တရုတ်ဗဟိုဘဏ်သည် ယွမ်ငွေစက္ကူအချို့အားအဆင့်မြှင့်တင်၍ အသစ်ရိုက်နှိပ်ထုတ်ဝေရန် စီစဉ်နေမှု

တရုတ်ဗဟိုဘဏ်သည် ယွမ်ငွေစက္ကူအချို့အားအဆင့်မြှင့်တင်၍ အသစ်ရိုက်နှိပ်ထုတ်ဝေရန် စီစဉ်နေပြီး ၂၀၁၉ခုနှစ်၊ သြဂုတ်လ(၃၀)ရက်နေ့တွင် စတင်ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်ဗဟိုဘဏ်၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ(၂၉)ရက်(တနင်္လာနေ့)ရက်စွဲပါ ကြေညာချက်၌ အသစ်ပြင်ဆင်ရိုက်နှိပ်ထုတ်ဝေမည့် ယွမ်ငွေများတွင် ယွမ်ငွေ(၅၀)တန်ငွေစက္ကူ၊ ယွမ်ငွေ(၂၀)တန် ငွေစက္ကူ၊ ယွမ်ငွေ(၁၀)တန်ငွေစက္ကူနှင့် (၁)ယွမ်တန်ငွေစက္ကူများပါဝင်ပြီး ငွေစက္ကူများ သာမက (၁)ယွမ်တန်ဖိုးရှိငွေဒင်္ဂါးပြား၊ (၀.၅)ယွမ်တန်ဖိုးရှိငွေဒင်္ဂါးပြားနှင့်(၀.၁)ယွမ်တန်ဖိုးရှိ ငွေဒင်္ဂါးပြားများလည်း ပါဝင်ကြောင်း၊ အသစ်ထုတ်ဝေမည့်ငွေစက္ကူများတွင် ပိုမိုတောက်ပသောအရောင်များကို ထည့်သွင်း ရိုက်နှိပ်ထားပြီးတုပပြုလုပ်နိုင်ခြင်းမရှိအောင် နည်းပညာသစ်များထည့်သွင်း အသုံးပြုထားသည်ဟု ဖော်ပြထားကြောင်းသိရှိရပါသည်။

တရုတ်ဗဟိုဘဏ်အနေဖြင့် ကျန်ရှိနေသောငွေစက္ကူအမျိုးအစားများအနက် (၅)ယွမ်တန် ငွေစက္ကူကိုပြောင်းလဲထုတ်လုပ်ရန် စီစဉ်လျက်ရှိသော်လည်းလက်ရှိအချိန်၌ နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်မှုများပြုလုပ်ဆဲဖြစ်ကြောင်း၊ (၁၀၀)ယွမ်တန်ငွေစက္ကူမှာမူ ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ တွင် ခေတ်မီနည်းပညာများထည့်သွင်း၍ ထုတ်ဝေခဲ့ပြီးဖြစ်သောကြောင့် ယခုပြင်ဆင်ထုတ်ဝေမည့် ငွေစက္ကူများတွင်ပါဝင်ခြင်းမရှိကြောင်းသိရှိရပါသည်။

တရုတ်ဗဟိုဘဏ်သည် ယွမ်ငွေစက္ကူစတင်ထုတ်ဝေသုံးစွဲသည့်အချိန်မှစ၍ ယခုပြောင်းလဲ ထုတ်ဝေမည့် ငွေစက္ကူများအထိ ငွေစက္ကူများအား ပြင်ဆင်ထုတ်ဝေသည့်အကြိမ် (၅)ကြိမ်ခန့် ရှိပြီဖြစ်ကြောင်း၊ ဗဟိုဘဏ်သည် ယခုအခါ ငွေကြေးအဖွဲ့အစည်းများနှင့်  ကုမ္ပဏီများကိုလည်း အသစ်ပြင်ဆင်ထုတ်ဝေမည့် ငွေစက္ကူများအား စစ်ဆေးလက်ခံသည့်အခါ အသုံးပြုမည့် ငွေရေတွက်စက် များကို လည်းနည်းပညာအပြောင်းအလဲနှင့်အညီအသစ်ပြင်ဆင်ထားရန်ညွှန်ကြားထားကြောင်း www.xinhuanet.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။