ဟော်မို့စ်ရေလက်ကြားတွင် အီရန်မောင်းသူမဲ့လေယာဉ်အား အမေရိကန်ရေတပ်ကပစ်ချခဲ့ခြင်းနှင့် ဗြိတိန် ရေနံတင်သင်္ဘောတစ်စီးအား အီရန်ရေတပ်ကဖမ်းဆီးခဲ့ခြင်းတို့ကြောင့် ကမ္ဘာ့ရေနံစေျးနှုန်းများ မြင့်တက်သွားခဲ့မှု

ဟော်မို့စ်ရေလက်ကြားတွင် အီရန်မောင်းသူမဲ့လေယာဉ်အား အမေရိကန်ရေတပ်ကပစ်ချခဲ့ခြင်းနှင့် ဗြိတိန် ရေနံတင်သင်္ဘောတစ်စီးအား အီရန်ရေတပ်ကဖမ်းဆီးခဲ့ခြင်းတို့ကြောင့် ကမ္ဘာ့ရေနံစေျးနှုန်းများ မြင့်တက်သွားခဲ့မှု

          အမေရိကန်ရေတပ်မှ စစ်သင်္ဘောတစ်စီးသည် ဟော်မို့စ်ရေလက်ကြားအတွင်း၌ ပျံသန်းနေသည့် အီရန်တပ်မတော်ပိုင် မောင်းသူမဲ့လေယာဉ်တစ်စီးကို ၂၀၁၉ ခုနှစ် ၊ ဇူလိုင်လ(၁၈)ရက်နေ့တွင် ပစ်ချခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စု၏ ကြေညာချက်၌ ပါရှန်ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘောများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် လိုအပ်သလိုအရေးယူဆောင်ရွက်သွားမည်ဟု ကြေညာထားပြီး ဗြိတိန်အစိုးရကလည်း ပါရှန်ပင်လယ်ကွေ့အတွင်း ရေနံတင်သင်္ဘောများ၏ လုံခြုံရေးကို ကာကွယ်ပေးမည်ဟု ကြေညာခဲ့ကြောင်း၊ ဗြိတိန်အစိုးရ၏ ကြေညာချက်ထွက်ပေါ်ပြီးနောက် ဇူလိုင်လ(၁၉)ရက် (သောကြာနေ့)တွင် ဟော်မို့စ်ရေလက်ကြားအတွင်း မောင်းနှင်းနေသည့် ဗြိတိန်ရေနံတင် သင်္ဘောတစ်စီးအား အီရန်ရေတပ်က ဖမ်းဆီးခဲ့သည့်အတွက် အီရန်နိုင်ငံနှင့်အနောက်နိုင်ငံများအကြား တင်းမာမှုပိုမိုမြင့်တက်လာပြီး အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေးအခြေအနေအပေါ် စိုးရိမ် ပူပန်မှုများနှင့်အတူ ကမ္ဘာ့ရေနံစေျးနှုန်းများမြင့်တက်သွားခဲ့ကြောင်းသိရှိရပါသည်။

          ထို့အပြင် အမေရိကန်ဗဟိုဘဏ်အနေဖြင့် စီးပွားရေးကို အထောက်အကူဖြစ်စေရန်အတွက် ဘဏ်တိုးနှုန်းကို လျှော့ချ၍ အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းစေရန် လုပ်ဆောင်မည့်သတင်းများ ထွက်ပေါ်နေခြင်းသည်လည်း ရေနံစေျးနှုန်းများကိုမြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်(စနေနေ့)တွင် နယူယောက်စေျးကွက်၌ WTI ရေနံစိမ်း တစ်စည်၏ စေျးနှုန်းမှာ (၀.၆)% မြင့်တက်ပြီး တစ်စည်လျှင်အမေရိကန်ဒေါ်လာ(၅၅.၆၃)ဖြင့်လည်းကောင်း၊ ဘရန့်ရေနံစိမ်းတစ်စည်၏စေျးနှုန်းမှာ (၀.၆)% မြင့်တက်ပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၂.၅၉)ဖြင့်လည်းကောင်း အသီးသီးစေျးပိတ်သွားခဲ့ကြောင်း www.cnbc.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

