ထိုင်းအစိုးရသည် မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ပြည်နယ်များအပါအဝင် ထိုင်းနိုင်ငံရှိ ပြည်နယ် (၂၄) ခုတို့၌ အာဖရိကဝက်အပြင်းဖျားရောဂါသတိပေးချက်များ ထုတ်ပြန်ခဲ့

ထိုင်းအစိုးရသည် မြန်မာနိုင်ငံနှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် ပြည်နယ်များအပါအဝင် ထိုင်းနိုင်ငံရှိ ပြည်နယ် (၂၄) ခုတို့၌ အာဖရိကဝက်အပြင်းဖျားရောဂါ သတိပေးချက်များ ထုတ်ပြန်ခဲ့

          ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံရှိ ပြည်နယ် (၇၇) ခုအနက် ပြည်နယ် (၂၄) ခုတို့၌ အာဖရိကဝက်အပြင်းဖျားရောဂါ ( African Swine Fever- ASF ) နှင့်ပတ်သက်သည့် အထူးသတိပေးချက်များကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက် (သောကြာ) နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့်ပြည်နယ် (၇) ခုပါဝင်ကြောင်း၊ အဆိုပါပြည်နယ်များမှာ ချင်းရိုင်၊ ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ ရာချာဘူရီ၊ ရနောင်း၊ ပတ်ချာဘူရီနှင့်တာခ့်ပြည်နယ်များ ဖြစ်ကြောင်း၊ တာခ့်ပြည်နယ်တွင် ခရိုင် (၅) ခုဖြစ်သည့် မဲဆောက်၊ တာဆောင်ရန်း၊ အုန်းဖန်၊မဲရက်စ်မက်နှင့် ဖော့ဖရာခရိုင်တို့၌လည်းကောင်း၊ ပတ်ချာဘူရီပြည်နယ်တွင် နောင်ရာပလောင်နှင့်ကန်ခရာချန် ခရိုင်များ၌လည်းကောင်း၊အာဖရိကဝက်အပြင်းဖျားရောဂါနှင့်ပတ်သက်၍ အထူးစောင့်ကြည့်မှုများပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရှိရပါသည်။

          ထိုင်းနိုင်ငံမွေးမြူရေးဌာန၏ ကြေညာချက်၌ အဆိုပါ ပြည်နယ်များအတွင်းသို့ ဝက်နှင့် ဝက်သားထွက် စားသောက်ကုန်ပစ္စည်းများကို သယ်ဆောင်သူများအနေဖြင့် သက်ဆိုင်ရာဒေသခံ တိရစ္ဆာန်ဆေးကုသရေးဌာန တာဝန်ရှိသူများထံမှ ခွင့်ပြုမိန့်ကို မဖြစ်မနေရယူရမည်ဖြစ်ကြောင်း၊ အဆိုပါညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ဝက်နှင့်ဝက်သားထွက်ကုန်ပစ္စည်းများကို ခွင့်ပြုချက်မဲ့ သယ်ယူပို့ဆောင်ပါက ကျူးလွန်သူအား ၂၀၁၅ ခုနှစ် တိရစ္ဆာန်ရောဂါဆိုင်ရာ ဥပဒေပြဌာန်းချက်နှင့်အညီ အမြင့်ဆုံးထောင်ဒဏ် (၂) နှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ဘတ် (၄) သောင်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်မည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

          ထိုင်းနိုင်ငံမြောက်ပိုင်းပြည်နယ်  ထိုင်း – မြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ရှိ ဝက် (၂) ကောင်မှာ အကြောင်းရင်းမသိရှိရဘဲ သေဆုံးသွားခဲ့ပြီးနောက် ထိုင်းအစိုးရသည် အာဖရိကဝက်အပြင်းဖျား ရောဂါကာကွယ်ရေးလုပ်ဆောင်သည့်အနေဖြင့် ဝက်အကောင်ရေ (၂၀၀) ခန့်ကို ရှင်းလင်းသုတ်သင်ခဲ့သည်ဟု www. thethaiger.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

အမေရိကန်အစိုးရသည် အမေရိကန်စတော့အိတ်ချိန်းများရှိ တရုတ်ကုမ္ပဏီများအား ဖယ်ရှားရန် စီစဉ်နေသည့်သတင်းကြောင့် နာမည်ကျော်အလီဘာဘာ ကုမ္ပဏီအပါအဝင် တရုတ်စတော့ရှယ်ယာတန်ဖိုးများနှင့် တရုတ်ယွမ်ငွေတန်ဖိုးကျဆင်းခဲ့

အမေရိကန်အစိုးရသည် အမေရိကန်စတော့အိတ်ချိန်းများရှိ တရုတ်ကုမ္ပဏီများအားဖယ်ရှားရန် စီစဉ်နေသည့်သတင်းကြောင့် နာမည်ကျော်အလီဘာဘာကုမ္ပဏီအပါအဝင် တရုတ်စတော့ ရှယ်ယာတန်ဖိုးများနှင့် တရုတ်ယွမ်ငွေတန်ဖိုးကျဆင်းခဲ့

          အမေရိကန်အစိုးရသည် အမေရိကန်ပြည်ထောင်စုရှိ စတော့အိတ်ချိန်းများစာရင်းတွင်ပါဝင်နေသည့် တရုတ်ကုမ္ပဏီများအား ဖယ်ရှားရန်စီစဉ်နေပြီး တရုတ်နိုင်ငံအတွင်း၌ အမေရိကန်ကုမ္ပဏီများရင်းနှီးမြှုပ်နှံမှု သွားရောက်ပြုလုပ်မည့်ကိစ္စများ အပေါ်၌လည်း ကန့်သတ်ထိန်းချုပ်မှုများပြုလုပ်ရန် စီစဉ်လျက်ရှိသည်ဟူသော သတင်းများထွက်ပေါ်လျက်ရှိသည့်အတွက် နာမည်ကျော်တရုတ်ကုမ္ပဏီ အလီဘာဘာအပါအဝင် တရုတ်စတော့ရှယ်ယာများတန်ဖိုးနှင့် တရုတ်ယွမ်ငွေတန်ဖိုးများမှာ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

