မလေးရှားအစိုးရသည် ပြည်ပသို့ စားအုန်းဆီတင်ပို့မှုအပေါ် ပို့ကုန်ခွန်ကင်းလွတ်ခွင့်ပေးခဲ့ခြင်းနှင့် စားအုန်းဆီနှင့်ပြိုင်ဘက်ဖြစ်သော ပဲပိစပ်ဆီဈေးနှုန်းအား ပျော့နေခြင်းတို့ကြောင့် မလေးရှားစားအုန်းဆီဈေးနှုန်းမှာ ၁% နီးပါးကျဆင်းခဲ့
မလေးရှားအစိုးရသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှစ၍ စားအုန်းဆီပို့ကုန်ခွန်အား ၀% ၌ သတ်မှတ်ထားခဲ့သည့်အပြင် လာမည့်အောက်တိုဘာလတွင်လည်း စားအုန်းဆီပို့ကုန်ခွန်အားပြောင်းလဲခြင်းမရှိဘဲ ၀% ၌သာဆက်လက်ထားရှိသွားမည်ဟု ယခုရက်ပိုင်းအတွင်း ကြေညာခဲ့သည့်အတွက် မလေးရှားဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။
ထို့ပြင် တရုတ်နိုင်ငံဒါလျန်းဈေးကွက်၌ စားအုန်းဆီနှင့်ပြိုင်ဘက်ဖြစ်သော ပဲပိစပ်ဆီဈေးနှုန်းကျဆင်းနေခြင်းနှင့် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများကျဆင်းနေသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ဇီဝလောင်စာဆီအဖြစ် စားအုန်းဆီကို အသုံးပြုမည့်အစားရေနံကိုပြောင်းလဲသုံးစွဲနေခြင်းအစရှိသည့် အချက်များသည်လည်း စားအုန်ဆီဈေးနှုန်းကို ကျဆင်းစေသည့် အခြားအချက်များဖြစ်ကြောင်းသိရှိရပါသည်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက် (သောကြာနေ့) နံနက်ပိုင်းတွင် မလေးရှားစားအုန်းဆီဈေးကွက်၌ စားအုန်းဆီကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၈% ကျဆင်းပြီးတစ်တန်လျှင် မလေးရှားရင်းဂစ်ငွေ ၂၁၅၁ (အမေရိကန်ဒေါ်လာ ၅၁၄ ခန့်) သို့ ရောက်ရှိခဲ့ကြောင်း၊ မလေးရှားစားအုန်းဆီဈေးနှုန်းသည် ယခုရက်သတ္တပတ်အတွင်း ၃.၃% ခန့် ကျဆင်းခဲ့ကြောင်း www.sg.news.yahoo.comအင်တာနက် website တွင် ဖော်ပြပါရှိပါသည်။