ဟော်မို့စ်ရေလက်ကြားတွင် အီရန်မောင်းသူမဲ့လေယာဉ်အား အမေရိကန်ရေတပ်ကပစ်ချခဲ့ခြင်းနှင့် ဗြိတိန် ရေနံတင်သင်္ဘောတစ်စီးအား အီရန်ရေတပ်ကဖမ်းဆီးခဲ့ခြင်းတို့ကြောင့် ကမ္ဘာ့ရေနံစေျးနှုန်းများ မြင့်တက်သွားခဲ့မှု

          အမေရိကန်ရေတပ်မှ စစ်သင်္ဘောတစ်စီးသည် ဟော်မို့စ်ရေလက်ကြားအတွင်း၌ ပျံသန်းနေသည့် အီရန်တပ်မတော်ပိုင် မောင်းသူမဲ့လေယာဉ်တစ်စီးကို ၂၀၁၉ ခုနှစ် ၊ ဇူလိုင်လ(၁၈)ရက်နေ့တွင် ပစ်ချခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စု၏ ကြေညာချက်၌ ပါရှန်ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘောများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လိုအပ်သလိုအရေးယူဆောင်ရွက်သွားမည်ဟု ကြေညာထားပြီး ဗြိတိန်အစိုးရကလည်း ပါရှန်ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘောများ၏ လုံခြုံရေးကို ကာကွယ်ပေးမည်ဟု ကြေညာခဲ့ကြောင်း၊ ဗြိတိန်အစိုးရ၏ ကြေညာချက်ထွက်ပေါ်ပြီးနောက် ဇူလိုင်လ(၁၉)ရက် (သောကြာနေ့)တွင် ဟော်မို့စ်ရေလက်ကြားအတွင်း မောင်းနှင်းနေသည့် ဗြိတိန်ရေနံတင် သင်္ဘောတစ်စီးအား အီရန်ရေတပ်က ဖမ်းဆီးခဲ့သည့်အတွက် အီရန်နိုင်ငံနှင့်အနောက်နိုင်ငံများအကြား တင်းမာမှုပိုမိုမြင့်တက်လာပြီး အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေအပေါ် စိုးရိမ် ပူပန်မှုများနှင့်အတူ ကမ္ဘာ့ရေနံစေျးနှုန်းများမြင့်တက်သွားခဲ့ကြောင်းသိရှိရပါသည်။

          ထို့အပြင် အမေရိကန်ဗဟိုဘဏ်အနေဖြင့် စီးပွားရေးကို အထောက်အကူဖြစ်စေရန်အတွက် ဘဏ်တိုးနှုန်းကို လျှော့ချ၍ အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းစေရန် လုပ်ဆောင်မည့်သတင်းများ ထွက်ပေါ်နေခြင်းသည်လည်း ရေနံစေျးနှုန်းများကိုမြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်(စနေနေ့)တွင် နယူယောက်စေျးကွက်၌ WTI ရေနံစိမ်း တစ်စည်၏ စေျးနှုန်းမှာ (၀.၆)% မြင့်တက်ပြီး တစ်စည်လျှင်အမေရိကန်ဒေါ်လာ(၅၅.၆၃)ဖြင့်လည်းကောင်း၊ ဘရန့်ရေနံစိမ်းတစ်စည်၏စေျးနှုန်းမှာ (၀.၆)% မြင့်တက်ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၂.၅၉)ဖြင့်လည်းကောင်း အသီးသီးစေျးပိတ်သွားခဲ့ကြောင်း www.cnbc.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။