ပါရှန်ပင်လယ်ကွေ့၌ ဥရောပနိုင်ငံစုံပါဝင်သော ညွန့်ပေါင်းရေတပ်ဖွဲ့ထားရှိကာ ရေနံတင်သင်္ဘောများအားအကာအကွယ်ပေးရန်အတွက် ဗြိတိန်နိုင်ငံကစီစဉ်နေမှု

ပါရှန်ပင်လယ်ကွေ့အတွင်းရှိဟော်မို့စ်ရေလက်ကြား၌ ဗြိတိန်ရေနံတင်သင်္ဘောတစ်စီးအား အီရန်ရေတပ်ကဖမ်းဆီးခဲ့ပြီးနောက်တွင် ဗြိတိန်နိုင်ငံသည် ပါရှန်ပင်လယ်ကွေ့၌ ဥရောပနိုင်ငံများမှ ရေတပ်သင်္ဘောများပါဝင်သည့် ညွန့်ပေါင်းရေတပ်ဖွဲ့တစ်ခုထားရှိကာ ရေနံတင်သင်္ဘောများကိုအကာအကွယ်ပေးရန်စီစဉ်နေကြောင်း၊ ဥရောပသမဂ္ဂကလည်း ဗြိတိန်ရေနံတင်သင်္ဘောဖမ်းဆီးခံရသည့် ကိစ္စနှင့်ပတ်သက်၍ အလွန်အမင်းစိုးရိမ်ပူပန်မိသည်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ အလားတူအမေရိကန်ပြည်ထောင်စုသည် ပါရှန်ပင်လယ်ကွေ့အတွင်း၌ လုံခြုံရေးအစီအမံများတိုးမြှင့်ပြုလုပ်သွားရန် စီစဉ်နေကြောင်းသိရှိရပါသည်။

          ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဂျရမီဟန့်သည် ၂၀၁၉ခုနှစ် ၊ ဇူလိုင်လ (၂၂) ရက် (တနင်္လာနေ့) တွင် ကျင်းပခဲ့သည့်  ဗြိတိန်အစိုးရအဖွဲ့အရေးပေါ်အစည်းအဝေးအပြီး၌ ပါရှန်ပင်လယ်ကွေ့အတွင်းအီရန် တပ်ဖွဲ့များ၏လုပ်ရပ်အပေါ် ပြင်းထန်စွာပြစ်တင်ရှုံ့ချခဲ့ပြီး ဥရောပနိုင်ငံပေါင်းစုံရေတပ်ဖွဲ့ထားရှိမည့် ကိစ္စကို အမြန်ဆုံးလုပ်ဆောင်သွားမည်ဟု ကြေညာခဲ့ကြောင်း၊ လက်ရှိအချိန်၌ ပါရှန်ပင်လယ်ကွေ့တွင် ဗြိတိန်ရေတပ်စစ်သင်္ဘောတစ်စီး နေရာယူထားပြီးဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံသည် ယခုအခါ ပါရှန် ပင်လယ်ကွေ့အတွင်းသို့ ဒုတိယမြောက်စစ်သင်္ဘောတစ်စီးကိုစေလွှတ်ခဲ့ရာယင်းစစ်သင်္ဘောသည် ဇူလိုင်လ (၂၉) ရက်တွင် ပါရှန်ပင်လယ်ကွေ့အတွင်းသို့ ရောက်ရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။

          ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသည် ဥရောပညွန့်ပေါင်းရေတပ်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့မှနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း၊ ဗြိတိန်နိုင်ငံတွင် လက်ရှိဝန်ကြီးချုပ်ထရီဇာမေမှာဇူလိုင်လ (၂၄) ရက်တွင် ရာထူးမှနုတ်ထွက်မည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဟောင်းဘောရစ်ဂျွန်ဆင်က ဝန်ကြီးချုပ်အဖြစ်တာဝန်ရယူမည့် အလွှဲအပြောင်းကာလဖြစ်သောကြောင့် အီရန်နိုင်ငံအပေါ်အရေးယူမည့်ကိစ္စကို ယခုရက်ပိုင်းအတွင်းမဆုံးဖြတ်နိုင်သေးကြောင်း သိရှိရပါသည်။

          လက်ရှိအချိန်၌ ရေနံတင်သင်္ဘောကုမ္ပဏီများသည် ဟော်မို့စ်ရေလက်ကြားကို ဖြတ်သန်းမည့် ရေနံတင်သင်္ဘောများ၌ ပုဂ္ဂလိကလုံခြုံရေးအစောင့်များထည့်သွင်းသွားရန် စီစဉ်လျက်ရှိပြီး နိုင်ငံတကာကုန်သွယ်ရေကြောင်းအဖွဲ့အစည်းများကလည်း ရေနံတင် သင်္ဘောများအနေဖြင့် ပါရှန်ပင်လယ်ကွေ့ အတွင်းသို့မဝင်မီပင်လယ်ကွေ့အတွင်းရှိ ဗြိတိန်ရေတပ်စစ်သင်္ဘောထံသို့ သတင်းပို့ရန်နှင့် ဗြိတိန် ရေတပ်ကစီစဉ်ပေးထားသောခရီး တစ်ထောက်ရပ်နားရမည့်အစီအစဉ်အတိုင်းပင်လယ်ကွေ့အဝင်ဝ၌ (၂၄) နာရီမှ (၄၈) နာရီအထိခေတ္တရပ်နားပြီးပင်လယ်ကွေ့အတွင်းဘေးအန္တရယ်ကင်းရှင်းကြောင်းအကြောင်းကြားချက်ရရှိမှသာ ပါရှန်ပင်လယ်ကွေ့ကို ဖြတ်သန်းရန်ညွှန်ကြားထားကြောင်း www.channelnewsasia.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။