အမေရိကန် _ တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲမစတင်မီ ကမ္ဘာ့ရွှေဈေးနှုန်း အနည်းငယ်မြင့်တက်လာခဲ့

          အမေရိကန်-တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲကို ဝါရှင်တန်မြို့၌ ၂၀၁၉ခုနှစ် ၊ အောက်တိုဘာလ (၁၀) ရက်နှင့် (၁၁) ရက်နေ့များတွင် ပြန်လည်ကျင်းပရန် စီစဉ်ထားကြောင်း၊ အမေရိကန်သမ္မတဒေါ်နယ်လ်ထရန့်သည် ယခုကျင်းပမည့်ဆွေးနွေးပွဲတွင် အပြုသဘောဆောင်သည့် သဘောတူညီမှုများရရှိရန် မျှော်မှန်းထားသော်လည်း တရုတ်အာဏာပိုင်များကမူ အမေရိကန်အစိုးရ၏ တောင်းဆိုမှုများကို ထပ်မံလိုက်လျောမည့် အနေအထားမရှိတော့ကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှပ်နှံသူအများစုသည် ယင်းဆွေးနွေးပွဲမှ ရလဒ်ကောင်းများ ထွက်ပေါ်လာလိမ့်မည်မဟုတ်ဟု မျှော်မှန်းထားကြသောကြောင့် ကမ္ဘာ့ရွှေဈေးနှုန်းမှာ အနည်းငယ် မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

          ထို့ပြင် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်း ဂျိုဘီဒင်၊ ယူကရိန်းသမ္မတတို့ကိစ္စနှင့်ပတ်သက်၍ သမ္မတဒေါ်နယ်လ်ထရန့်အပေါ် အောက်လွှတ်တော်အမတ်များက စုံစမ်းစစ်ဆေးအရေးယူမည့်ကိစ္စတွင်  ခိုင်လုံသောသတင်းပေးသက်သေ (၁) ဦး ထပ်မံပေါ်ပေါက်လာသောကြောင့် သမ္မတအနေဖြင့် အကျပ်အတည်းများကြုံတွေ့ကာ အမေရိကန်ပြည်ထောင်စု၏ နိုင်ငံရေးအခြေအနေ ဆိုးရွားလာဖွယ်ရှိခြင်းသည်လည်း အမေရိကန်ဒေါ်လာတန်ဖိုးကို ကျဆင်းစေကာ ကမ္ဘာ့ရွှေဈေးနှုန်းကို မြင့်တက်စေသည့် အခြားအချက်တစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

          ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်(တနင်္လာနေ့) နံနက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးနှုန်းသည် ၀.၁%  မြင့်တက်ကာတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၅၀၅.၈၆) ဝန်းကျင်၌ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အမေရိကန်ဒေါ်လာတန်ဖိုးမှာမူ ၀.၀၁% ကျဆင်းခဲ့ပြီးအညွှန်းကိန်းအမှတ် (၉၈.၈၃) ဝန်းကျင်တွင် ဖြစ်ပေါ်လျက်ရှိကြောင်းwww.cnbc.com အင်တာနက် website တွင် ဖော်ပြပါရှိပါသည်။