၂၀၁၉ခုနှစ်၊ပထမ (၆) လတာကာလအတွင်းမြန်မာ – တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ရေနံစိမ်းတန်ချိန် (၅) သန်းနှင့်သဘာဝဓာတ်ငွေ့တန်ချိန် (၁.၆၈) သန်းတင်သွင်းနိုင်ခဲ့သည်ဟု တရုတ်အာဏာပိုင်များကကြေညာခဲ့မှု

ယူနန်ပြည်နယ်၊ ကူမင်းအကောက်ခွန်ဌာနက၂၀၁၉ခုနှစ်၊ဇူလိုင်လ (၂၁) ရက် (တနင်္ဂနွေနေ့) တွင်ထုတ်ပြန်သည့်စာရင်းအချက်အလက်များ၌ ၂၀၁၉ခုနှစ်၊ပထမ (၆) လတာကာလအတွင်း မြန်မာ-တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံအတွင်းသို့ရေနံစိမ်းတန်ချိန်(၅) သန်းခန့်တင်သွင်းနိုင်ခဲ့ရာ ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက၂.၇% မြင့်တက်လာခဲ့ကြောင်း၊ ရေနံများ၏တန်ဖိုးပမာဏမှာတရုတ်ယွမ်ငွေ ၁၇.၂၇ ဘီလီယံ (အမေရိကန်ဒေါ်လာ၂.၅၁ဘီလီယံ)ခန့်ဖြစ်သောကြောင့်ယမန်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက၉.၂% ခန့်မြင့်တက်လာခဲ့ကြောင်း၊ရေနံစိမ်းတစ်တန်လျှင်ပျမ်းမျှအားဖြင့် (၃၄၄၃.၈) ယွမ်ခန့်စေျးနှုန်းကျသင့်သည့်အတွက် ယမန်နှစ်အလားတူကာလအတွင်း ကျသင့်ခဲ့သည့်စေျးနှုန်းနှင့်နှိုင်းယှဉ်ပါက ၆.၄% ခန့်မြင့်တက်လာသည်ဟု ဖော်ပြထားကြောင်းသိရှိရပါသည်။

ကူမင်းအကောက်ခွန်ဌာန၏စာရင်းအချက်အလက်များတွင် ဆက်လက်ဖော်ပြထားရာ၌ ၂၀၁၉ခုနှစ်၊ပထမ (၆) လတာကာလအတွင်း မြန်မာ – တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှတစ်ဆင့်တရုတ်နိုင်ငံအတွင်းသို့ တင်သွင်းခဲ့သည့် သဘာဝဓာတ်ငွေ့ပမာဏမှာတန်ချိန်၁.၆၈ သန်းခန့်ရှိသည့်အတွက် ယမန်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက၂.၃ % ကျဆင်းသွားခဲ့ကြောင်း၊အဆိုပါသဘာဝဓာတ်ငွေ့များ၏တန်ဖိုးပမာဏမှာ ယွမ်ငွေ၅.၈၉ ဘီလီယံ (အမေရိကန်ဒေါ်လာ၈၀၀သန်းကျော်) ဖြစ်သည့်အတွက် ယမန်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက တန်ဖိုးပမာဏမှာ ၁၁.၇% မြင့်တက်လာခဲ့ကြောင်း၊ သဘာဝဓာတ်ငွေ့တစ်တန်ချင်းစီ၏ပျမ်းမျှစေျးနှုန်းမှာ (၃၄၉၉.၂) ယွမ်ဖြစ်သည့်အတွက်ယမန်နှစ်စေျးနှုန်းနှင့်နှိုင်းယှဉ်ပါက ၁၄.၄% မြင့်တက်လာခဲ့သည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

          မြန်မာ-တရုတ်ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ (၁၄၂၀) ကီလိုမီတာခန့်ရှည်လျားပြီးအဆိုပါပိုက်လိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့သဘာဝဓာတ်ငွေ့ပေးပို့မှုများကို၂၀၁၃ခုနှစ်၊ဇူလိုင်လတွင်စတင်ပြုလုပ်ခဲ့ပြီး ရေနံပေးပို့မှုများကို၂၀၁၇ခုနှစ်၌ စတင်ပြုလုပ်ခဲ့ကြောင်း၊ပိုက်လိုင်းစတင်ဖွင့်လှစ်သည့်အချိန်မှစ၍ လက်ရှိအချိန်ထိကာလအတွင်း တရုတ်နိုင်ငံအတွင်းသို့ရေနံစိမ်းတန်ချိန် (၁၉) သန်းနှင့်သဘာဝဓာတ်ငွေ့တန်ချိန် (၁၃.၄၄) သန်းပေးပို့ခဲ့ကြောင်းwww.xinhuanet.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

(မှတ်ချက်။လက်ရှိအချိန်၌တရုတ်နိုင်ငံ၏ရေနံသုံးစွဲမှုမှာတစ်နှစ်လျှင်ပျမ်းမျှအားဖြင့်တန်ချိန်(၆၄၁.၂) သန်းခန့်ရှိပြီးသဘာဝဓာတ်ငွေ့သုံးစွဲမှုမှာတစ်နှစ်လျှင်တန်ချိန်(၁၉၀)သန်းခန့်ရှိကြောင်း၊တရုတ်နိုင်ငံ၏ပြည်ပမှရေနံတင်သွင်းမှုမှာတစ်နှစ်လျှင်တန်ချိန်(၄၆၀)သန်းခန့်ရှိပြီးသဘာဝဓာတ်ငွေ့တင်သွင်းမှုမှာတစ်နှစ်လျှင်တန်ချိန် (၉၀.၃၉)သန်းခန့်ရှိကြောင်း)