိကန်တစ်ဒေါ်လာလျှင်ဂျပန်ယန်းငွေ (၁၀၉.၇၇) ယန်းလဲလှယ်မှုနှုန်းနှင့် တရုတ်ယွမ်ငွေ(၆.) ယွမ်လဲလှယ်မှုနှုန်းများဖြင့် အသီးသီးဈေးပိတ်သွားခဲ့သည်ဟု xinhuanet သတင်းဌာနတွင်  ဖော်ပြပါရှိပါသည်။