အမေရိကန်သမ္မတသည် ဘဏ်တိုးနှုန်းအား အခြားအင်အားကြီးနိုင်ငံများ၏ ဘဏ်တိုးနှုန်းများနှင့် ကွာဟခြင်းမရှိအောင်လျှော့ချရန် ဆန္ဒရှိသောကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ အချိန်အတန်ကြာ အားပျော့ဖွယ်ရှိမှု

          လက်ရှိအချိန်၌ အမေရိကန်ပြည်ထောင်စု၏ဘဏ်တိုးနှုန်းနှင့် အခြားစီးပွားရေးအင်အားကြီးနိုင်ငံများ၏  ဘဏ်တိုးနှုန်းများမှာ များစွာကွာဟမှုဖြစ်နေသည့်အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် ဘဏ်တိုးနှုန်းကို မဖြစ်မနေလျှော့ချရန် စီစဉ်မည်ဖြစ်ရာ အမေရိကန်ဒေါ်လာတန်ဖိုးမှာ ကာလအတန်ကြာ အားပျော့နေလိမ့်မည်ဟု ကမ္ဘာကျော်ဆွစ်ဇာလန်ဘဏ်လုပ်ငန်းကြီးဖြစ်သည့် Credit Suisse က ယခုရက်ပိုင်းအတွင်း ခန့်မှန်းခဲ့ကြောင်းသိရှိရပါသည်။

          လက်ရှိအမေရိကန်ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းမှာ ၂.၅၀% ဖြစ်နေချိန်တွင် ဥရောပသမဂ္ဂဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းမှာ ၀.၀၀% ၊ အင်္ဂလန်ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းမှာ ၀.၇၅% ၊ ဩစတြေးလျ ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းမှာ ၁% ၊ ကနေဒါဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းမှာ ၁.၇၅% ၊ ဂျပန်ဗဟို ဘဏ်၏ ဘဏ်တိုးနှုန်းမှာ အနုတ် ၀.၁၀% ၊ ဆွစ်ဇာလန်ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းမှာ အနုတ် ၀.၇၅% အသီးသီးဖြစ်ပေါ်လျက်ရှိရာ စက်မှုအင်အားကြီးနိုင်ငံများတွင် အမေရိကန်ပြည်ထောင်စု၏ ဘဏ်တိုးနှုန်းမှာ အများဆုံးဖြစ်နေကြောင်း၊ ဘဏ်တိုးနှုန်းသည် နိုင်ငံခြားငွေလဲလှယ်မှုနှုန်းထား အပေါ်၌ အဓိကသက်ရောက်လျက်ရှိကြောင်း၊ အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန် ပြည်ထောင်စု၏ စီးပွားရေးပြန်လည် အားကောင်းစေရန်အတွက် ဘဏ်တိုးနှုန်းကို အခြားအင်အားကြီး နိုင်ငံများနှင့် ကွာဟမှုမရှိအောင် လျှော့ချရန်ဆန္ဒရှိပြီး ဘဏ်တိုးနှုန်းလျှော့ချမှု နောက်ဆက်တွဲဂယက်ကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး အားပျော့သွားပါက ကမ္ဘာ့နိုင်ငံများနှင့်ကုန်သွယ်ရေးကဏ္ဍတွင် အမေရိကန် ပြည်ထောင်စုအနေဖြင့် အသာစီးရရှိလိမ့်မည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။

          ထို့ပြင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းစေရန်အတွက် အစိုးရက ငွေကြေးဈေးကွက်အတွင်းသို့ ဝင်ရောက်စွက်ဖက်သည့် နည်းလမ်းမျိုးစုံကို အသုံးပြုနိုင်သည်ဖြစ်ရာ အဆိုပါနည်းလမ်းများတွင် ဗဟိုဘဏ်ရှိ အမေရိကန်ဒေါ်လာ အများအပြားအား ဈေးကွက်အတွင်းသို့ရောင်းချပေးရန် ဗဟိုဘဏ်တာဝန်ရှိသူများအား တောင်းဆိုခြင်း၊ ဘဏ်တိုးနှုန်းကို နိမ့်နိုင်သမျှအနိမ့်ဆုံးအနေအထားသို့ လျှော့ချရန် ဗဟိုဘဏ်တာဝန်ရှိသူများအပေါ် ဖိအားပေးခြင်းနှင့်လူမှုကွန်ရက်များ၊ မိန့်ခွန်းများမှတစ်ဆင့် အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းအောင် နှပ်ကြောင်းပေး ပြောဆိုခြင်းအစရှိသည့် နည်းလမ်းများကို အသုံးပြုဖွယ်ရှိကြောင်း၊ ဒေါ်နယ်ထရန့်အနေဖြင့် နောက်ဆုံးစီစဉ်ထားသည့် နည်းလမ်းမှာ ဘဏ်တိုးနှုန်းလျှော့ချရန် စိတ်အားထက်သန်သည့် ငွေကြေးမူဝါဒ ပညာရှင်နှစ်ဦးအား ဗဟိုဘဏ်ကော်မတီအတွင်း၌ တာဝန်ပေးအပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်နှစ်ဦး၏ ပံ့ပိုးမှုကိုရယူ၍ အမေရိကန်ဒေါ်လာတန်ဖိုးကို မကျကျအောင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

          သမ္မတဒေါ်နယ်ထရန့်သည် လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း Twitter စာမျက်နှာများပေါ်၌ အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံနှင့်ဥရောပသမဂ္ဂတို့အား နမူနာယူ၍ အမေရိကန် ဒေါ်လာ ငွေကြေးတန်ဖိုးအား ဖြစ်သင့်ဖြစ်ထိုက်သည့် အနေအထားအောက်သို့ တမင်နှိမ့်ချထားခြင်းနှင့် အမေရိကန်ဒေါ်လာအများအပြားအား ကမ္ဘာ့ငွေဈေးကွက်အတွင်းသို့ ဖြည့်တင်းပေးခြင်းအစရှိသည့် နည်းလမ်း များကို အသုံးပြုပြီး ကုန်သွယ်ရေးစစ်ပွဲ၌ အနိုင်ရရှိအောင်ဆောင်ရွက်မည်ဟု ကြွေးကြော်ထားသည့်အတွက် အမေရိကန်ဒေါ်လာတန်ဖိုးမှာ ကာလအတန်ကြာအထိ ကျဆင်းနေ လိမ့်မည်ဟု Credit Suisse က သုံးသပ်ထားကြောင်း  www.poundsterlinglive.com  အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။