အမေရိကန်ပြည်​ထောင်စု၏ GDP ဆိုင်ရာအချက်အလက်များထွက်ရှိလာခြင်းနှင့် အိန္ဒိယနိုင်ငံ၏ ရွှေဝယ်လိုအားတို့ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာရက်သတ္တပတ် (၁) ပတ်အတွင်းအမြင့်ဆုံးသို့ရောက်ရှိခဲ့မှု

အစိုးရက ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ၂၀၁၉ ခုနှစ်၊ ပထမ (၃) လ ပတ်ဆိုင်ရာစီးပွားရေးအချက်အလက်များ၌ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (GDP) တိုးတက်မှုနှုန်းမှာ ၃.၂% ခန့်ရှိသော်လည်း ကုန်သွယ်ရေးကိစ္စများတွင် လိုငွေပြမှုများ ဖြစ်ပေါ်နေပြီး မရောင်းချရသည့် စက်မှုထုတ်ကုန် လက်ကျန်ပမာဏမှာလည်း ၂၀၁၅ ခုနှစ်နောက်ပိုင်း (၄) နှစ်တာကာလအတွင်း အများဆုံးအနေအထားသို့ ရောက်ရှိနေကြောင်း ဖော်ပြထားသည့်အတွက် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးအခြေအနေအပေါ် စိုးရိမ်ပူပန်မှုများနှင့်အတူ အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာရက်သတ္တပတ် (၁) ပတ်အတွင်းအမြင့်ဆုံးသို့ရောက်ရှိသွားခဲ့ကြောင်းသိရှိရပါသည်။

          ထို့ပြင် ကမ္ဘာပေါ်၌ ရွှေဝယ်လိုအားအများဆုံးနိုင်ငံတစ်ခုဖြစ်သည့် အိန္ဒိယနိုင်ငံတွင် မေလ (၇) ရက်နေ့တွင်ကျရောက်မည့် ဟိန္ဒူဘာသာဝင်တို့၏  အက်ခ်ရှာရာထရီတီရဘာသာရေးပွဲတော် အကြိုကာလအဖြစ် ယခုရက်ပိုင်းအတွင်း၌ အိန္ဒိယပြည်သူများ၏ ရွှေဝယ်ယူမှုမြင့်တက်လာခြင်းသည်လည်း ကမ္ဘာ့ရွှေဈေးနှုန်းကိုမြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံတွင် ရွှေဝယ်ယူမှုအများဆုံးကာလမှာ နှစ်စဉ် အောက်တိုဘာနှင့် နိုဝင်ဘာလများ၌ ကျရောက်လေ့ရှိသော ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝါလီပွဲတော်အကြိုကာလဖြစ်ပြီး ရွှေဝယ်လိုအား ဒုတိယအများဆုံးကာလမှာယခုရက်ပိုင်းအတွင်း ကျရောက်မည့် အက်ခ်ရှာရာထရီတီရဘာသာရေးပွဲတော်ကာလပင်ဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၉) ရက် (တနင်္လာနေ့) နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ ရွှေလက်ငင်းရောင်းဝယ်မှုဈေးနှုန်းမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၂၈၈.၅၉) အထိဖြစ်ပေါ်ခဲ့ရာ အဆိုပါဈေးနှုန်းသည် ဧပြီလ (၁၆) ရက်နေ့နောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းဖြစ်ကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။