တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်ကဏ္ဍကျဆင်းမှုကြောင့် တောင်ကိုရီးယားဝမ်ငွေတန်ဖိုးမှာ ဆက်တိုက်ကျဆင်းလျက်ရှိမှု

၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း၌ တောင်ကိုရီးယားနိုင်ငံ၏ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုမှာ ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂% ခန့်ကျဆင်းခဲ့ပြီး တောင်ကိုရီးယားနိုင်ငံအတွက် ဝင်ငွေရရှိမှုကို အဓိကပံ့ပိုးပေးနေသော မော်တော်ကား ထုတ်လုပ်သည့်ကဏ္ဍ၊ သင်္ဘောတည် ဆောက်သည့်ကဏ္ဍနှင့် အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်သည့်ကဏ္ဍာများတွင်လည်း ကျဆင်းမှုများ ကြုံတွေ့နေရကြောင်း၊ တောင်ကိုရီးယားအစိုးရသည် ဘဏ္ဍာရေးအကျပ်အတည်း ကြုံတွေ့နေရသောကြောင့် တောင်ကိုရီးယားဝမ်ငွေ ၆.၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၈ ဘီလီယံ) ခန့်ကိုအပိုဆောင်းအသုံးစရိတ်အဖြစ် သုံးစွဲခွင့်ပြုပါရန် လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်း၌ တောင်ကိုရီးယားလွှတ်တော်ထံမှ အတည်ပြုချက်တောင်းခံထားသော်လည်း လွှတ်တော်၌ ဆွေးနွေးနေဆဲဖြစ်သောကြောင့် ကြန့်ကြာလျက်ရှိကြောင်း၊ တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် ဘဏ္ဍာရေးလိုငွေပြမှုများကြောင့် တောင်ကိုရီးယားဝမ်ငွေတန်ဖိုးမှာ ဆက်တိုက် ကျဆင်းလျက်ရှိကြောင်းသိရှိရပါသည်။

တောင်ကိုရီးယားဝမ်ငွေတန်ဖိုးသည် ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း၌ ၂.၈% အထိ ကျဆင်းခဲ့ရာကမ္ဘာ့ငွေကြေးများအနက် အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ရာတွင် တန်ဖိုးအကျဆုံးငွေကြေးအဖြစ် သို့ရောက်ရှိခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ မေလ(၂) ရက်(ကြာသပတေးနေ့) နံနက်ပိုင်းဈေးကွက်ဖွင့်ချိန်တွင် နိုင်ငံတကာငွေကြေးဈေးကွက်၌ အမေရိကန်တစ်ဒေါ်လာလျှင် (၁၁၆၅.၇၀) ဝမ်လဲလှယ်မှုနှုန်းခန့် ဖြစ်ပေါ်ခဲ့ကြောင်း၊ ဈေးကွက်သုတေသီများ၏ ခန့်မှန်းချက်အရတောင်ကိုရီးယားဗဟိုဘဏ်သည် စီးပွားရေးကျဆင်းမှုကို ကုစားနိုင်ရန်အတွက် ဘဏ်တိုးနှုန်းကိုလာမည့် ဇူလိုင်လအတွင်း၌ လျှော့ချ ဖွယ်ရှိရာဘဏ်တိုးနှုန်းလျှော့ချမည်ဆိုပါက ဝမ်ငွေတန်ဖိုးမှာ ဆက်လက်ကျဆင်းဖွယ်ရှိပြီး အမေရိကန်တစ်ဒေါ်လာလျှင် ဝမ်ငွေ (၁၂၀၀) ဝန်းကျင်ခန့်အထိ ရောက်ရှိသွားလိမ့်မည်ဟုသိရှိရကြောင်း www. bloomberg.com အင်တာနက် websiteတွင် ဖော်ပြပါရှိပါသည်။