တရုတ်-မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံအတွက် လျှပ်စစ် ဓာတ်အားကို(၂၄)နာရီအပြည့် ထောက်ပံ့နိုင်လိမ့်မည်ဟု တရုတ်ကွန်မြူနစ်ပါတီ၏အာဘော် Global Times သတင်းစာကဖော်ပြခဲ့မှု

တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် မြန်မာနိုင်ငံအတွက် လျှပ်စစ်ဓာတ်အားကို ၂၄နာရီအပြည့်ထောက်ပံ့နိုင်လိမ့်မည်ဟု တရုတ်ကွန်မြူနစ်ပါတီ၏အာဘော် Global Times သတင်းစာက ယခုရက်ပိုင်း အတွင်းဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

Global Times သတင်းစာ၏ဖော်ပြချက်၌ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ကျောက်ဖြူမြို့မှစတင်ပြီး ယူနန်ပြည်နယ်အတွင်း၌ အဆုံးသတ်ကာ တရုတ် အစိုးရမှ အကောင်အထည်ဖော်ဆောင်နေသည့် ၂၁ ရာစု ပိုးလမ်းမကြီးစီမံကိန်း(BRI)၏ ရှေ့ပြေး စီမံကိန်းတစ်ခုပင်ဖြစ်ကြောင်း၊ အဆိုပါပိုက်လိုင်းစီမံကိန်း သည် တရုတ်-အာရှအလယ်ပိုင်းဒေသ ရေနံပိုက်လိုင်းစီမံကိန်း၊ တရုတ်-ရုရှား ရေနံပိုက်လိုင်းစီမံကိန်းနှင့်တရုတ်-အရှေ့အလယ်ပိုင်းဒေသ ရေနံပိုက်လိုင်းစီမံကိန်းတို့၏နောက်မှနေ၍ တရုတ်နိုင်ငံအတွင်းသို့ စွမ်းအင်အများအပြား တင်သွင်း နေသည့် စတုတ္ထမြောက်လမ်းကြောင်းအဖြစ်ရပ်တည်နေပြီး တရုတ်နိုင်ငံအတွက် စွမ်းအင် လုံလောက်စွာရရှိရေးနှင့် လုံခြုံမှုတို့အတွက် မဟာဗျူဟာကျသောအခြေအနေတစ်ရပ်၌ ရပ်တည်နေသည်ဟု ရေးသားထားကြောင်း သိရှိရပါသည်။

Global Times သတင်းစာက ဆက်လက်ဖော်ပြရာ၌ တရုတ်-မြန်မာရေနံပိုက်လိုင်း စီမံကိန်းတွင် အရှည်(၇၇၁)ကီလိုမီတာခန့်ရှိသော တရုတ်-မြန်မာ ရေနံပိုက်လိုင်းနှင့် အရှည်(၇၉၃) ကီလိုမီတာခန့်ရှိသော သဘာဝဓာတ်ငွေ့ပိုက်လိုင်းတို့ပါဝင်ကြောင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ကုဗမီတာ(၁၂)ဘီလီယံခန့်ကို တရုတ်နိုင်ငံအတွင်းသို့ ပို့ဆောင် ပေးလျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် ကျောက်ဖြူမြို့၏လျှပ်စစ်ဓာတ်အား ကဏ္ဍအတွက် တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ကုဗမီတာပေါင်း (၆၀၂,၇၀၀)ခန့်ထောက်ပံ့လျက်ရှိသည့်အတွက် ကျောက်ဖြူမြို့သည် ယခင်က တစ်နေ့လျှင် (၃)နာရီခန့်သာရရှိနေရာမှ ယခုအခါ(၂၄)နာရီအပြည့် ဓာတ်အားရရှိနေပြီဖြစ်ပြီး ရခိုင်ပြည်နယ်တွင် (၂၄)နာရီဓာတ်အားအပြည့်ရရှိသည့် ပထမဆုံးသောမြို့အဖြစ်ရပ်တည်နေကြောင်း၊ မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်မှုရရှိရေးနှင့် ပြည်သူများ၏ လူမှုဘဝနေထိုင်မှုအဆင့်အတန်းမီရေးတို့အတွက် လျှပ်စစ်ဓာတ်အားများထုတ်လုပ်ရန် တစ်နှစ်လျှင် အနည်းဆုံး ရေနံတန်ချိန်(၂)သန်း သို့မဟုတ် သဘာဝဓာတ်ငွေ့ကုဗမီတာ(၂)ဘီလီယံခန့်လိုအပ်လျက်ရှိရာ အဆိုပါပမာဏသည် တရုတ်နိုင်ငံသို့ နှစ်စဉ်ပေးပို့နေသည့် သဘာဝဓာတ်ငွေ့ကုဗမီတာ(၁၂) ဘီလီယံနှင့်နှိုင်းယှဉ်ပါက ၂၀% မျှသာ ရှိသောကြောင့် မြန်မာနိုင်ငံအတွက်လိုအပ်နေသည့်စွမ်းအင်ကို  တရုတ်-မြန်မာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းက ကောင်းစွာထောက်ပံ့နိုင်စွမ်းရှိသည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

Global Times သတင်းစာ၏နိဂုံးပိုင်း၌ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ အစီရင်ခံစာ၌လည်း မြန်မာနိုင်ငံကို စီးပွားရေးတိုးတက်မှုအမြန်ဆုံးရရှိနိုင်သည့် နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ထားကြောင်း၊ တရုတ်-မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းသည် လက်ရှိအချိန်၌ မြန်မာနိုင်ငံကြုံတွေ့ နေရသော စီးပွားရေးကျဆင်းမှုပြဿနာများကို ဖြေရှင်းပေးနိုင်ပြီး နိုင်ငံခြားငွေ အမြောက်အများ ဝင်ရောက်ကာ ADB က ခန့်မှန်းထားသကဲ့သို့ စီးပွားရေးတိုးတက်မှုအမြန်ဆုံးရရှိသော နိုင်ငံဖြစ်လာစေရေးအတွက် အထောက်အကူပေးနိုင်လိမ့်မည်ဟု ရေးသားထားကြောင်း www.globaltimes.com အင်တာနက် website ဖော်ပြပါရှိပါသည်။