အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲပြန်လည်စတင်မည့်ဂယက်ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၁.၈% အထိကျဆင်းသွားခဲ့

အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲပြန်လည်စတင်မည့်ဂယက်ကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၁.၈% အထိကျဆင်းသွားခဲ့

ဂျပန်နိုင်ငံ၌ကျင်းပခဲ့သည့် စက်မှုထိပ်သီးနိုင်ငံ (၂၀) အစည်းအဝေးကာလအတွင်း အမေရိကန် သမ္မတ‌ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတရှီကျင့်ပင်တို့သည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၉) ရက်နေ့တွင် တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများကို ပြန်လည်ပြုလုပ်ရန် သဘောတူညီခဲ့ကြောင်း၊ ဆွေးနွေးပွဲအပြီးတွင် အမေရိကန် သမ္မတဒေါ်နယ်ထရန့်က တရုတ်သွင်းကုန်များအပေါ် အခွန်များထပ်မံကောက်ခံရန် စီစဉ်ထားမှုကို ခေတ္တဆိုင်းငံ့ခဲ့ပြီး ဟွာဝေးကုမ္ပဏီနှင့်ပတ်သက်၍လည်း အမေရိကန်ကုမ္ပဏီများအနေဖြင့် ဟွာဝေးသို့ ပုံမှန်ရောင်းချနေသည့်ပစ္စည်းများအား ရောင်းချရန်ခွင့်ပြုပေးခဲ့ကြောင်း၊ သမ္မတနှစ်ဦး၏ တွေ့ဆုံ ဆွေးနွေးမှုအပြီးတွင် ကမ္ဘာ့စီးပွားရေးအပေါ် အကောင်းမြင်မှုများကြောင့် အမေရိကန်ဒေါ်လာတန်ဖိုး အနည်းငယ်မြင့်တက်လာကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ အဆမတန်ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁)ရက်(တနင်္လာနေ့)နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ ၁.၈% ကျဆင်း ခဲ့ပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၃၈၄.၀၆) သို့ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ ဈေးနှုန်းသည် ရက်သတ္တပတ် (၁) ပတ်အတွင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ ၀.၁% မြင့်တက်ခဲ့ကြောင်း www.bloomberg.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

ရုရှားနှင့် ဆော်ဒီအာရေဗျတို့သည် နေ့စဉ်ရေနံထုတ်လုပ်မှုလျှော့ချရေး အစီအစဉ်အား အနည်းဆုံး(၆)လ သို့မဟုတ် (၉)လခန့်အထိဆက်လက်လုပ်ဆောင်ရန် သဘောတူညီမှု ရယူခဲ့မှု

ရုရှားနှင့် ဆော်ဒီအာရေဗျတို့သည် နေ့စဉ်ရေနံထုတ်လုပ်မှုလျှော့ချရေး အစီအစဉ်အား အနည်းဆုံး(၆)လ သို့မဟုတ် (၉)လခန့်အထိဆက်လက်လုပ်ဆောင်ရန် သဘောတူညီမှု ရယူခဲ့မှု

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ဆော်ဒီအာရေဗျအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်တို့သည် ဂျပန်နိုင်ငံ၌ကျင်းပသည့် စက်မှုထိပ်သီးနိုင်ငံ (၂၀)အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပြီးနောက် သီးခြားတွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကြရာ၌ ၂၀၁၉ ခုနှစ် လက်ကျန်ကာလများတွင်လည်း နေ့စဉ်ရေနံ ထုတ်လုပ်မှုလျှော့ချရေးအစီအစဉ်အား ဆက်လက်လုပ်ဆောင်ရန် အပြန်အလှန် သဘောတူညီမှုရှိခဲ့ကြသည်ဟုသိရှိရပါသည်။

ရုရှားသမ္မတဗလာဒီမာပူတင်သည် ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နှင့် တွေ့ဆုံပြီးနောက် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ၌ လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စု၏ ရေနံထုတ်လုပ်မှု မြင့်တက်လျက်ရှိခြင်းနှင့် စီးပွားရေးအင်အားကြီးနိုင်ငံများ၏ ကုန်သွယ်ရေးတင်းမာမှု ဂယက်တို့ကြောင့် ကမ္ဘာ့စီးပွားရေးနှေးကွေးမှုများဖြစ်ပေါ်ကာ ကမ္ဘာ့ရေနံဈေးနှုန်းများ ကျဆင်းသွားမည့်အရေးကို ကာကွယ်နိုင်ရန်အတွက် ရေနံလျှော့ချထုတ်လုပ်ရေးအစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် မူလကသဘောတူညီမှုရယူခဲ့သည့် ပမာဏအတိုင်းဆက်လက်ထုတ်လုပ်သွားရန် ရုရှားနှင့် ဆော်ဒီအာရေဗျနှစ်နိုင်ငံအကြားသဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း၊