အမေရိကန်သမ္မတသည် ဘဏ်တိုးနှုန်းအား အခြားအင်အားကြီးနိုင်ငံများ၏ ဘဏ်တိုးနှုန်းများနှင့် ကွာဟခြင်းမရှိအောင်လျှော့ချရန် ဆန္ဒရှိသောကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ အချိန်အတန်ကြာ အားပျော့ဖွယ်ရှိမှု

အမေရိကန်သမ္မတသည် ဘဏ်တိုးနှုန်းအား အခြားအင်အားကြီးနိုင်ငံများ၏ ဘဏ်တိုးနှုန်းများနှင့် ကွာဟခြင်းမရှိအောင်လျှော့ချရန် ဆန္ဒရှိသောကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ အချိန်အတန်ကြာ အားပျော့ဖွယ်ရှိမှု

          လက်ရှိအချိန်၌ အမေရိကန်ပြည်ထောင်စု၏ဘဏ်တိုးနှုန်းနှင့် အခြားစီးပွားရေးအင်အားကြီးနိုင်ငံများ၏  ဘဏ်တိုးနှုန်းများမှာ များစွာကွာဟမှုဖြစ်နေသည့်အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ဘဏ်တိုးနှုန်းကို မဖြစ်မနေလျှော့ချရန် စီစဉ်မည်ဖြစ်ရာ အမေရိကန်ဒေါ်လာတန်ဖိုးမှာ ကာလအတန်ကြာ အားပျော့နေလိမ့်မည်ဟု ကမ္ဘာကျော်ဆွစ်ဇာလန်ဘဏ်လုပ်ငန်းကြီးဖြစ်သည့် Credit Suisse က ယခုရက်ပိုင်းအတွင်း ခန့်မှန်းခဲ့ကြောင်းသိရှိရပါသည်။

          လက်ရှိအမေရိကန်ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းမှာ ၂.၅၀% ဖြစ်နေချိန်တွင် ဥရောပသမဂ္ဂဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းမှာ ၀.၀၀% ၊ အင်္ဂလန်ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းမှာ ၀.၇၅% ၊ ဩစတြေးလျ ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းမှာ ၁% ၊ ကနေဒါဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းမှာ ၁.၇၅% ၊ ဂျပန်ဗဟို ဘဏ်၏ ဘဏ်တိုးနှုန်းမှာ အနုတ် ၀.၁၀% ၊ ဆွစ်ဇာလန်ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းမှာ အနုတ် ၀.၇၅% အသီးသီးဖြစ်ပေါ်လျက်ရှိရာ စက်မှုအင်အားကြီးနိုင်ငံများတွင် အမေရိကန်ပြည်ထောင်စု၏ ဘဏ်တိုးနှုန်းမှာ အများဆုံးဖြစ်နေကြောင်း၊ ဘဏ်တိုးနှုန်းသည် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထား အပေါ်၌ အဓိကသက်ရောက်လျက်ရှိကြောင်း၊ အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးပြန်လည် အားကောင်းစေရန်အတွက် ဘဏ်တိုးနှုန်းကို အခြားအင်အားကြီး နိုင်ငံများနှင့် ကွာဟမှုမရှိအောင် လျှော့ချရန်ဆန္ဒရှိပြီး ဘဏ်တိုးနှုန်းလျှော့ချမှု နောက်ဆက်တွဲဂယက်ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး အားပျော့သွားပါက ကမ္ဘာ့နိုင်ငံများနှင့်ကုန်သွယ်ရေးကဏ္ဍတွင် အမေရိကန် ပြည်ထောင်စုအနေဖြင့် အသာစီးရရှိလိမ့်မည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။