          အမေရိကန်အစိုးရ၏ စာရင်းအချက်အလက်များအရ အမေရိကန်စတော့ဈေးကွက်တွင် စာရင်းသွင်းထားသည့် တရုတ်ကုမ္ပဏီ (၁၅၆) ခုရှိကြောင်း၊ တရုတ်နိုင်ငံနှင့် စပ်ဆက်နေသည့် ရင်းနှီးမြှုပ်နှံမှုအပေါ် အမေရိကန်ပြည်ထောင်စုက ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်သည့်သတင်းကြောင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက် (သောကြာနေ့) မှစတင်၍လက်ရှိအချိန်ထိ ကာလအတွင်း အလီဘာဘာကုမ္ပဏီ၏ စတော့ရှယ်ယာများတန်ဖိုးမှာ ၅% ကျော်နှင့် အခြားတရုတ်ကုမ္ပဏီများ၏ စတော့ရှယ်ယာတန်ဖိုးများမှာ အနည်းဆုံး ၁.၂ % မှ အများဆုံး ၆% အထိ ကျဆင်းခဲ့ကြောင်း၊ တရုတ်စတော့ရှယ်ယာများ တန်ဖိုးကျဆင်းသည့်နည်းတူ တရုတ်ယွမ်ငွေတန်ဖိုးမှာလည်း ၀.၁၄% ကျဆင်းပြီး ရက်သတ္တပတ် (၃) ပတ်အတွင်း အနိမ့်ဆုံးဖြစ်သည့် အမေရိကန်တစ်ဒေါ်လာလျှင် တရုတ်ယွမ်ငွေ ၇.၁၅ ယွမ်လှဲလယ်မှုနှုန်းသို့ ရောက်ရှိခဲ့ကြောင်း www.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

မလေးရှားအစိုးရသည် ပြည်ပသို့စားအုန်းဆီတင်ပို့မှုအပေါ် ပို့ကုန်ခွန်ကင်းလွတ်ခွင့်ပေးခဲ့ခြင်းနှင့် စားအုန်းဆီနှင့်ပြိုင်ဘက်ဖြစ်သော ပဲပိစပ်ဆီဈေးနှုန်းအား ပျော့နေခြင်းတို့ကြောင့် မလေးရှားစားအုန်းဆီဈေးနှုန်းမှာ ၁% နီးပါးကျဆင်းခဲ့

မလေးရှားအစိုးရသည် ပြည်ပသို့ စားအုန်းဆီတင်ပို့မှုအပေါ် ပို့ကုန်ခွန်ကင်းလွတ်ခွင့်ပေးခဲ့ခြင်းနှင့် စားအုန်းဆီနှင့်ပြိုင်ဘက်ဖြစ်သော ပဲပိစပ်ဆီဈေးနှုန်းအား ပျော့နေခြင်းတို့ကြောင့် မလေးရှားစားအုန်းဆီဈေးနှုန်းမှာ ၁% နီးပါးကျဆင်းခဲ့

မလေးရှားအစိုးရသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလမှစ၍ စားအုန်းဆီပို့ကုန်ခွန်အား ၀% ၌ သတ်မှတ်ထားခဲ့သည့်အပြင် လာမည့်အောက်တိုဘာလတွင်လည်း စားအုန်းဆီပို့ကုန်ခွန်အားပြောင်းလဲခြင်းမရှိဘဲ ၀% ၌သာဆက်လက်ထားရှိသွားမည်ဟု ယခုရက်ပိုင်းအတွင်း ကြေညာခဲ့သည့်အတွက် မလေးရှားဈေးကွက်တွင် စားအုန်းဆီဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

ထို့ပြင် တရုတ်နိုင်ငံဒါလျန်းဈေးကွက်၌ စားအုန်းဆီနှင့်ပြိုင်ဘက်ဖြစ်သော ပဲပိစပ်ဆီဈေးနှုန်းကျဆင်းနေခြင်းနှင့် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများကျဆင်းနေသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် ဇီဝလောင်စာဆီအဖြစ် စားအုန်းဆီကို အသုံးပြုမည့်အစားရေနံကိုပြောင်းလဲသုံးစွဲနေခြင်းအစရှိသည့် အချက်များသည်လည်း စားအုန်ဆီဈေးနှုန်းကို ကျဆင်းစေသည့် အခြားအချက်များဖြစ်ကြောင်းသိရှိရပါသည်။          

၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက် (သောကြာနေ့) နံနက်ပိုင်းတွင် မလေးရှားစားအုန်းဆီဈေးကွက်၌ စားအုန်းဆီကြိုတင်ရောင်းဝယ်မှုဈေးနှုန်းမှာ ၀.၈% ကျဆင်းပြီးတစ်တန်လျှင် မလေးရှားရင်းဂစ်ငွေ ၂၁၅၁ (အမေရိကန်ဒေါ်လာ ၅၁၄ ခန့်) သို့ ရောက်ရှိခဲ့ကြောင်း၊ မလေးရှားစားအုန်းဆီဈေးနှုန်းသည် ယခုရက်သတ္တပတ်အတွင်း ၃.၃% ခန့် ကျဆင်းခဲ့ကြောင်း www.sg.news.yahoo.comအင်တာနက် website တွင် ဖော်ပြပါရှိပါသည်။