ရုရှားသမ္မတဗလာဒီမာပူတင်သည် ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နှင့်တွေ့ဆုံပြီးနောက် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ၌ လက်ရှိအချိန်တွင် အမေရိကန်ပြည်ထောင်စု၏ ရေနံထုတ်လုပ်မှုမြင့်တက်လျက်ရှိခြင်းနှင့်စီးပွားရေးအင်အားကြီးနိုင်ငံများ၏ ကုန်သွယ်ရေးတင်းမာမှုဂယက်တို့ကြောင့် ကမ္ဘာ့စီးပွားရေးနှေးကွေးမှုများဖြစ်ပေါ်ကာ ကမ္ဘာ့ရေနံဈေးနှုန်းများကျဆင်းသွားမည့်အရေးကိုကာကွယ်နိုင်ရန်အတွက် ရေနံလျှော့ချ ထုတ်လုပ်ရေးအစီအစဉ်ကိုဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် မူလကသဘောတူညီမှုရယူခဲ့သည့် ပမာဏအတိုင်း ဆက်လက် ထုတ်လုပ်သွားရန် ရုရှားနှင့် ဆော်ဒီအာရေဗျနှစ်နိုင်ငံအကြား သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း၊ လျှော့ချထုတ်လုပ်မည့်သက်တမ်းအား (၉)လအထိထားဖွယ်ရှိသော်လည်း အတိအကျဆုံးဖြတ်ရခြင်းမရှိသေးဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

အိုပက်အဖွဲ့နှင့် အဖွဲ့ဝင်မဟုတ်သောနိုင်ငံများသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ ဇွန်လ(၃၀)ရက်နေ့အထိ (၆)လသက်တမ်းဖြင့် တစ်နေ့လျှင် ရေနံစည်ပေါင်း(၁.၂)သန်း လျှော့ချထုတ် လုပ်ရန် သဘောတူညီမှုရယူခဲ့ရာ အဆိုပါ(၆)လသက်တမ်းမှာ ဇွန်လ(၃၀)ရက်နေ့တွင် ပြည့်မြောက်ကုန်ဆုံးပြီဖြစ်ကြောင်း၊ ထို့ကြောင့် အိုပက်အဖွဲ့ဝင်နိုင်ငံများနှင့် အဖွဲ့ဝင်မဟုတ်သောနိုင်ငံများသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့နှင့် (၂)ရက်နေ့တို့တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ ရေနံလျှော့ချ ထုတ်လုပ်ရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ယင်းအစည်းအဝေးသို့          တက်ရောက်ရန်အတွက် ဗီယင်နာမြို့သို့ရောက်ရှိနေသော ဆော်ဒီအာရေဗျစွမ်းအင်ဝန်ကြီး ခါလစ်အယ်လ်ဖာလစ်က ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀)ရက်(တနင်္ဂနွေနေ့)တွင် သတင်းထောက်များအား ပြောကြားရာ၌ နေ့စဉ် ရေနံလျှော့ချထုတ်လုပ်မည့်ပမာဏကို မူလကသဘောတူညီမှုရယူထားသည့် ပမာဏထက်ပို၍ လျှော့ချထုတ်လုပ်ရန် လိုအပ်မည်မဟုတ်ဘဲ တစ်နေ့လျှင် စည်ပေါင်း(၁.၂)သန်းသာ ဆက်လက်လျှော့ချ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ လျှော့ချထုတ်လုပ်မည့် သက်တမ်းမှာမူ (၉)လအထိ တိုးမြှင့် သတ်မှတ်သွားဖွယ်ရှိကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့ရေနံဝယ်လိုအားမှာအားပျော့သည့် အနေအထားတွင်ရှိနေသော်လည်းလာမည့်(၆)လမှ (၉)လတာကာလအတွင်း ကမ္ဘာ့ဈေးကွက်အတွင်း ရေနံရောင်းလိုအားနှင့် ဝယ်လိုအားအခြေအနေမှာ မျှတသည့် အနေအထားသို့ ရောက်ရှိလာနိုင်သည်ဟု ပြောကြားခဲ့ကြောင်း www.reuters.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