          ထို့ပြင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းစေရန်အတွက် အစိုးရက ငွေကြေးဈေးကွက်အတွင်းသို့ ဝင်ရောက်စွက်ဖက်သည့် နည်းလမ်းမျိုးစုံကို အသုံးပြုနိုင်သည်ဖြစ်ရာ အဆိုပါနည်းလမ်းများတွင် ဗဟိုဘဏ်ရှိ အမေရိကန်ဒေါ်လာ အများအပြားအား ဈေးကွက်အတွင်းသို့ရောင်းချပေးရန် ဗဟိုဘဏ်တာဝန်ရှိသူများအား တောင်းဆိုခြင်း၊ ဘဏ်တိုးနှုန်းကို နိမ့်နိုင်သမျှအနိမ့်ဆုံးအနေအထားသို့ လျှော့ချရန် ဗဟိုဘဏ်တာဝန်ရှိသူများအပေါ် ဖိအားပေးခြင်းနှင့်လူမှုကွန်ရက်များ၊ မိန့်ခွန်းများမှတစ်ဆင့် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းအောင် နှပ်ကြောင်းပေး ပြောဆိုခြင်းအစရှိသည့် နည်းလမ်းများကို အသုံးပြုဖွယ်ရှိကြောင်း၊ ဒေါ်နယ်ထရန့်အနေဖြင့် နောက်ဆုံးစီစဉ်ထားသည့် နည်းလမ်းမှာ ဘဏ်တိုးနှုန်းလျှော့ချရန် စိတ်အားထက်သန်သည့် ငွေကြေးမူဝါဒ ပညာရှင်နှစ်ဦးအား ဗဟိုဘဏ်ကော်မတီအတွင်း၌ တာဝန်ပေးအပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်နှစ်ဦး၏ ပံ့ပိုးမှုကိုရယူ၍ အမေရိကန်ဒေါ်လာတန်ဖိုးကို မကျကျအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

          သမ္မတဒေါ်နယ်ထရန့်သည် လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း Twitter စာမျက်နှာများပေါ်၌ အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံနှင့်ဥရောပသမဂ္ဂတို့အား နမူနာယူ၍ အမေရိကန် ဒေါ်လာ ငွေကြေးတန်ဖိုးအား ဖြစ်သင့်ဖြစ်ထိုက်သည့် အနေအထားအောက်သို့ တမင်နှိမ့်ချထားခြင်းနှင့် အမေရိကန်ဒေါ်လာအများအပြားအား ကမ္ဘာ့ငွေဈေးကွက်အတွင်းသို့ ဖြည့်တင်းပေးခြင်းအစရှိသည့် နည်းလမ်း များကို အသုံးပြုပြီး ကုန်သွယ်ရေးစစ်ပွဲ၌ အနိုင်ရရှိအောင်ဆောင်ရွက်မည်ဟု ကြွေးကြော်ထားသည့်အတွက် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ကာလအတန်ကြာအထိ ကျဆင်းနေ လိမ့်မည်ဟု Credit Suisse က သုံးသပ်ထားကြောင်း  www.poundsterlinglive.com  အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ဝန်ကြီးချုပ် ပရာယုချန်အိုချာဦးဆောင်သည့်ထိုင်းအစိုးရအဖွဲ့အသစ်အား အပြည့်အဝထောက်ခံသွား မည်ဟု ထိုင်းတပ်မတော်ခေါင်းဆောင်များကကြေညာခဲ့မှု

ဝန်ကြီးချုပ် ပရာယုချန်အိုချာဦးဆောင်သည့်ထိုင်းအစိုးရအဖွဲ့အသစ်အား အပြည့်အဝထောက်ခံသွား မည်ဟု ထိုင်းတပ်မတော်ခေါင်းဆောင်များကကြေညာခဲ့မှု

                ထိုင်းတပ်မတော်ခေါင်းဆောင်များသည် ဝန်ကြီးချုပ်ပရာယုချန်အိုချာဦးဆောင်သည့် အစိုးရအဖွဲ့အသစ်အား အပြည့်အဝထောက်ခံသွားမည်ဖြစ်ပြီး ပြဿနာရပ်များကို ဖြေရှင်းရာ၌ အစိုးရမှ ချမှတ်ထားသောမူဝါဒများအတိုင်း လိုက်နာအကောင်အထည်ဖော်သွားမည်ဟု ထိုင်းတပ်မတော်က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁၈)ရက် (ကြာသပတေးနေ့)ကြေညာခဲ့ကြောင်း၊ ထိုင်းတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးပွန်ပီပက်ဘန်ညာဆရီ၊ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အပီရတ်ကောင်စွန်ပေါင်၊ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးယူချိုင်ယူဒစ်၊ လေတပ်ဦးစီးချုပ် ချိုင်ပရူယတ်ဒိုင်စာရာဆာရင်နှင့် ရဲချုပ်ချသစ်ချိုင်ဂျင်ဒါတို့သည် ထိုင်းတပ်မတာ်ဌာနချုပ်၌ အစည်းအဝေးပြုလုပ်အပြီးတွင် ယခုကဲ့သို့ကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

