အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့မှ ကုန်သွယ်ရေးကိုယ်စားလှယ်များ စက်တင်ဘာလအတွင်း တွေ့ဆုံညှိနှိုင်းရန် စီစဉ်နေသည့်သတင်းကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ပြီး ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းသွားခဲ့

          အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့မှ စီးပွားရေးနှင့်ကုန်သွယ်ရေး ညှိနှိုင်းမှုအဖွဲ့များသည် နှစ်နိုင်ငံအကြားဖြစ်ပေါ်နေသော ကုန်သွယ်ရေးပြဿနာများကို စေ့စပ်ဆွေးနွေးနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စု၌ တွေ့ဆုံရန်စီစဉ်ထားသည်ဟု တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ(၂၉) ရက် (ကြာသပတေးနေ့) တွင် ထုတ်ပြန်ကြေညာခဲ့ရာ ယင်းကြေညာချက် ထွက်ပေါ်ပြီးနောက်တွင် ကုန်သွယ်ရေးစစ်ပွဲ ပြင်းထန်လာမည့်အပေါ် ကမ္ဘာတစ်ဝန်းရှိ ရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်ပူပန်မှုများ လျော့ကျသွားသောကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ကာ ကမ္ဘာ့ရွှေဈေးနှုန်းမှာ ကျဆင်းသွားခဲ့ကြောင်း သိရှိရပါသည်။

          ထို့ပြင် အမေရိကန်ပြည်ထောင်စု၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ (၃၀) ရက် (သောကြာနေ့) တွင်ထုတ်ပြန်သည့် စီးပွားရေးစစ်တမ်းအစီရင်ခံစာ၌ အမေရိကန်ပြည်ထောင်စုတစ်ဝန်းရှိ ပြည်သူများ၏ မော်တော်ယာဉ်များ၊ ဇိမ်ခံပစ္စည်းများနှင့် အထွေထွေကုန်စည်များဝယ်ယူသုံးစွဲမှု ပမာဏမှာ တစ်လတာကာလအတွင်း ၀.၆% မြင့်တက်ပြီး စုစုပေါင်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ( ၉၃.၁ ) ဘီလီယံခန့်ရှိသည်ဟု ဖော်ပြထားသည့်အတွက် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးအခြေအနေအပေါ် ရင်းနှီးမြှုပ်နှံသူများက ပြန်လည်ယုံကြည်မှုများ ဖြစ်ပေါ်လာခြင်းသည်လည်း အမေရိကန်ဒေါ်လာတန်ဖိုးကို မြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက် (စနေနေ့) နံနက်ပိုင်းတွင် အမေရိကန်ဒေါ်လာတန်ဖိုးမှာ အခြားနိုင်ငံတကာသုံးငွေကြေးများနှင့် နှိုင်းယှဉ်ရာ၌ ၀.၄% မြင့်တက်ပြီး အညွှန်းကိန်းအမှတ် (၉၈.၉၀၅၇) သို့ ရောက်ရှိခဲ့ကြောင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းမှာမူ ၀.၄၉% ကျဆင်းပြီး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၂၀.၃၈) သို့ ရောက်ရှိခဲ့ကြောင်း ဖော်ပြပါရှိပါသည်။