အိန္ဒိယနိုင်ငံအတွင်းသို့ ရွှေမှောင်ခိုတင်သွင်းမှုများပြားနေခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် ရွှေသွင်းကုန်ခွန်ကို လျှော့ချပေးရန် အိန္ဒိယရတနာလုပ်ငန်းရှင်များ ကောင်စီက အိန္ဒိယအစိုးရထံတောင်းဆိုခဲ့မှု

အိန္ဒိယနိုင်ငံအတွင်းသို့ ရွှေမှောင်ခိုတင်သွင်းမှုများပြားနေခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် ရွှေသွင်းကုန်ခွန်ကို လျှော့ချပေးရန် အိန္ဒိယရတနာလုပ်ငန်းရှင်များ ကောင်စီက အိန္ဒိယအစိုးရထံတောင်းဆိုခဲ့မှု

အိန္ဒိယနိုင်ငံအတွင်းသို့ရွှေမှောင်ခိုတင်သွင်းမှုများပြားလာခြင်းကို လျှော့ချနိုင်ရန်အတွက် ရွှေသွင်းကုန်ခွန်အားလက်ရှိသတ်မှတ်ထားသည့် ၁၀% မှ ၄% သို့ လျှော့ချပေးရန် အိန္ဒိယနိုင်ငံရတနာလုပ်ငန်းရှင်များကောင်စီ(GJC)က အိန္ဒိယအစိုးရထံယခုရက်ပိုင်းအတွင်း တောင်းဆိုခဲ့ကြောင်းသိရှိရပါသည်။

GJC က ထုတ်ပြန်သည့်အစီရင်ခံစာ၌ ရွှေသွင်းကုန်ခွန်အများအပြား ပေးဆောင်နေရမှုကို  လျှော့ချပေးမည်ဆိုပါက ရွှေထည်လက်ဝတ်ရတနာပြုလုပ်သည့် လုပ်ငန်းများ ပိုမိုအခြေအနေကောင်းမွန်လာနိုင်ပြီး အိန္ဒိယပြည်တွင်းရွှေစေျးကွက် အခြေအနေမှာလည်း တိုးတက်လာလိမ့်မည်ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရသည် ရွှေအများအပြား တင်သွင်းမှုကြောင့် ကုန်သွယ်ရေးလိုငွေပြမှုကိုထိန်းချုပ်နိုင်ရန်အတွက် ပြည်ပမှရွှေများအပေါ်၌ သွင်းကုန်ခွန် ၁၀% ကောက်ခံလျက်ရှိကြောင်း၊ သို့သော် ရွှေသွင်းကုန်ခွန်ပမာဏများပြားမှု၏ နောက်ဆက်တွဲဂယက်ကြောင့် အိန္ဒိယနိုင်ငံအတွင်းသို့ တရားမဝင် ရွှေမှောင်ခိုတင်သွင်းမှုများ မြင့်တက်လာခဲ့ကြောင်း၊ ရွှေသွင်းကုန်ခွန်ကို ၄% ထိ လျှော့ချပေးမည်ဆိုပါက ပြည်တွင်းရွှေလုပ်ငန်းကဏ္ဍ၌ တိုးတက်မှုများစွာ ဖြစ်ပေါ်လာလိမ့်မည်ဟု ဖော်ပြထားကြောင်းသိရှိရပါသည်။

လန်ဒန်အခြေစိုက် ကမ္ဘာ့ရွှေကောင်စီ၏ခန့်မှန်းချက်အရ အိန္ဒိယနိုင်ငံသို့ ရွှေမှောင်ခိုတင်သွင်းမှုမှာ ၂၀၁၆ ခုနှစ် နောက်ပိုင်းမှစ၍ တစ်နှစ်လျှင် ပျမ်းမျှ ရွှေတန်ချိန်(၁၂၀)ဝန်းကျင်ခန့်ရှိသည်ဟု သိရှိရကြောင်း၊ အိန္ဒိယအစိုးရအနေဖြင့် ရွှေသွင်းကုန်ခွန်ကို  လျှော့ချကောက်ခံမည်ဆိုပါကရရှိမည့် အခွန်ဘဏ္ဍာငွေရူးပီးငွေ ၄၅၀၀၀ ကုဋေ(အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံခန့်) ဝင်ငွေလျော့နည်းသွားဖွယ် ရှိသော်လည်း ရွှေမှောင်ခိုတင်သွင်းမှုကိုထိန်းချုပ်နိုင်သည့်အတွက် ရရှိလာမည့်အကျိုးကျေးဇူးမှာ ပိုမိုများပြားလာနိုင်ကြောင်း၊ GJC သည် ရွှေသွင်းကုန်ခွန်လျှော့ချရေးကိစ္စနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ ဇူလိုင်(၂)ရက်နှင့်(၃)ရက်နေ့တို့တွင် အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့၌ ဆွေးနွေးပွဲကျင်းပရန်စီစဉ်ထားကြောင်းသိရှိရပါသည်။