          ထိုင်းတပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ကရစ်ချန်သာယာနီယောင်က ပြောကြားရာ၌ တပ်မတော်အကြီးအကဲများအစည်းအဝေးတွင် လက်ရှိအစိုးရအသစ်၏ လမ်းညွှန်မှုများအတိုင်းလိုက်နာဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ တပ်မတော်သည် တိုင်းပြည်အတွက် အဓိကကျသော အဖွဲ့အစည်းဖြစ်သည်နှင့်အညီ နိုင်ငံတော်၊ ဘာသာရေး၊ ဘုရင်စနစ်နှင့်ပြည်သူပြည်သားများကို ဆက်လက် အကာအကွယ်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ထိုင်းအစိုးရအဖွဲ့သည် ယခုရက်ပိုင်းအတွင်းကျင်းပခဲ့သည့် အစိုးရအဖွဲ့ဝန်ကြီးများ ပထမဆုံးအကြိမ် အစည်းအဝေး၌ အစိုးရအဖွဲ့၏ ပထမသက်တမ်း (၁)နှစ်တာကာလအတွင်း ဆောင်ရွက်ရမည့် မူဝါဒ (၁၂) ခုကို ဆွေးနွေးခဲ့ရာ အဆိုပါမူဝါဒများတွင် ထိုင်းနိုင်ငံတစ်ဝန်း၌ အနိမ့်ဆုံးအခြေခံလုပ်အားခ နှုန်းထားသတ်မှတ်ချက်ကို တစ်နေ့လျှင် ဘတ်(၄၀၀)သို့တိုးမြင့်သတ်မှတ်ရေး၊ ဆေးခြောက်အား ဆေးဝါကုသရေးဆိုင်ရာကိစ္စများတွင် အသုံးပြုနိုင်ရန်အတွက် ဥပဒေဖြေလျော့မှုများပြုလုပ်ပေးခြင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်ပြင်ဆင်ရေးတို့ပါဝင်ကြောင်း၊ အဆိုပါ မူဝါဒများသည် ဝန်ကြီးချုပ် ပရာယုချန်အိုချာအနေဖြင့် ညွှန့်ပေါင်းအစိုးရအဖွဲ့တွင်ပါဝင်သော နိုင်ငံရေးပါတီများ၏တောင်းဆိုမှုကို အခြေခံ၍ မူဝါဒချမှတ်ပေးရခြင်းဖြစ်ကြောင်း  www.bangkokpost.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

အမေရိကန်ဗဟိုဘဏ်ကော်မတီဝင်အများစုက ဘဏ်တိုးနှုန်းကို အများအပြားလျှော့ချရန် စီစဉ်နေ သည်ဟူသော သတင်းများထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ရွှေစေျးနှုန်းမှာ မြင့်တက်လာခဲ့မှု

အမေရိကန်ဗဟိုဘဏ်ကော်မတီဝင်အများစုက ဘဏ်တိုးနှုန်းကို အများအပြားလျှော့ချရန် စီစဉ်နေ သည်ဟူသော သတင်းများထွက်ပေါ်ပြီးနောက်တွင် ကမ္ဘာ့ရွှေစေျးနှုန်းမှာ မြင့်တက်လာခဲ့မှု

