ဥရောပသမဂ္ဂဗဟိုဘဏ်အစည်းအဝေးဂယက်ကြောင့်ယူရိုငွေတန်ဖိုးမှာနှစ်လအတွင်းအနိမ့်ဆုံးကျဆင်းသွားပြီးဗြိတိန်ဝန်ကြီးချုပ်အဖြစ် ဘောရစ်ဂျွန်ဆင်တာဝန်ယူမည့်ဂယက်ကြောင့်စတာလင်ပေါင်တန်ဖိုးမှာနှစ်နှစ်တာအတွင်းအနိမ့်ဆုံးကျဆင်းခဲ့မှု

ဥရောပသမဂ္ဂဗဟိုဘဏ် (ECB) ၏ငွေကြေးမူဝါဒအစည်းအဝေးကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့တွင် ကျင်းပရန်စီစဉ်ထားရာအဆိုပါအစည်းအဝေးတွင် ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှုနှင့် ဥရောပနိုင်ငံများ၏ စီးပွားရေးကျဆင်းနေမှုများကိုဖြေရှင်းနိုင်ရန်အတွက် ဘဏ်တိုးနှုန်းကို ၀.၁၀% လျှော့ချလိမ့်မည်ဟု သတင်းများထွက်ပေါ်လျက်ရှိသောကြောင့် ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၂၄) ရက် (ဗုဒ္ဓဟူးနေ့) တွင် ကမ္ဘာ့ငွေကြေးစေျးကွက်အတွင်း၌ယူရိုတန်ဖိုးမှာ ၀.၀၅% ကျဆင်းခဲ့ပြီး တစ်ယူရိုလျှင် အမေရိကန်ဒေါ်လာ(၁.၁၁၄၃) ဒေါ်လာလဲလှယ်မှုနှုန်းသို့ရောက်ရှိခဲ့ရာမေလ (၃၁) ရက်နေ့နောက်ပိုင်းနှစ်လတာကာလအတွင်းယူရိုငွေတန်ဖိုးအနိမ့်ဆုံးအနေအထားပင်ဖြစ်ကြောင်းသိရှိရပါသည်။

         ယူရိုငွေတန်ဖိုးကျဆင်းနေချိန်တွင် ဗြိတိန်နိုင်ငံ၌လည်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်ကဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်တော့မည့်ဂယက်ကြောင့် ဗြိတိန်စတာလင်ပေါင်တန်ဖိုးမှာနှစ်နှစ်အတွင်းအနိမ့်ဆုံးသို့ ကျဆင်းသွားခဲ့ကြောင်း၊ ဘောရစ်ဂျွန်ဆင်သည်  ဥရောပသမဂ္ဂမှ ဗြိတိန်နိုင်ငံခွဲထွက်ရေးနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသောပြဿနာများကို ဖြေရှင်းနိုင်စွမ်းမရှိသောကြောင့်ဗြိတိန်နိုင်ငံအနေဖြင့် အကျပ်အတည်းများစွာကြုံတွေ့ရဖွယ်ရှိသည်ဟူသော ခန့်မှန်းချက်များ ထွက်ပေါ်နေသည့်အတွက် စတာလင်ပေါင်တန်ဖိုးမှာ ဆက်တိုက်ကျဆင်းခဲ့ကြောင်း၊ စတာလင်ပေါင်တန်ဖိုးသည် ၂၀၁၉ခုနှစ်၊ ဇူလိုင်လ(၂၄)ရက် (ဗုဒ္ဓဟူးနေ့) တွင် မူနှစ်နှစ်တာကာလအတွင်း အနိမ့်ဆုံးဖြစ်သည့် စတာလင်ပေါင်တစ်ပေါင်လျှင် အမေရိကန်ဒေါ်လာ (၁.၂၃၈၂) ဒေါ်လာလဲလှယ်မှုနှုန်းထိကျဆင်း သွားခဲ့ကြောင်းwww.cnbc.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

မှတ်ချက်။ ဥရောပသမဂ္ဂဗဟိုဘဏ်၏လက်ရှိဘဏ်တိုးနှုန်းမှာ (၀.၀၀%)ဖြစ်ပြီးလာမည့်အစည်းအဝေးတွင်ဘဏ်တိုးနှုန်းများကို (၀.၁၀%)လျော့ချမည်ဆိုပါကဖြစ်ပေါ်လာမည့်ဘဏ်တိုးနှုန်းမှာအနှုတ်(၀.၁၀%)ဖြစ်ပါသည်။