GJC ၏ ဒုတိယဥက္ကဋ္ဌရှန်ကာဆန်ကပြောကြားရာ၌ ယခုအခါ အိန္ဒိယတစ်နိုင်ငံလုံးရှိ အိမ်ထောင်စုအသီးသီးတွင် ပိုင်ဆိုင်ထားသော ရွှေထည်လက်ဝတ်ရတနာပစ္စည်းများနှင့် ရွှေချောင်းများ၏ စုစုပေါင်းအလေးချိန်ပမာဏမှာတန်ချိန်(၂၂၀၀၀)ခန့်ရှိပြီး အိန္ဒိယနိုင်ငံသည် နှစ်စဉ် ရွှေထည်လက်ဝတ်ရတနာပြုလုပ်ရန်အတွက် ပြည်ပမှရွှေတန်ချိန်(၆၀၀-၆၅၀)အကြား ကိုပုံမှန်တင်သွင်းနေရသည်ဟုပြောကြားခဲ့ကြောင်း www.siasat.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။

ကမ္ဘာ့စီးပွားရေး၌ အမေရိကန်ဒေါ်လာကို စံပြုသုံးစွဲနေခြင်းသည် ဆုံးရှုံးမှုများကို မကြာခဏ ကြုံတွေ့နေရသည့်အခြေအနေသို့ ရောက်ရှိနေသောကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် အခြား ငွေကြေးများကိုပါ ပြောင်းလဲသုံးစွဲကြရန် ရုရှားထောက်လှမ်းရေးအကြီးအကဲက ပြောကြားခဲ့မှု

ကမ္ဘာ့စီးပွားရေး၌ အမေရိကန်ဒေါ်လာကို စံပြုသုံးစွဲနေခြင်းသည် ဆုံးရှုံးမှုများကို မကြာခဏ ကြုံတွေ့နေရသည့်အခြေအနေသို့ ရောက်ရှိနေသောကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် အခြား ငွေကြေးများကိုပါ ပြောင်းလဲသုံးစွဲကြရန် ရုရှားထောက်လှမ်းရေးအကြီးအကဲက ပြောကြားခဲ့မှု

လက်ရှိအချိန်၌ ကမ္ဘာ့စီးပွားရေးလောကတွင် အမေရိကန်ဒေါ်လာကို စံပြုသုံးစွဲနေသည့် စနစ်မှာသုံးစွဲသူများအတွက် ဆုံးရှုံးမှုများကို မကြာခဏကြုံတွေ့ရသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် အမေရိကန်ဒေါ်လာအစား အခြားပြောင်းလဲသုံးစွဲနိုင်မည့်ငွေကြေး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာပစ္စည်းတစ်ခုခုကို ရှာဖွေကြရန် ရုရှားနိုင်ငံ၊ ပြည်ပထောက်လှမ်းရေးဌာနညွှန်ကြားရေးမှူး ဆာဂျီနာရှ်ခင်က ယခုရက်ပိုင်းအတွင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဆာဂျီနာရှ်ခင်သည်  ရုရှားနိုင်ငံ၊ ယူဖာမြို့တွင်ကျင်းပသည့် နိုင်ငံတကာလုံခြုံရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၏ အစည်းအဝေးပွဲတွင် ပြောကြားရာ၌ အမေရိကန်ဒေါ်လာသည် ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကို ထိန်းချုပ်ထားသောကြောင့် အမေရိကန်အစိုးရသည် ငွေကြေးနှင့်ပတ်သက်သည့် အရေးယူပိတ်ဆို့မှုများအား နိုင်ငံရေးလက်နက်တစ်ခုအသွင်အဖြစ် အသုံးချလျက်ရှိကြောင်း၊ နိုင်ငံတကာ စီးပွားဆက်သွယ်ရေး၌ အမေရိကန်ဒေါ်လာ၏ လက်ဝါးကြီးအုပ်ထားမှုမှာ တဖြည်းဖြည်းနှင့် အာဏာရှင်ပုံသဏ္ဍာန်ဖြစ်လာပြီး သုံးစွဲသူများအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်ပေါ်လျက်ရှိသည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