အမေရိကန် ဗဟိုဘဏ်သည် ငွေကြေးမူဝါဒဆိုင်ရာအစည်းအဝေးကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လကုန်ပိုင်း၌ ကျင်းပမည်ဖြစ်ရာ အဆိုပါအစည်းအဝေးတွင် ဘဏ်တိုးနှုန်းအား၀.၂၅% သို့မဟုတ် ၀.၅% လျှော့ချဖွယ်ရှိကြောင်း၊ ဗဟိုဘဏ်ကော်မတီဝင်တစ်ဦးဖြစ်သူ နယူးယောက်ဘဏ်ဥက္ကဌ ဂျွန်ဝီလီယံက ဗဟိုဘဏ် ကော်မတီဝင်အများစုသည် အမေရိကန်ပြည်ထောင်စု၏စီးပွားရေးအခြေအနေအပေါ် စိုးရိမ်ပူပန်နေသည့်အတွက် ဘဏ်တိုးနှုန်းကို တတ်နိုင်သမျှအနိမ့်ဆုံးနှုန်းထားသို့ အမြန်ဆုံးလျှော့ချရန် စဉ်းစားနေကြသည်ဟု  ဇူလိုင်လ(၁၈)ရက် (ကြာသပတေးနေ့)တွင် ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်တွင် ကမ္ဘာပေါ်ရှိ သတင်းဌာနများ၏ ကမ္ဘာ့ငွေကြေးစေျးကွက်အတွင်း စစ်တမ်းကောက်ယူမှုများအရ ဗဟိုဘဏ်အနေဖြင့် ဘဏ်တိုးနှုန်းအား ၀.၅% အထိလျှော့ချလိမ့်မည်ဟု ခန့်မှန်းထားသူ များပြားနေသည့်အတွက် ကမ္ဘာ့ရွှေစေျးနှုန်းမှာ မြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

          ထို့ပြင် အမေရိကန်အစိုးရက ဇူလိုင်လ(၁၇)ရက် (ဗုဒ္ဓဟူးနေ့)၌ ယခုရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့သည့် နိုင်ငံတစ်ဝန်းအိမ်ရာဆောက်လုပ်ရေးဆိုင်ရာ စာရင်းအချက်အလက်များ၌ နိုင်ငံတစ်ဝန်း အိမ်ရာဆောက်လုပ်မှုအနေအထားသည် ဇွန်လအတွင်း၌ ၀.၉% ကျဆင်းခဲ့ပြီး အိမ်ရာဆောက်လုပ်ရေး ကဏ္ဍမှာ (၂)နှစ်တာကာလအတွင်း အနိမ့်ဆုံးအနေအထားသို့ ရောက်ရှိနေကြောင်း ဖော်ပြထားခြင်းသည်လည်း အမေရိကန်ဒေါ်လာတန်ဖိုးကို ကျဆင်းစေကာ ကမ္ဘာ့ရွှေစေျးနှုန်းကို အားကောင်းစေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

          ကမ္ဘာ့ရွှေစေျးနှုန်းသည် ယခုရက်သတ္တပတ်အတွင်း၌ ၁% မြင့်တက်ခဲ့ပြီး ဇူလိုင်လ(၁၉)ရက် (သောကြာနေ့)တွင် (၆)နှစ်တာကာလအတွင်း အမြင့်ဆုံးဖြစ်သည့် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၄၃၉.၃၀)အထိ ရောက်ရှိခဲ့ကြောင်း၊ သို့သော်အမြတ်အစွန်းရလိုမှုဖြင့် ပြန်လည်ရောင်းချသူ များပြားခဲ့သည့်အတွက် စေျးအနည်းငယ်ကျဆင်းသွားခဲ့ပြီး ဇူလိုင်လ(၂၀)ရက်(စနေနေ့)နံနက်ပိုင်းတွင် နယူးယောက်စေျးကွက်၌ တစ်အောင်စလျှင်အမေရိကန်ဒေါ်လာ(၁၄၂၅.၇၀)ဝန်းကျင်၌ ဖြစ်ပေါ်လျက် ရှိကြောင်း www.kitco.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

(မှတ်ချက်။ အမေရိကန်ဗဟိုဘဏ်၏ လက်ရှိဘဏ်တိုးနှုန်းမှာ ၂.၅၀ % ဖြစ်ကြောင်း သိရှိရပါသည်။)