လက်ရှိအချိန်တွင် ရုရှား၊ တရုတ်နှင့် အိန္ဒိယအပါအဝင် ကမ္ဘာ့နိုင်ငံအချို့သည် နိုင်ငံခြားအရန် ငွေကြေးများအနက်မှ အမေရိကန်ဒေါ်လာကို လျှော့ချ၍ ရွှေအပါအဝင် အခြားသောငွေကြေးများကို ပြောင်းလဲစုဆောင်းလျက်ရှိကြောင်း၊ ရုရှားနိုင်ငံသည် အမေရိကန်ဒေါ်လာသုံးစွဲမှုကင်းမဲ့သော စီးပွားရေးကဏ္ဍကို တည်ထောင်နိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိပြီး ကနဦးခြေလှမ်းများအနေဖြင့် ပို့ကုန်ကဏ္ဍတွင် အမေရိကန်ဒေါ်လာကို သာမက အခြားနိုင်ငံသုံးငေွကြေးများကိုပါ လက်ခံခြင်း၊ တရုတ်၊ အိန္ဒိယ၊ အီရန် အပါအဝင် ကမ္ဘာ့နိုင်ငံအချို့တို့နှင့် ငွေကြေးဖလှယ်သုံးစွဲမှုဆိုင်ရာသဘောတူညီချက်များကို လက်မှတ် ရေးထိုးခဲ့ခြင်း၊ ရုရှားနိုင်ငံအတွက် အဓိကဝင်ငွေဖန်တီးပေးနေသည့် ဥရောပသမဂ္ဂသို့ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချသည့်လုပ်ငန်းတွင် အမေရိကန်ဒေါ်လာအစား ယူရိုငွေကို အစားထိုးသုံးစွဲရန် စီစဉ်နေခြင်း တို့ကိုလုပ်ဆောင်လျက်ရှိကြောင်း www.rt.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။

စက်မှုထိပ်သီးနိုင်ငံ(၂၀)အစည်းအဝေးနှင့် အိုပက်အဖွဲ့အစည်းအဝေး ဂယက်များကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများမှာအနည်းငယ်ကျဆင်းသွားခဲ့မှု

စက်မှုထိပ်သီးနိုင်ငံ(၂၀)အစည်းအဝေးနှင့် အိုပက်အဖွဲ့အစည်းအဝေး ဂယက်များကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးနှုန်းများမှာအနည်းငယ်ကျဆင်းသွားခဲ့မှု

၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၈)ရက်နှင့် (၂၉)ရက်နေ့တို့၌ ဂျပန်နိုင်ငံအိုဆာကာမြို့တွင် ကျင်းပနေသည့် စက်မှုထိပ်သီးနိုင်ငံ(၂၀)မှ ခေါင်းဆောင်များအစည်းအဝေးနှင့် ဇူလိုင်လ (၁)ရက်နေ့နှင့် (၂)ရက်နေ့တို့တွင် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ ကျင်းပမည့်အိုပက်အဖွဲ့ အစည်းအဝေးတို့၏ အခြေအနေများကိုရင်းနှီးမြှုပ်နှံသူများက စောင့်ကြည့်လျက်ရှိသောကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း၌ ရေနံအရောင်းအဝယ်နည်းပါးကာ ရေနံဈေးနှုန်းများ အနည်းငယ် ကျဆင်းသွားခဲ့ကြောင်းသိရှိရပါသည်။

ဂျပန်နိုင်ငံ၌ ကျင်းပနေသည့် စက်မှုထိပ်သီးနိုင်ငံ(၂၀) အစည်းအဝေးကာလအတွင်း အမေရိကန် သမ္မတဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတရှီကျင့်ပင်တို့ သီးခြားတွေ့ဆုံရန် အစီအစဉ်ရှိ/မရှိကို ကမ္ဘာတစ်ဝန်းရှိစီးပွားရေးလုပ်ငန်းရှင်များက စောင့်မျှော်လျက်ရှိပြီး သမ္မတ(၂)ဦးသီးခြားတွေ့ဆုံမည့် အစီအစဉ်မှာ ၂၀၁၉ ခုနှစ်၊ ဇွန်လ(၂၉)ရက် နေ့လည်ပိုင်းတွင် ဖြစ်လိမ့်မည်ဟူသောခန့်မှန်းချက်များ ပေါ်ပေါက်လျက်ရှိကြောင်း၊ အဆိုပါသမ္မတ(၂)ဦး တွေ့ဆုံပွဲမှ ရလဒ်ကောင်းများပေါ်ထွက်ခဲ့မည်ဆိုပါက ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေး လောကအတွင်း အမေရိကန်ဒေါ်လာ(၁.၂)ထရီလီယံခန့် ဆုံးရှုံးမည့်အရေးကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု ဘလွန်းဘတ်သတင်းဌာနက ဖော်ပြခဲ့ကြောင်းသိရှိရပါသည်။

အလားတူအိုပက်အဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားနိုင်ငံအပါအဝင် အိုပက်အဖွဲ့ဝင် မဟုတ်သော ရေနံထုတ်လုပ်သည့်နိုင်ငံများသည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့နှင့် (၂)ရက်နေ့တို့တွင် ဗီယင်နာမြို့၌ တွေ့ဆုံ၍ ရေနံထုတ်လုပ်မှုလျှော့ချရေး အစီအစဉ်ကို ဆက်လက်ပြုလုပ်ခြင်း ရှိ/မရှိအား ဆုံးဖြတ်ကြလိမ့်မည်ဖြစ်ကြောင်း၊ အိုပက်အဖွဲ့နှင့်ရုရှားအပါအဝင် ရေနံထုတ်လုပ်သည့် အခြားနိုင်ငံများသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှစတင်၍ နေ့စဉ်ရေနံထုတ်လုပ်မှု ပမာဏအနက်မှ စည်ပေါင်း(၁.၂)သန်းကို လျှော့ချထုတ်လုပ်လျက်ရှိပြီး ၂၀၁၉ ခုနှစ် လက်ကျန်ကာလများအတွင်း၌ ယင်းအနေအထားအတိုင်း ဆက်လက်လျှော့ချသွားရန် သို့မဟုတ်လျှော့ချသည့် အစီအစဉ်ကိုရပ်ဆိုင်းရန်ကိစ္စကို ယခုပြုလုပ်မည့် အစည်းအဝေးတွင် ဆုံးဖြတ်ကြလိမ့်မည်ဖြစ်ကြောင်း၊ ရုရှားသမ္မတပူတင်သည် ဇွန်လ(၂၇)ရက်နေ့တွင် သတင်းထောက်များနှင့် တွေ့ဆုံရာ၌ ရေနံထုတ်လုပ်မှုလျှော့ချရေး အစီအစဉ်သည် ရေနံဈေးကွက်တည်ငြိမ်မှုကို အထောက်အကူပြုစေသော်လည်း ယင်းအစီအစဉ် ဆက်လက်လုပ်ဆောင်ခြင်းရှိ/မရှိကို စက်မှုထိပ်သီးနိုင်ငံ(၂၀)အစည်းအဝေးမှ ထွက်ပေါ်လာသောအခြေအနေများအပေါ်မူတည်၍ ဆုံးဖြတ်သွားမည်ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

၂၀၁၉ခုနှစ်၊ ဇွန်လ(၂၈)ရက်(သောကြာနေ့)နံနက်ပိုင်းတွင် နယူးယောက်ဈေးကွက်၌ WTI ရေနံစိမ်းကြိုတင်ရောင်းဝယ်မှု ဈေးနှုန်းမှာ၀.၇%ကျဆင်းပြီး တစ်စည်လှှျင် အမေရိကန်ဒေါ်လာ (၅၉.၀၃)သို့ ရောက်ရှိခဲ့ကြောင်း၊ လန်ဒန်ဈေးကွက်၌ ဘရန့်ရေနံဈေးနှုန်းမှာ ၀.၆% ကျဆင်းပြီး တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၆၆.၁၆)သို့ ရောက်ရှိခဲ့ကြောင်း www.reuters.com အင်တာနက် website တွင်ဖော်ပြပါရှိပါသည်။